ခေါင်းစဉ်မဲ့ ကဗျာ

in #esteem6 years ago

တစ်ခါတစ်ခါစဉ်းစားမိတယ်။
တစ်နိုင်ငံလုံး တရားဝင် ပေါက်ဖော်တို့အားကိုကိုး
ထိုးအပ်လိုက်ရင် ဘယ့်နှယ့်နေမလဲလို့။

သစ္စာဖောက်လို့ပဲခေါ်ခေါ်
မျိုးချစ်စိတ်မဲ့သူလို့ပဲ ကင်ပွန်းတပ်တပ်
သမိုင်းတရားခံလို့ပဲ စွပ်စွဲပါစေ။

သေချာတာကတော့ ပြည်တွင်းစစ်တွေ
အချိန်တိုအတွင်း ငြိမ်းသွားမယ်
ဒေသကြီးတစ်ခုလုံးလည်း အရှိန်အဟုန်နဲ့
ဝုန်းကနဲ့ တိုးတက်လာမယ်ထင်ရဲ့။

အဲ မူရင်းလုပ်သား ပြည်သူအများကတော့
မြို့ကြီးသားမွန် ပြည်တွင်းကျွန်တွေ ဖြစ်သွားမှာပေါ့လေ။

ခုဟာကကျတော့
တရားဝင်မဟုတ်ပဲ သက်သက် လူလည်ကျ
တစ်ရစ်ရစ် အမြတ်ထုတ်တာ ခံနေရ
အရပ်ရပ်က ဝိုင်းလူပါးဝ ကြိုက်သလိုအသုံးချနေကြ။

အထဲရှိနေတဲ့ သူချင်းကလည်း
အဝေမတည့်၊ မာနချင်းပြိုင်၊
စားမာန်တွေခုတ်၊ ဇာတ်ရှုတ်တွေချည်းရွေးက
အချိန်နဲ့အမျှ တကျက်ကျက်နဲ့
ခွပ်ပြီးရင်းခွပ်လို့ အားမရ။

ကြားထဲက မျိုးဆက်သစ်တွေရဲ့
အနာဂတ်ဘဝတွေသာ အခါခါ ပျောက်နေရတယ်။

ကိုယ်တွေလက်ထက် ဘာမှ ထူးမလာတာ
ထူးပြီးမခံသာ မဖြစ်တော့ပေမယ့်
ဖရိုဖရဲ ကျဲချင်တိုင်းကျဲ ဖွချင်တိုင်း ဖွထားခဲ့တဲ့ အမှိုက်ပုံကြီး
လက်ဆင့်ကမ်းခံယူရမယ့် ကလေးလူငယ်တွေအတွက်တော့
တွေးတွေးပြီး ရင်ထဲမှာ တမြေ့မြေ့နာတယ်။

မစွမ်းနိုင်သူတွေခေတ် လူလာဖြစ်ရတဲ့ဘဝ
ကိုယ်တိုင်ပါ အပြစ်ရှိနေသူလို ခံစားရတယ်။

မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့တဲ့
ကိုယ့်စွမ်းသလောက် လုပ်သူလုပ်နေကြပါရဲ့။

ပလိုင်းပေါက်နဲ့ ဖားကောက်နေကြသလို
ဘယ်လိုမှ ပြည့်လာစရာမရှိတာ သိသိကြီးနဲ့
ဒီခရီးဟာ ပန်းတိုင်မဲ့နေတယ် ခံစား
တွေးမိတိုင်း အားအင်တွေ ချိနဲ့နေရတယ်။

ရိုင်းခဲ့တဲ့ ဒီသမိုင်းစာမျက်နှာရဲ့ တရားခံစာရင်းထဲ
ကိုယ်တွေအမည်လည်း မထင်မရှား ရှိနေခဲ့မှာပါပဲ။

ကလေးတို့ရေ
နားလည် ခွင့်လွှတ်ပေးပါလို့တောင်
မျက်နှာပြောင်နဲ့ မတောင်းဆိုရဲတော့ဘူး။

ကြမ္မာငင်နေတဲ့ တို့နိုင်ငံ
အကုန်သာမြေလှန်ပစ်လိုက်ပြီး
ကကြီးက ပြန်စလို့ရရင် ကောင်းမှာပဲလို့တောင်
ရူးကြောင်ကြောင်တွေးမိတယ်။

ခုတော့ လောဘသရဲများ ဒေါသငရဲသား
မောဟနဲ့အမြဲ နှစ်ပါးသွားကြရင်း။

လွတ်လမ်းမမြင်တဲ့ မုန်တိုင်းထန်ပင်လယ်ထဲ
ခနော်ခနဲ့ မတော်မတည့် ရွက်လွှင့်ရင်း
အသက်ငင်နေရတဲ့ ဝမ်းပေါက် လှေတစ်စီးပေါ်မှာ
ရတနာသိုက်ရှာခရီး သွားကောင်းတုန်း။

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70557.88
ETH 3560.83
USDT 1.00
SBD 4.75