ကျွန်တော် ပြောသော စင်္ကပူ - အပိုင်း ( ၂၆) ( Henry Aung )

in #myanmar6 years ago

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော်၏ မပြီးပြတ်နိုင်သေးသော စင်္ကပူ ကမောက်ကမ အတွေ့အကြုံများအား ဆက်ပါအုံး မည်။ ဤ စင်္ကပူ အတွေ့အကြုံ များကလည်း ရေးရင်း ရေးရင်း ဖြင့် အကြောင်းအရာများ တခုပြီး တခု မှတ်ညာဏ်ထဲမှ ပေါ်ပေါ်လာရာ အပိုင်း ဆက် မည်မျှအထိ ရောက်မည် မသိသေးပါ။

ကျွန်တော် စင်္ကပူ စရောက်ပြီး နောက် shipyards သင်္ဘောကျင်း ၊ logistic ခေါ် သယ်ယူ ပို့ဆောင် ဖြန့်ဖြူးရေး လုပ်ငန်း ၊ chemical plant ဟု ခေါ်သော ရေနံဓါတု စက်ရုံ ၊ construction ဆောက်လုပ်းရေး လုပ်ငန်းခွင် ၊ ယခုလက်ရှိ လုပ်ကိုင်နေသော Heavy Machinery Industry စသည်တို့ တွင် အလုပ်လုပ်ကိုင်ဘူးရာ on ground ဟု ခေါ်သော အောက်ခြေသိမ်း general work မှ စ၍ Office Paper work ရုံးလုပ်ငန်း အများအထိ လုပ်ကိုင်ဘူးပါသည်။

လက်ရှိ ဆောင်းပါး အထိ သင်္ဘောကျင်းမှ မထွက် နိုင်သေးသဖြင့် ဆောင်းပါးပေါင်း မည်မျှ ရေးရအုံး မည် မသိပါ။ သည်းခံ၍ သာဖတ်ကြပါကုန်။ ဤ ဆောင်းပါးတွင် ကျွန်တော်တို့ အဆောင်နေ အလုပ်သမားများ ၏ အစားအသောက်အကြောင်းကို အနည်းငယ် ဖေါ်ပြပေးချင်ပါသည်။

ကျွန်တော့ ယခင် ဆောင်းပါးများတွင် ဖေါ်ပြပေးခဲ့သည့် အတိုင်း ကျွန်တော်တို့ အဆောင်တွင် ချက်စားခွင့် မရှိပါ။ အဆောင်မှ ချက်ကျွေးသော ထမင်းဟင်းသာ စားခွင့် ရှိပါသည်။ နံနက်စာ အဖြစ် ကြာဇံကြော် ၊ ခေါက်ဆွဲ ကြော် သို့ မဟုတ် ထမင်းကြော် ၊ နေ့လည် စာအဖြစ် ထမင်းထုပ်နှင့် အသားဟင်း တထုပ်နှင့် ပဲ ဟင်းချို တထုပ် ။

အထုပ်များ အဆင်သင့် ထုပ်ထား ပေးသည် ဖြစ်ရာ မိမိတို့ မှာ နေ့စဉ် ကူပွန်ဖြင့် ထုတ်ယူယုံ သာ။ အလုပ်သွား ခါနီး စာဖို ဆောင်သို့ သွား၍ အစား အသောက်ထုတ်ယူပြီး အလုပ်သွားရုံ သာ ဖြစ်သဖြင့် ကိုယ်တိုင် ချက်စားသည်နှင့် အများကြီး သက်သာပါသည်။ သို့ သော် ဟင်းများ မှာ အပြောင်း အလည်း သိပ်မရှိ၍ နေ့စဉ် ရက်ဆက် စားရသာအခါ ငြီးငွေ့လာပါတော့သည်။

001.jpg

စင်္ကပူ ရောက်ခါစ ကာလများတွင် နေ့စဉ် နံနက်စာ ၊ နေ့လည် စာ ၊ ညစာ အသားဟင်းများ စားရသဖြင့် ဒီလိုသာ နေ့စဉ် စားနေရလျင် တသက်လုံး စင်္ကပူတွင် နေပလိုက်မည်ဟု အားခဲထားခဲ့သော်လည်း နှစ်ချီ၍ ထိုအစားအစာများ စားသောက်လာရသောအခါ စိတ်ပျက်လာပါတော့သည်။

အခြားသူများ အတွက်သာ စိတ်ပျက်ပါမည်။ ကျွန်တော်ကတော့ စိတ်မပျက်ပါ။ အကြောင်း မှာ ညနေစာတွင် အမြဲတမ်း ပဲဟင်း ချက်ကျွေးသောကြောင့် ဖြစ်ပါသည်။ ပဲကုလား ဟင်း ၊ ပဲနီလေး နှင့် ကြာဇံ ၊ ပဲ ဝါ လေးနှင့် ကြာဇံ တခုမဟုတ်တခု ပါသည် ဖြစ်ရာ ပဲကြိုက်သော ကျွန်တော်နှင့် အတော်ပင် ပုလဲနှံ သင့်ပါသည်။

ကျွန်တော်ကလည်း ကချင်လူမျိုး တယောက်ဖြစ်၍ အဘယ့် ကြောင့် ပဲ ကြိုက်သည်ကို ကိုယ်တိုင်လည်း နားမလည်နိုင်ပါ။ ပဲ ဟင်း ၊ ပဲသုပ် ၊ ပဲပြုတ် ၊ ဗိုလ်စားပဲ ၊ ပဲ တောင့်ရှည် ၊ စတော်ပဲ ၊ ပဲပြား ... ပဲ မှန်သမျှ အကုန်ကြိုက်ပါသည်။ အိမ်တွင် ပဲ ဟင်း ခဏခဏ ချက်ခိုင်းသဖြင့် အစ်မ များက ကုလားမ နဲ့ ညားမဲ့ ကောင်ဟူ၍ ထောပနာ ပြုခံရပါသည်။

ယခုထိလည်း အားလျင် ပဲကြမ်းသုပ်ချည်း စားသဖြင့် အစ်မများက " နင်က ဝ နေတာမဟုတ်ဘူး ပဲ ဖောဖော နေတာ " ဟူ၍ အပြောအဆိုခံရပါသည်။ ဗိုလ်စားပဲသီးအား ပါးပါးလှီး၍ ကြက်ဥ ဖြင့် ကြော်စားလိုက် ရလျင် ထိုနေ့အဖို့ ကြက်သားဟင်း မလိုပါ။ ပဲကြိုက်လွန်း၍ ရည်းစား ထားလျင်တောင် ပဲများသည့် အမျိုးသမီးနှင့် သာ တွေ့ဖို့ရှိပါသည်။ ဆိုခဲ့သည့် အတိုင်း အဆောင်မှ ကျွေးသော ထမင်းဟင်းများ နေ့စဉ် ပုံစံ တမျိုးတည်း ဖြင့်သာ စားနေရသဖြင့် ကျွန်တော်တို့လည်း ကိုယ်ပိုင် ဟင်းလျာများ ဖန်တီးယူကြပါသည်။

002.jpg

ပြင်ပတွင် ရောင်းသော ငပိကြော် ၊ ငါးခြောက်ကြော်များရှိသော်လည်း အမြဲတမ်း မဝယ်စားနိုင်ပါ။ အိမ် မှ ကြော်လှော် ပေးလိုက်သော အကြော်အလှော်များ ရောက်လာလျင်လည်း သူငယ်ချင်းများ ဖြင့် ဝေငှစားကြသဖြင့် ကြာကြာမခံပါ။ ကျွန်တော်တို့၏ ကိုယ်ပိုင်ဟင်းမှာ ချက်ပြုတ်ထားသော ဟင်းလျာများ မဟုတ်ပါ။

ငရုတ်သီး ထောင်း ဖြစ်ပါသည်။ ငရုတ်သီးထောင်းကလည်း ထောင်းဆုံနှင့် ကျည်ပွေ့ ဖြင့် ကျကျနန ထောင်းထားသော ငရုတ်သီးထောင်း မဟုတ်ပါ။ လက်ဖက်ရည် ဆိုင်မှာ နို့ဆီခွက် အလွတ် တလုံး ကောက်လာ ၊ တွေ့ကရာ သစ်သား ချောင်း တခုအား ထိပ်ဖျား လုံးစေရန် တမံတလင်း နှင့် ပွတ် ငရုတ်သီး စိမ်း ၊ ကြက်သွန်ဖြူ ၊ ဆား အချိုမှုန့် များ ခိုးဝယ်လာ၍ အခန်းထဲတွင် နို့ဆီခွက်ဖြင့် ခိုးထောင်း စားကြခြင်း ဖြစ်ပါသည်။

အပြင်တွင် ငရုတ်ဆုံများ ရောင်းပါသည်။ သို့သော် မည်သူမျှ ငရုတ်ဆုံဖြင့် ကျကျနန ထောင်းစားရန် စိတ်ကူးမရှိပါ။ နို့ဆီခွက်တွင် ကြက်သွန်ဖြူထည့် ၊ ငရုတ်သီးထည့် ၊ ဆား အချိုမှုန့်ထည့်၍ တုတ်ချောင်းဖြင့် ထောင်း လိုက်လျင် မညှက် တညှက် ငရုတ်သီး ထောင်း စား၍ ရပါပြီ။

ထို ငရုတ်သီးထောင်းအား ပဲဟင်းဖြင့် တွယ် လိုက်ရလျင် ထိုနေ့အဖို့ ဗိုက်ခွေးနမ်းပါပြီ။ အခြား တနည်းမှာ ခေါက်ဆွဲ ပြုတ် စားခြင်း ဖြစ်ပါသည်။ ခေါက်ဆွဲ ပြုတ်စားသည်ဟု ဆိုသော်လည်း မီးဖို ပေါ်တွင် ပြုတ်စားကြခြင်း မဟုတ်ပါ။ အဆောင်မှ ကြက်သားဟင်း ချက်ကျွေးသော နေ့များတွင် ကြက်သားဟင်းနှင့် ထမင်းမစားချင်သောကြောင့် ကြက်သား ခေါက်ဆွဲ ပြုတ်လုပ်စားကြခြင်း ဖြစ်ပါသည်။ ခေါက်ဆွဲပြုတ်သည်လည်း လွယ်ပါသည်။

003.jpg

ကျွန်တော်တို့ လူတိုင်း တွင် အဝတ်လျှော်သော ပလာစတစ်ပုံး များ ရှိရာ စာဖို ဆောင်သို့ သွား၍ ကော်ဖီ ဖျော်သောက်ရန်ဟု အကြောင်းပြပြီး တယောက် တလှည့် မတ်ခွက်ဖြင့် ရေနွေးသွားယူ၍ ထို အဝတ်လျှော်ပုံးသို့ ဖြည့်ထည့်ပါသည်။ အဝတ် လျှော်ပုံး တဝက်ခန့် ရေနွေးဖြည့် ပြီးလျင် ခေါက်ဆွဲ ခြောက်ထုပ် ၁၀ ထုပ်ခန့် ဖေါက်ထည့်ပါသည်။

ထို့ နောက် အဆာပလာများ သင့်ရုံ ဖေါက်ထည့်။ အဆောင်မှ ပေးသော ကြက်သားဟင်းထုတ်များ ဖေါက်ထည့်။ တအောင့် မျှ နှပ်ထား၍ ခေါက်ဆွဲများ နူးလာလျင် တခန်းလုံး ကြက်သား ခေါက်ဆွဲ စား၍ ရပါပြီ။ တယောက် တဇွန်းဖြင့် ကော်စားလိုက်သည်မှာ တခါတရံ ခေါက်ဆွဲဟင်း ရည်များ ကုန်သည်အထိပင်။ အခန်းဖေါ်များဖြင့် တယောက်တဇွန်း လုစားကြသည် ဖြစ်၍ စား၍ လည်း ကောင်းပါသည်။

အစားအသောက် စားသည်ဟု ဆိုရာတွင် တယောက်တည်း စားလျင် လည်း ဗိုက်ဝသည်ဟု ဆိုသော်လည်း အများဖြင့် စားရလျင် ပိုမြိန်သည်ဟု ထင်ပါသည်။ ကျွန်တော်တို့ ထမင်း မြိန်အောင်စားသော နောက်တနည်းရှိပါသေးသည်။ ဤသည်မှာ သူငယ်ချင်းများ စု၍ ပြင်ပတွင် စားသောက်ကြခြင်း ဖြစ်ပါသည်။

ပြင်ပဟု ဆိုရာတွင် စားသောက်ဆိုင်တွင် စားသောက်ကြခြင်း မဟုတ်ပါ။ အဆောင်မှ ပေးသော ထမင်းထုပ်အား ယူ၍ သူငယ်ချင် လေးငါး ဆယ်ယောက် အပြင် လမ်းဘေး တွင် အုပ်စုဖွဲ့၍ ထိုင်စားကြခြင်း ဖြစ်ပါသည်။ တင်္နဂနွေ အလုပ်ပိတ်ရက်များ တွင် စက်ရုံ အလုပ်ရုံများရှိသော ကျွန်တော်တို့ အဆောင်ဘက်တွင် ကားများ လူသူလေးပါး ကင်းရှင်းသည်ဖြစ်၍ လမ်းဘေးတွင် ပေါက်နေသော ကိုက္ကိုလ်ပင် ကြီးများ၏ ခြေရင်း မျက်ခင်းပြင်တွင် တာလပတ်များ ခင်းကာ ဝိုင်းဖွဲ့စားသောက်ကြခြင်း ဖြစ်ပါသည်။

004.jpg

အနှောက်အယှက် မရှိ။ ခွေးလေ ခွေးလွင့် မရှိ။ ဘယ်သူမှလည်း လာ၍ စစ်ဆေးခြင်း မရှိ။ ပြီးလျင် တလပတ်များပေါ်တွင် လဲလျောင်း၍ ပလက်ဖေါင်း ခေါင်းအုံး၍ တရေးတမော အနားယူကြ။ အေးမြသော ကုက္ကိုလ်ပင် ခြေရင်းတွင် ပလက်ဖေါင်း ခေါင်းအုံး၍ လေတဖြူးဖြူး ဖြင့် အိပ်ရသော စည်းစိမ်မှာ အိပ်ဘူးသူသာ နားလည်နိုင်ပါလိမ့်မည်။

ထို့ကြောင့် ယခု အချိန် MSC တွင် လေတလုံး မိုးတလုံး ဖြင့် Leader ဟူ၍ ခေါင်းဆောင် နေရာ ယူထားသော Henry Aung အမည်ရှိ သကောင့်သားမှာ ဘာကောင်မှ မဟုတ်ပါ။ တချိန်က စင်္ကပူတွင် လမ်းဘေးအိပ် ၊ လမ်းဘေးစား ပလက်ဖေါင်း ခေါင်းအုံး အိပ်ခဲ့သူ တယောက်သာ ဖြစ်ကြောင်း သိစေအပ်ပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : Original Source
Author : Henry Aung ( Kachin )
MSC : 001

Sort:  

အစားအသောက်အကြောင်းတွေ ကြေငြာသွားတာဗျ ကြေငြာမင်းသားတောင် ရှုံးတယ် ဗိုက်တောင် ဆာလာပြီ ပဲစာဥလေး နှပ်ပီး ပဲကြီးဟင်းချက်နံနံပင် ဖြူးပီး ငါးပိဖုတ်ကလေးနဲ့ စားလိုက်အုန်းမယ် ရှလွှတ်

အကြိုက်ခြင်း တူနေပါပြီ။

အစားအသောက်အကြောင်းတွေဖတ်ရင်း ဗိုက်တောင်ဆာလာတယ်။

Posted using Partiko Android

ကိုယ်ကြိုက်တဲ့ အစား အစာဆိုတော့လည်း .....

တကယ်​အိပ်​ချင်​လာရင်​ ပလက်​​ဖောင်း​ခေါင်းအုန်းအိပ်​ရလည်း ဇိမ်​ဘဲ😂

အောင်ကြီးလည်း အိပ်ဘူး တယ်နဲ့ တူတယ်

Friend, your article is very sweet. In which you have performed better.

ခေါက်ဆွဲ ပြုတ် စားပုံလေးက အဟုတ်ဗျ။ အဝတ်လျှောက် ဇလုံက စွယ်စုံရမှန်း ခုမှ သိတော့တယ်။ တခါတလေ သူငယ်ချင်းတွေနဲ့ ခေါက်ဆွဲ ပြုတ်စားဖူး တယ်။ ပူပူကြီးကို တဖူးဖူး မှုတ်ပြီး စားကြတာ။ စောင့်နေရင် ငတ်မှာလေ။ ဝတာ မဝတာ အပထား စားမြိန်တာတော့ အမှန်ပဲ။
ဒါနဲ့ ပဲကြိုက်သူကြီး အမကကော ပဲများလို့လား ဗျာ။ 😂😂😂

အစားအသောက် ကတော့ ကြံဖန် စားကြရတာပါ။ အဝတ်လျှော်တဲ့ ပုံးကတော့ ခေါက်ဆွဲ ပြုတ်လည်း ဒါနဲ့ ၊ လဖက်သုပ် စားလည်း အဲဒီ ပုံး နဲ့ပါပဲ။ အစ်မက ပဲများတာ နည်းနည်းလေး တောင် လွန်နေသလားလို့။

Screenshot ယူပြီလေ။ ဒီဇင်ဘာ ကျရင် ပြရအောင်လို့

အစားစာတာလဲ တခါတလေ လုစားရတာ ပျော်စရာကောင်းပါတယ်။

တချိန်တုန်းက အမှတ်ရစရာတွေပေါ့။

ဟီး ကျောင်းတုန်းက ဟင်းနည်းနည်းဖြင့် ထမင်းပူပူ လုစားခဲ့ကြရတဲ့
သူငယ်ချင်းတွေ ပြန်သတိရမိပါရဲ့...
ပျော်ဖို့တော့ အကောင်းသားဗျာ😁😁😁

တချိန်တုန်းက အမှတ်ရစရာတွေပေါ့။

ပြန်အမှတ်ရစရာအချိန်များ

ဘဝနှင့် ရင်းခဲ့ရသော အမှတ်တရများ

တစ်နိုင်ငံနဲ့တစ်နိုင်ငံစားသောက်ပုံခြင်းမတူတော့အခက်တွေ့တာတော့အမှန်ပါပဲဗျ

အစားအသောက်ကတော့မျိုးစုံလုပ်စားတယ်နော်။စားချင်စရာတွေချည်းပဲ

Posted using Partiko Android

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.033
BTC 64550.89
ETH 3156.32
USDT 1.00
SBD 4.30