ဗြဟ္မစိုရ်ရင်ပြင်steemCreated with Sketch.

in #mso6 years ago

ဗြဟ္မစိုရ်ရင်ပြင်

20180517_143840.jpg
တောင်ထိပ်ပေါ်က ဘုရားရင်ပြင်တော်မှကြည့်လိုက်ရာ မြင်ကွင်းသည်အဆုံးမရှိ၊အပိတ်မရှိ။တဖြူးးဖြူးတိုက်ခတ်လာသောလေပြည်ကလည်း ရှူ ရှိုက်လို့ပင်မဝ၊အရသာရှိလိုက်ပါ၏။ရင်ပြင်မှမြင်ကွင်းသည် ကြည့်၍မဝနိုင်အောင်ရှိပါ၏။တောင်ပေါ်ကိုမတက်ခဲ့ခင်က မိမိအပေါ်မှာ စီးခဲ့သော မိုးခဲ့သော ထီးခဲ့သော မားခဲ့သော အဆောက်အဦ နှင့် သစ်ပင်ဝါးပင်တို့သည် ယခုအခါ၌ မိမိ၏စီးခြင်း မိုးခြင်း ထီးခြင်း မားခြင်းအောက် ရောက်ရှိနေလေပြီ။အပေါ်စီးမှ မြင်ရသော
မြင်ကွင်းကျယ်သည် အလှပင်လယ်အဖြစ် အသွင်ဆောင်သွားကြပါ၏။ဤတောင်သည် မြင့်၏၊မား၏။
စောက်၏။ဤတောင်ထိပ်ကိုရောက်ဖို့ မုခ်သုံးဆင့် စောင်းတန်းသုံးဆင့်ကိုဖြတ်ကျော်၍ တက်ခဲ့ရ၏။
တောင်ပေါ်ကိုတက်ကြမည်ဟု သူငယ်ချင်းတစ်စု
အားခဲလာကြရာ တောင်ခြေအရောက်၌ပင် တောင်၏မြင့်မားမတ်စောက်မှုကိုကြည့်၍ ပထမမုခ်နှင့်စောင်းတန်းမျှပင်မတက်ပဲ သူငယ်ချင်းအချို့ပြန်လှည့်သွားကြ၏။ သူငယ်ချင်းအချို့ က ပထမမုခ်နှင့်စောင်းတန်းအဆုံးထိတက်ပြီးမှ ပြန်လှည့်သွားကြ၏။ဒုတိယမုခ်နှင့်စောင်းတန်းကိုမတက်တော့ပေ။အချို့ကတုတိယမုခ်နှင့်ဆောင်းတန်းဆုံးအောင်တက်ပြီး တတိယမုခ်နှင့်စောင်းတန်းရောက်မှ ဆက်မတက်တော့ပဲပြန်လှည့်သွားကြ၏။တတိယမုခ်နှင့်စောင်းတန်းအဆုံးဆိုလျှင်ဘုရားရင်ပြင်သို့ရောက်ပြီဖြစ်ပါ၏။ယခု ရင်ပြင်တော်ပေါ်၌ မိမိတစ်ယောက်တည်းသာ။ ရင်ပြင်တော်သို့ရောက်ဖို့ရန် စောင်းတန်းအလယ်က လက်ရန်းတန်းကိုအားပြုတက်ခဲ့ရပါ၏။ လက်ရန်း ကို ကိုင်မထားပါက အချိန်မရွေး လဲကျနိုင် လန်ကျနိုင်ပါ၏။တောင်တက်ခရီးမှာလက်ရန်းတန်းကိုကိုင်ဖို့လိုပါ၏။လေပြည်သည် အရပ်ရှစ်မျက်နှာက ပန်းရနံ့အားလုံးကိုဆောင်ယူလာပါ၏။တိမ်မိမယ်တို့သည် ယိမ်းအက အကွက်ဆန်းအမျိုးမျိုးဖြင့် က ပြနေပါ၏။ငှက်ပေါင်းစုံတို့သည်
ရံခါ တေးဆိုလိုက် ရံခါ ကကွက်ခင်းလိုက်နှင့် တိမ်မိမယ်နှင့်အလှပြိုင်နေပါ၏။ မြစ်ဧရာပြင်၌ လှိုင်းကြက်ခွပ်တို့မြူးးနေကြပါ၏။ကိုတံငါသည် ဧရာ၏ရင်ခွင်၌
တငြိမ့်ငြိမ့်မျောပါရင်း အိမ်အပြန်လမ်းသီချင်းကိုသီနေပါ၏။နိမ့်တစ်ခါ မြင့်တစ်ခါဖြင့် ရှည်လျားစွာဖြစ်တည်နေသော တောင်တန်းသည် ရှိုက်ဖိုကြီးငယ်နှင့်စွဲမက်ဖွယ် မိန်းမလှတစ်ဦးလဲလျောင်းနေသလိုရှိပါ၏။ဒီမြင်ကွင်း ဒီအလှများကို ကျန်ရစ်လေသောသူငယ်ချင်းတို့အားပြောပြရပါဦးမည်။သူတို့သည် ယုံကြည်လက်ခံကြမည်လားတော့မသိပါ။


လူသားတိုင်း၏ရင်တွင်း၌ မိမိကိုယ်တိုင်တက်ကြရမည့်
နှလုံးသားတောင်ဟူသည်ရှိပါ၏။ထိုတောင်ထိပ်၌
ဗြဟ္မစိုရ်ရင်ပြင်လည်းရှိပါ၏။ဗြဟ္မစိုရ်ရင်ပြင်သို့ရောက်
ရန် လမ်းသုံးသွယ်ရှိရာ တစ်သွယ်တစ်သွယ်စီ၌
သုံးဆင့်စီရှိပါသည်။ထိုလမ်းသုံးသွယ်ကို ဗြဟ္မစိုရ်စောင်းတန်းဟုခေါ်ကြပါစို့။ဗြဟ္မစိုရ်စောင်းတန်းသည်
၁။မေတ္တာစောင်းတန်း
၂။ကရုဏာစောင်းတန်း
၃။မုဒိတာစောင်းတန်း ဟု စောင်းတန်သုံးခုကွဲသွားပါသည်။မိမိကြိုက်ရာ စောင်းတန်းမှတက်ပါ။စောင်းတန်းဆုံးလျှင် ဗြဟ္မစိုရ်ရင်ပြင်သို့ရောက်မည်ဖြစ်ပါ၏။


မေတ္တာစောင်းတန်း၌ အဆင့်သုံးဆင့်ရှိပါသည်။
၁။အာဒိမေတ္တာ=မေတ္တာဦး (ပထမဆင့်စောင်းတန်း)
ဘာသာ လူမျိုး အသားအရောင် အနီးအဝေးစသည်မခွဲခြားပဲ သတ္တဝါအားလုံးအပေါ်ကောင်းကျိုးလိုလားစိတ် စတင်ထားခြင်းသည် မေတ္တာဦးခေါ် မေတ္တာစောင်းတန်း၏ ပထမအဆင့်ကိုတက်ရောက်ခြင်းဖြစ်ပါသည်။
၂။မဇ္စျေ မေတ္တာ=အလယ်မေတ္တာ(ဒုတိယစောင်းတန်း)
အစပျိုးထားခဲ့သော မေတ္တာဦးကိုရှင်သန်အသက်ဝင်လာစေဖို့ ကိုယ်အားဥာဏ်အားစိုက်ထုတ်လာခြင်းသည် မေတ္တာစောင်းတန်းဒုတိယအဆင့်ကိုတက်ရောက်နေခြင်းဖြစ်ပါ၏။ဤအဆင့်သည် ပထမအဆင့်ထက် ခက်ခဲ၏။ပင်ပန်း၏။တောင့်ခံနိုင်သူရှား၏။စိတ်ပျက်စရာများစွာကိုကြုံတွေ့ရမည်ဖြစ်၏။
၃။ပရိယောသာနမေတ္တာ=အဆုံးမေတ္တာ(တတိယ
စောင်းတန်း)
ဒုတိယအဆင့်ကြုံတွေ့ရသောငြီးငွေ့စရာ စိတ်ပျက်စရာများကိုသည်းခံကျော်လွှား၍
မေတ္တာလုပ်ငန်းကို ရည်မှန်းထားသည့်အတိုင်းအောင်မြင်သည်အထိ ကြိုးစားနိုင်ခဲ့ခြင်းသည် တတိယဆင့်မေတ္တာစောင်းတန်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ပါ၏။
ထိုသူသည် မေတ္တာစောင်းတန်းသုံးဆင့်ကိုအောင်မြင်စွာ တက်ရောက်နိုင်ခ့ပြီမို့ ဗြဟ္မစိုရ်ရင်ပြင်သို့ရောက်ရှိပါလေပြီ။
နှလုံးသားတောင်၏ ဤမေတ္တာစောင်းတန်းကို တက်ဖူးပါပြီလား။စောင်းတန်းဘယ်နှဆင့်ကျော်ဖြတ်နိုင်ပါသနည်း။တက်ဖို့ရန်ဆန္ဒပင်မရှိ။တောင်ခြေမှာ ထာဝရနေသွားမည်ဟု ခံယူထားပါသလား။မိမိကိုယ်တိုင်မေး၍ မိမိကိုယ်တိုင်ဖြေရပေမည်။


ကရုဏာစောင်းတန်းမှာလည်းသုံးဆင့်ရှိ၏။
၁။အာဒိကရုဏာ=ကရုဏာဦး:(ပထမဆင့်)
ဆင်းရဲဒုက္ခရောက်နေသော အဆင်
မပြေဖြစ်နေသော ပတ်ဝန်းကျင်အသိုက်အဝန်းကို
ထိုဆင်းရဲမှု အဆင်မပြေမှုမှ လွတ်စေအောင်လုပ်မည်ဟုစိတ်ဆုဖြတ်ခြင်းသည် ကရုဏာပထမစောင်းတန်းကို တက်ရောက်နိုင်သူဖြစ်ပါသည်။
၂။မဇ္စျေ ကရုဏာ=အလယ်ကရုဏာ(ဒုတိယဆင့်)
ပထမအဆင့်က အစပျိုးခဲ့သော အဆင်မပြေမှုများဖယ်ရှားရေးကို စိတ်ကူးသာမဟုတ်တော့ပဲကိုယ်အား ဉာဏ်အားစိုက်ထုတ်လုပ်ကိုင်ခြင်းသည် ကရုဏာဒုတိယစောင်းတန်းကို တက်ရောက်နိုင်သူဖြစ်ပါသည်။အခက်ခဲများ ငြီးငွေ့ဖွယ်ရာများ စိတ်ပျက်စရာများ ပင်ပန်းမှုများ ပထမအဆင့်ထက်များပြားရှုပ်ထွေးလာပြီဖြစ်ပါ၏။
၃။ပရိယောသာနကရုဏာ=အဆုံးကရုဏာ(တတိယ)
သူတစ်ပါးတို့၏အဆင်မပြေမှုကို
ဖယ်ရှားပေးခြင်း၌ ရည်မှန်းချက်အဆုံးထိရောက်အောင်အားထုတ်ခြင်းသည် ကရုဏာစောင်းတန်းတတိယအဆင့်တက်ရောက်နိုင်သူဖြစ်ပါ၏။စိတ်ပျက်စရာကြောင့်နောက်မဆုတ်ခဲ့။ပင်ပန်းမှုကြောင့် မပျက်ကွက်ပဲ အဆုံထိကူညီပေးခြင်းဖြစ်၏။
စကားစပ်၍ ကရုဏာစောင်းတန်းအဆုံးထိတက်ရောက်ခဲ့သူ မျောက်တစ်ကောင်အကြောင်းကိုပြောပြလိုပါ၏။
တစ်ခါက မုဆိုးတစ်ယောက်ဟာ တောနက်ထဲမျက်စိလည်လမ်းမှားရုံမက ချောက်နက်တစ်ခုသို့ပါပြုတ်ကြခဲ့၏။ အားကိုးရာမဲ့ အော်ဟစ်ငိုကြွေးစဉ်မျောက်တစ်ကောင် ရောက်လာပြီး အားမငယ်ဖို့ ချောက်ထဲမှထမ်းထုတ်ပြီး ရွာပြန်လမ်းထိပို့မည့်အကြောင်းအားပေးစကားပြောကြား၏။မျောက်သည် ကရုဏာပထမစောင်းတန်းကို တက်ပြီးသွားလေပြီ။
ထို့နောက် မုဆိုးကို ကုန်းပိုး၍ ချောက်ကိုတက်၏။လေးလံလှသောမုဆိုးကို ထမ်းတက်ခဲ့ရ၍ ချောက်အပေါ်ရောက်သော် ပင်ပန်းလွန်အားပြတ်ကာ မုဆိုး
ပေါင်ပေါ်၌အိပ်ပျော်သွား၏။ကရုဏာဒုတိယစောင်းတန်းကို မျောက်မင်းတက်ပြီးဖြစ်၏။မုဆိုးကား
ယုတ်မာလေပြီ။အိပ်ပျော်နေသော မျောက်မင်းကို ရိက္ခာအတွက် ကျောက်ခဲနှင့်ထု၏။ ကံကောင်းစွာ
မျောက်ကားမသေ။မျောက်သည်သစ်ပင်ထက်သို့ပြေးတက်သွား၏။သို့သော် ထွက်ပြေးမသွား။သူ့စကား
အတိုင်း ရွာပြန်လမ်းရောက်သည်အထိ သစ်ပင်တစ်ပင်မှတစ်ပင်ကူး သွေးစက်ချ လမ်းပြရှာ၏။ကရုဏာတတိယစောင်းတန်းကို မရ ရအောင် တက်ပြသွားခြင်းဖြစ်၏။မုဆိုးကား ရွာမရောက်မီမြေမျို ခံရ၏။ဗြဟ္မစိုရ်ရင်ပြင်သို့ ကရုဏာစောင်းတန်းမှတက်ပြသွားသောမျောက်မင်းဖြစ်ပါ၏။


မုဒိတာစောင်းတန်းလည်းသုံးဆင့်ရှိ၏။
၁။အာဒိမုဒိတာ=မုဒိတာဦး(ပထမဆင့်)
တစ်ပါးသူ၏အောင်မြင်မှု အဆင်ပြေမှု
သာလွန်မှုတို့ကို ထောက်ခံဝန်းရံ စောင့်ရှောက်ပေးမည်ဟု စိတ်ထားခြင်းသည် မုဒိတာပထမစောင်းတန်းတက်ပြီးခြင်းဖြစ်ပါ၏။
၂။မဇ္စျေ မုဒိတာ=အလယ်မုဒိတာ(ဒုတိယဆင့်)
စိတ်ကူးရုံဖြင့်ရပ်မထား။သူတို့အဆင်ပြေမှုအောင်မြင်မှုတွေကို ရေရှည်တည်တဲ့ခိုင်မြဲအောင် ကိုယ်အားဉာဏ်အားစိုက်၍ ပြု လုပ်ပေးခြင်းသည်
မုဒိတာ ဒုတိယစောင်းတန်းကိုတက်ပြီးဖြစ်ပါ၏။
၃။ပရိယောသာနမုဒိတာ=အဆုံးမုဒိတာ(တတိယဆင့်
ကြုံတွေ့ရသော အကျပ်တည်းများ အခက်ခဲများ အားပျက်ဖွယ်ရာများကိုည်ခံ၍ အဆုံးရောက်သည်အထိ အနစ်နာခံပေးဆပ်လိုက်မှုသည်
မုဒိတာတတိယစောင်းတန်းကိုတက်ပြီး၍ ဗြဟ္မစိုရ်ရင်ပြင်သို့ ရောက်သူဖြစ်ပါသည်။


မေတ္တာ ကရုဏာ မုဒိတာ ဘယ်စောင်းတန်းမှတက်တက် တက်ရောက်သူတို့ လဲမကျ လန်မကျ ပြုတ်မကျဖို့ ကိုင်ထားရမည့်လက်ရမ်းကား ဥပေက္ခာဖြစ်ပါသည်။ဥပေက္ခာလက်ရမ်းကိုမကိုင်ပဲ ဗြဟ္မစိုရ်ရင်ပြင်ရောက်အောင်တက်နိုင်သူကား မရှိသလောက်ရှားပါသည်။
ဥပေက္ခာဆိုသည်မှာ ကံ ၏လက်သည်းဝှက်တားမြစ်ချက်တို့ကို နားလည်လက်ခံပြီး လုပ်ဆဲအလုပ်များ
အရှိန်လျော့မသွားအောင်ထိန်းထားခြင်းကိုခေါ်ပါသည်။ မေတ္တာ ကရုဏာ မုဒိတာ မိုးတွေဘယ်လောက်ရွာရွာ တစ်ဂါလံပုံးသည် ဒိထက်ပိုပြီးလက်ခံမည်မဟုတ်ပါ။မှောက်ထားသောအိုးသို့ရေဝင်မည်မဟုတ်ပါ။ဒီအတွက် မိုးသည် စိတ်ပျက်ရမည်မဟုတ်။ရွာမြဲရွာနေရပါမည်။


မေတ္တာ ကရုဏာ မုဒိတာ မည့်သည့်စောင်းတန်းကတက်တက် နှလုံးသားတောင်ထိပ်က ဗြဟ္မစိုရ်ရင်ပြင်ကိုရောက်နိုင်ပါသည်။ထိုရင်ပြင်မှကြည့်လျှင်
ခရစ်ယာန်ဘုရာကျောင်း ဟိန္ဒူဘုရားကျောင်း
ဗလီကျောင်း ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း
စသည်စသည်တို့သည် အလှရှုခင်းအဖြစ်သာ
အသွင်ဆောင်ပါတော့၏။ထိုရှုခင်းအလှကို ရင်ပြင်ပေါ်မရောက်သူတို့အား ဘယ်လိုလက်ခံအောင်ပြောရမည်မသိ။အများစုက တောင်ပေါ်ရောက်အမှတ်တရအင်္ကျီကို တောင်ခြေဈေးဆိုင်က ဝယ်ဝတ်ပြီး
ရပ်ရွာထဲ အကြွားသန်နေကြသူတို့သာများ၏။
ပထမမုခ်ဆောင်းတန်းပင်တက်ခဲ့ကြသူတို့မဟုတ်။
သူတို့အတွက် ထိုအင်္ကျီက မရှိမဖြစ်။ရင်ပြင်ရောက်အောင်တက်ခဲ့သူအတွက် အင်္ကျီသည်အရေးမပါတော့။သူ့မှာ ပြောမဆုံးနိုင် ခံစားမဆုံးနိုင်သော အလှရှုခင်း
အလှပင်လယ်ကြီး ရှိနေသည်မဟုတ်ပါလား။
နှလုံးသားတောင်ထိပ်က ဗြဟ္မစိုရ်ရင်ပြင်မှာ
အလှတရားတွေခံစားကြပါစို့။

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.032
BTC 61649.11
ETH 3003.31
USDT 1.00
SBD 3.77