ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း - ( ၁၇ )

in #myanmar6 years ago (edited)

henry.jpg

မင်္ဂလာပါ။ ကျွန်တော်၏ မပြီး ပြတ်သေးသော စင်္ကပူ သင်္ဘောကျင်း လုပ်ငန်းခွင် အကြောင်း ဆက်ပါအုံးမည်။ လွန်ခဲ့သော ဆောင်းပါးများတွင် သင်္ဘောကျင်း ငြမ်းလုပ်သား ဘဝများ၏ ပင်ပန်း ဆင်းရဲ မှုများကို ဖေါ်ပြပြီးခဲ့ပြီ ဖြစ်ပါသည်။ စင်္ကပူ နေ၏ အပူချိန်ကို အံတု၍ အပူဒါဏ် အောက်တွင် မည်သို့ အလုပ်လုပ်ခဲ့ရပုံများ ဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်။

ဤတွင် မေးစရာ ရှိလာပါသည်။ စင်္ကပူတွင် အမြဲတမ်း နေပူနေပါသလား ဟူ၍ မေးစရာရှိလာပါသည်။ စင်္ကပူတွင် ရာသီဥတု နှစ်မျိုးသာရှိပါသည်။ နေပူခြင်း နှင့် မိုးရွာခြင်း ဖြစ်ပါသည်။ နေပူ ချိန်မြင့်လာလျင် ကျောကွဲ မတတ်ပူ၍ ရုတ်တရက် မိုးရွာချင်လည်း ရွာချတတ်ပါသည်။ မြန်မာပြည်ကဲ့သို့ မိုးရာသီ နွေရာသီ ဟူ၍ မရှိပါ။

နေပူလိုက် မိုးရွာလိုက်သာ ရှိသဖြင့်စင်္ကပူ ရှိ သစ်ပင် ပန်းမန် တို့ မှာ အမြဲ စိမ်းလန်း နေလေ့ရှိပါသည်။ ဆိုခဲ့သည့် အတိုင်း တခါတရံ မိုးရွာလာလျင် အလုပ်နားထားရပါသည်။ မည်မျှ အရေးကြီးသည့် အလုပ်ဖြစ်စေ မိုးရွာ ထဲတွင် ပေးမလုပ်ပါ။ အကြောင်းမှာ စင်္ကပူ ရာသီဥတုတွင် မိုးရွာခြင်းနှင့် အတူ မိုး ကြိုးပစ်ခြင်းများ တွဲပါလာလေ့ရှိသောကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် စင်္ကပူ သင်္ဘောကျင်း အလုပ်သမားများ အနေဖြင့် မိုးရွာ ရန်သာ ဆု တောင်းကြပါသည်။ မိုးရွာလျင် အလုပ်လုပ်စရာမလိုသောကြောင့် ဖြစ်ပါသည်။ နံနက်စော စော အလုပ်မစခင်ကတည်းက ရွာလိုက်သော မိုးသည် နေ့လည် ထမင်းစား ချိန်အထိ မတိတ်သေးလျင် အလုပ်သမားများအား အဆောင်ပြန်လွတ်ပါသည်။

တခု ကောင်းမွန်သည်မှာ စင်္ကပူ မိုးလေဝသ ဌာန အား မည်သည့် အချိန်မိုးရွာမည် နေပူ မည်ကို အချိန်မရွေး မေးမြန်နိုင်သလို စင်္ကပူ မိုးလေဝသ ဌာန၏ website တွင်လည်း အချိန်နှင့် အမျှ up date လုပ်ပေးပါသည်။ ထို့ကြောင့် အလုပ်ကြီးကြီးမားမား ( ဥပမာ .. သင်္ဘောအပြင်ဘက် ဆေးသုတ်ခြင်း ၊ heavy lifting ဟုခေါ်သော ကရိန်းကြီးများ အသုံပြု၍ စက်ပစ္စည်းများ မခြင်း ) စသည်တို့အား မိုးရွာမည် မရွာမည်ကို မိုးလေဝသ ဌာန ၏ လမ်းညွန်ချက် အတိုင်း လုပ်ဆောင်ကြသည့်အပြင် အလုပ်ကြီးကြီးမားမား လုပ်လျင် မိုးလေဝသ အခြေအန များအားလည်း ထည့် တွက်ကြပါသည်။

00001.jpg

ဆိုခဲ့သည့် အတိုင်း ကျွန်တော်တို့ အတွက်ကတော့ မိုးရွာသော နေ့သည် အပျော်ဆုံး နေ့ဖြစ်ပါသည်။ ဤတွင် စင်္ကပူ သင်္ဘောကျင်းများအားလုံး နီးပါး အလုပ်သမားများလိုက်နာရသော စည်းကမ်းမှာ အားလုံး အတူတူပင်ဖြစ်ပါသည်။

သင်္ဘောကျင်း တွင် အလုပ်လုပ်ရသည်မှာ မိမိတို့ တဖွဲ့တည်း မဟုတ် လုပ်သားပါင်း ထောင် ချီ၍ လုပ်နေကြသသည့် အပြင် ငြမ်းအလုပ်သမား ၊ ပိုက်ဆက် အလုပ်သမားများ ၊ သံထည် အလုပ်သမားများ ၊ ဝရိန် ဆော်သူများ ၊ လျပ်စစ် နှင့်ဆိုင်ရာ အလုပ်လုပ်သူများ စသည် စသည် ဖြင့် အလုပ်အများအပြား ရှိရာတွင် ငြမ်း အလုပ်အား ပထမ ဦးစားပေး အရေးအကြီး ဆုံး နေရာတွင် ထားထားပါသည်။

အကြောင်းမှာ ငြမ်းအလုပ်သမားများမှာ အခြားသူများ အန္တရာယ် ကင်းကင်း အလုပ်လုပ်နိုင်ရန် အတွက် မိမိတို့ က အန္တရာယ်ကြားမှ အလုပ်လုပ်ကြရသော ကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် သင်္ဘောကျင်းတွင် ငြမ်းဆင်သော အလုပ်မှာ အန္တရာယ်အများ ဆုံး အလုပ် ၊ အပင်ပန်းဆုံး အလုပ် ၊ ထိခိုက် ဒါဏ်ရာ အရ ဆုံး အလုပ်ဖြစ်၍ ထိုအလုပ်အား ပထမ ဦးစားပေး အဆင့်တွင် ထား ထား ခြင်း ဖြစ်ပါသည်။

ငြမ်းအလုပ်သမားများ ငြမ်းဆင် လျင် ထိုနေရာ အနီး တဝိုက်အား ( မိမိတို့ ငြမ်းဆင်သောနေရာ ) barricade ဟုခေါ်သော အန္တရာယ် အချက်ပြ ကြိုးနီ တားထားရပါသည်။ ထို ကြိုးဝိုင်း အတွင်းသို့ ငြမ်းအလုပ်သမားများ မှ လွဲ၍ မည်သူမျှ ဝင် ခွင့်မရှိပါ။ သင်္ဘောကျင်း မန်နေဂျာ ရောက်လာ၍ ထို barricade ကြိုးဝိုင်းအတွင်းသို့ အခြားကိစ္စတခုခုကြောင့် ဝင်ရောက်လိုလျင် ငြမ်းအဖွဲ့ခေါင်းဆောင်အား ခွင့်တောင်းရပါသည်။ ဤသည်မှာ ကျွန်တော်တို့ ငြမ်းဆင်သော လုပ်သားတို့ ၏ အခြေအနေ အကြောင်းအရာတို့အား ဗဟုသုတ အလို့ငှာ ဖေါ်ပြပေးရခြင်း ဖြစ်ပါသည်။

01.jpg

ဤသို့ သင်္ဘောကျင်းများတွင် ငြမ်းလုပ်သား များ အဖြစ် လုပ်ကိုင်ကြရာ စင်္ကပူ သင်္ဘောကျင်း ကြီးများ အာလုံး လိုလို ရောက်ဖူးပါသည်။ တရက် ကျွန်တော်တို့ ST marine ဟု ခေါ်သော သင်္ဘောကျင်းတွင် တာဝန်ကျ နေစဉ် ထိုသင်္ဘောကျင်းသို့ မြန်မာနိုင်ငံပိုင် five star သင်္ဘော တစီး ရောက်လာပါတော့သည်။

ကျွန်တော်တို့ အနေဖြင့် စင်္ကပူ သင်္ဘောကျင်း ပေါင်းစုံ တွင် နိုင်ငံခြား သင်္ဘော ပေါင်းစုံ သို့ တက်ရောက် ငြမ်းဆင်ဘူးသော်လည်း မြန်မာ သင်္ဘော ပေါ်သို့ တခေါက် မှ မတက်ဘူးပါ။ ဤတွင်ကြားဖြတ်၍ FPSO , SLNG အစရှိသော ပင်လယ်ကူး သင်္ဘောကြီးများ၏ အကြောင်းကို အနည်းငယ် ဝေမျှလိုပါသည်။

ထို သင်္ဘောကြီး များ အထူးသဖြင့် ရေနံတူးစင် သင်္ဘောပေါ်တို့ တက်ရောက်ငြမ်းဆင်ရလျင် တခါတရံ သဘောကောင်းသော သင်္ဘော အရာရှိများနှင့် တွေ့ပါက အစားကောင်း သောက်ကောင်းများ ချကျွေးပါသည်။ အများအားဖြင့် သူတို့ ကော်ဖီသောက်ချိန်တွင် ထို သင်္ဘောသားးများ စားသောက်၍ ပိုလျှံ ကော်ဖီများ မုန့်များအား ကျွန်တော်တို့ အား ခေါ်၍ ကျွေးမွေးကြပါသည်။

ရေနံတူး စင် သင်္ဘောများတွင် အလုပ်သမား သင်္ဘောသားများ များပြားသလောက် ပင်လယ်ကူ ရေနံတင် သင်္ဘောများအတွင် သင်္ဘောသား အလွန် ဆုံး အယောက် ၂၀ , ၃၀ ခန့်သာရှိမည်ဟု ထင်ပါသည်။ မြန်မာ five star သင်္ဘော အကြောင်းဆက်ပါအုံးမည်။ ထိုနေ့က ကျွန်တော်တို့ မန်နေဂျာမှ မြန်မာ သင်္ဘော တစီး အသေးစား ပြင်ဆင်မှုလုပ်ရန် ဆိုက်ကပ်လာမည် ဖြစ်၍ အခြားသော ငြမ်းအဖွဲ့အား မခိုင်းပဲ မြန်မာ ငြမ်း အဖွဲ့ ဖြစ်သော ကျွန်တော်တို့အား တာဝန်ပေးပါသည်။ ကျွန်တော်တို့လည်း ကိုယ့်တိုင်းကိုယ့် ပြည်မှ five star သင်္ဘောပေါ်သို့ တက်ရမည် ဖြစ်၍ စိတ်စော နေကြပါသည်။

02.jpg

အမှန် ပြောရလျင် ကျွန်တော်တို့ စိတ်ထဲတွင် five star ဟူသည်မှာ အကောင်း စား အပျံစား သင်္ဘောဟူ၍ မှတ်ယူထားပါသည်။ ရောက်လာပါပြီ။ သင်္ဘောမှာ သာမန်အလတ်စား cargo သင်္ဘော ဖြစ်၍ ဆိပ်ကမ်းကပ်လာသည်နှင့် သင်္ဘော ကုန်းပတ်ပေါ်သာ ရပ်နေကြသော သင်္ဘောသားများမှာ အယောက် ၅၀ ခန့်ရှိပါသည်။

five star cargo သင်္ဘော ကပ်လာသည် နှင့် ပင်မတူပါ ။ အပျော်စီး သင်္ဘော တစီး ကပ်လာသည်နှင့်ပင် တူပါသေးတော့သည်။ သင်္ဘောမှာ ကျွန်တော်တို့ မျှော်လင့်ထားသကဲ့သို့ သစ်လွင် တောက်ပသော သင်္ဘောမဟုတ်။ သံချေး အထပ်ထပ်နှင့်။ သင်္ဘော ပေါ်သို့ တက်သော အခါ မြန်မာ သင်္ဘောသားများကပျူပျူ ငှာငှာ ကြို ဆိုကြပါသည်။

အစတွင် ကျွန်တော်တို့ မျှော်လင့်ထားသည်မှာ မြန်မာ သင်္ဘောပေါ်ရောက်လျင် မြန်မာ အစားအစာ ဖြစ်သော လဖက်သုပ်မဟုတ်တောင် ထန်းညှက်ခဲ လောက်တော့ တောင်းစားမည်ဟု စိတ်ကူးထားခဲ့ပါသည်။ သင်္ဘောပေါ်သို့ ရောက်သည်နှင့် မြန်မာ သင်္ဘောသားတို့က ညီလေးတို့ ဆေးလိပ်လေး ၊ ကွမ်းလေးများ ပါရင် ကျွေးကြ တိုက်ကြစမ်းပါ။ အစ်ကို တို့ ငတ်နေတာကြာပြီ ဟူ၍ သူတို့က စတင်၍ တောင်းစားကြပါသည်။

ကျွန်တော်တို့ အဖွဲ့တွင် ဆေးလိပ်ပါသူက ဆေးလိပ် မျှ တိုက်ရသလို ကွမ်းပါသူကလည်း ထုတ်ကျွေးကြပါသည်။ ထို့နောက် cargo ကရိန်း တစီးပျက်နေ၍ ပြင်ရမည်ဟူသောကြောင့် ထို ကရိန်း ရှိသော နေရာတွင် ငြမ်းဆင်ရပါသည်။ မိမိတို့လည်း ငြမ်းဆင်ရန် ပစ္စည်းများ သယ်ယူချသော အခါ သင်္ဘောသားအစ်ကို တယောက်မှ ညီလေးတို့ငြမ်းပစ္စ္စည်းတွေ အသာချကြပါ ဆောင့်မချပါနှင့် သင်္ဘောမှာ သံချေးများဖြင့်ဆွေးနေ၍ သင်္ဘောကြမ်းခင်း ပေါက်သွားလိမ့်မယ်ဟူ၍ သတိပေးပါတော့သည်။

ငြမ်းဆင်၍ သင်္ဘောဝမ်းအတွင်းသို့ ကြည့်လိုက်သောအခါ ပဲ သို့မဟုတ် ပြောင်းဟု ထင်ပါသည် သင်္ဘော ဝမ်းအတွင်း၌ လက်ကျန် များရှိနေ၍ ကြွက်များလည်း ဟိုသည် ပြေးလျက်ရှိပါသည်။

03.jpg

ငြမ်းဆင် ပြီး သွား၍ သင်္ဘောကျင်း အင်ဂျင်နီယာများ ထိုကရိန်းအား စစ်ဆေးနေသောအခါ ကျွန်တော်တို့ကလည်း သင်္ဘောသားများဖြင့် စကားပြောနေကြပါတော့သည်။ မြန်မာ သင်္ဘောသားတို့ ဘဝကာ ကျွန်တော်တို့ တိုင်းခြားတွင် အလုပ်လုပ်နေကြသော သူများနှင့် ထူးမခြားနာသာ။

ကျွန်တော်က အဘယ်ကြောင့် သာမန် cargo သင်္ဘော တွင် ဤမျှလောက် သင်္ဘောသား များနေရကြောင်း မေးသောအခါ " ဟုတ်တယ်ညီလေးရေ.. .. ရေကြောင်း သိပ္ပံဆင်း ညီလေးတွေ နိုင်ငံခြား သင်္ဘောပေါ် တက်လို့ရအောင် sea Servic ယူချင်ကြလို့ သင်္ဘောတစီးလုံး သင်္ဘောသားတွေချည်းပဲ" ဟူ၍ ညည်းပြပါတော့သည်။

ကျွန်တော်က ရေသောက်ချင်ကြောင်း ပြောသောအခါ သင်္ဘော စဖိုခန်းသို့ ခေါ်သွား၍ စည်ပိုင်း တလုံးအား လက်ညှိုးထိုးပြပါတော့သည်။ ကျွန်တော်ကလည်း သောက်ရေ အတွက် မေးကြောင်း ပြောသော အခါ.... " ဟုတ်တယ် ညီလေး water cooler system ပျက်နေလို့ အစ်ကိုတို့လည်း အဲစည်ပိုင်းထဲက ရေပဲ သောက်နေရတာ" ဟူလို။

ထို့ နောက် သင်္ဘောကျင်း အင်ဂျင်နီယာများ က ပျက်နေသော ကရိန်းအား စစ်ဆေးပြီးသွားသောအခါ ထို သင်္ဘောသည် တရုတ် နိုင်ငံထုတ် သင်္ဘော ဖြစ်၍ ပျက်နေသော ပစ္စည်းးမှာ စင်္ကပူ တွင် spare part မရှိပါ။တရုတ် နိုင်ငံသို့ မှာယူရမည်ဟုပြောပါတော့သည်။

01.jpg

ကျွန်တော်တို့လည်း ငြမ်းအားချက်ချင်းပြန်ဖျက်ရပါသည်။ အကြောင်းမှာ spare part ပစ္စည်းမှာယူလျင် အနည်းဆုံး ၂ ပါတ်ခန့် စောင့်ရမည် ဖြစ်၍ စင်္ကပူ ဆိပ်ကမ်း ညအိမ်ခွန်မှာ ဈေးကြီးသော ကြောင့် သင်္ဘော ချက်ချင်း ပြန်ထွက်မည် ဟူသောကြောင့် ဖြစ်ပါသည်။

ထို မြန်မာ five star သင်္ဘောပေါ်မှ ငြမ်းဖျက်၍ ပြန်ဆင်းလာသော အခါ မွန်လေး ပြောလိုက်သော မှတ်ချက်ကြောင့် အားလုံးရယ်ကြပါသည်။ မွန်လေး ပေးလိုက်သော မှတ်ချက်မှာ " ဒီလောက်စုတ်ပြတ်နေတဲ့ သင်္ဘော ဘော်တယ် ဝယ်တဲ့ကုလားဆီမှာ ပဲကြီးလှော်နဲ့ လဲစားလိုက်ဖို့ပဲ ကောင်းတော့တယ်" ဟူလို။

အခြားသော မြန်မာ Five Star သင်္ဘောများ မည်သို့ ရှိမည် ကျွန်တော်မသိပါ။ ကျွန်တော်တို့ စင်္ကပူ တွင် တကြိမ်တခါ တက်မိခဲ့သော မြန်မာ five Star သင်္ဘော၏ အခြေအနေမှာ မွန်လေး မှတ်ချက်ပေးသကဲ့သို့သာ။ ထို five star သင်္ဘော၏ အမည်မှာ " ပဲခူး " ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : original source

Author : Henry Aung ( Kachin )
MSC : 001

Sort:  

ဖတ်ရတာ..စိတ်ဝင်စားစရာကောင်းသလို၊ဗဟုသုတတွေလည်း..ရပါတယ်။အတွေးတွေကိုလည်း..ဆွဲဆန့်စေပါတယ်။သြော်...တခေတ်တခါကပေါ့..စစ်ဗိုလ်ခေတ်မရောက်ခင်လေ...သဘောင်္သားခေတ်ဆိုပီး..ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ခဲ့သေးတယ်နော်။အိမ်မှာကျန်ခဲ့တဲ့အိမ်သူ..ဝမ်းဝဖို့..ခါးလှဖို့..အကြွားဝဖို့..ကမ်းမမြင်လမ်းမမြင်..ပင်လယ်ထဲက..သဘောင်္သားရဲ့ဘဝတော့..လူတွေက..မမြင်ကြလေဘူးနော်။
စကာင်္ပူလို့..ရေးတာပါသား။ရေးတော့အမှန်..ဖတ်တော့အသံ။ပ...အပိုဒ်မှာ...အပူဒါဏ်...အပူဒဏ်
တ..အပိုဒ္မွာ..စပၤပူ...စကာၤပူ
13..အပိုဒ္မွာ..ပင္လယ္ကူ...ကူး
15..အပိုဒ်မှာ..ပြူ ပြူ ဌာဌာ...ပျူ ပျူ
17..အပိုဒ်မှာ...ငြမ်းပစည်း...ပစ္စည်း
ပြင်လိုက်ဦးနော်..သားက..အလုပ်တွေရှူပ်နေတဲ့ကြားကရေးရတာဆိုတော့။ကျားထိုးသလိုဘဲ..မှားကွက်ကိုဘေးလူကသာမြင်ရသလိုဘဲ။အန်တီလည်း..မှားမှာဘဲ.။အန်တီက
စာရေးရင်..လက်တန်းရေးတာဆိုတော့..။ပါရမီလို့ပြောရမလားမသိဘူး..အန်တီ့ဆရာတောင်မှအံ့သြတယ်။လက်တန်းရေးနိုင်လို့တဲ့။စောင့်ဖတ်မယ်.
စိတ်ဝင်စားစရာတွေ..အများကြီးဘဲ။

အခုလို အမှားပြင်ပေးတဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ် အန်တီ။ အမှား တွေကို ပြင်လိုက်ပါပြီ။

သမီးက မိုးရွာရင်ကျောင်းမသွားချင်ဘူးလို့ ပြောတိုင်း မာမီက အောက်ပြည်အောက်ရွာကကျောင်းသားတွေ မိုးရွာတိုင်းသာကျောင်းမသွားရင် စာတတ်မှာမဟုတ်ဖူးပြောတာ ခ်ခ်

ခုလည်း ကျောင်းမသွားချင်ဘူးပေါ့။ စင်္ကပူမှာ ငြမ်းလာလုပ်ချင်လို့လား..?

ကျွန်တော်တို့ဆီမှာ ဓလေ့ထုံးစံတစ်ခုလိုဖြစ်နေတာက လုပ်ငန်းတစ်ခုချပေး လိုက်ရင် လုပ်ငန်းဝန်ဆောင်မှုစရိတ် ၁၂% ဆိုတာ နိုင်ငံတစ်ကာစံနှုန်းပါ၊ မြန်မာမှာတော့ အဲဒါက လုပ်ငန်းချမှတ်ပေးသူကအရင်ဖြတ်ထားပြီးသား၊ အောက်ခြေပြင်ဆင်သူများကလည်း ကိုယ့်စားရိတ်နဲ့ကိုယ်ပြင်ရပါတယ်၊ ပြင်ပြီးရင် ပြန်ရဖို့ကလည်းကာလအတော်ကြာစောင့်ရပါတယ်၊ ဒါကြောင့် နိုင်ငံပိုင်ဆိုရင် ပြင်ဆင်ဖို့ခက်ပါတယ်။ ရော်ဘာစက်ရုံ လုံးဝပျက်စီးသွားတာလည်း ဒီလိုအကြောင်းတွေအများကြီး နဲ့ သက်ဆိုင်ပါတယ်ဗျာ၊ တစ်ချို့အပိုင်းတွေက သိပေမယ့် ပြောမဖြစ်တာတွေအများ
ကြီးပါ။ အဲဒီအလေ့အကျင့်တွေကိုပြုပြင်ဖို့က နှစ်(၅၀)စီမံကိန်းဆွဲရမယ်ထင်ပါတယ်။

ရော်ဘာစက်ရုံ ပျက်စီးသွားတဲ့ အကြောင်းတော့ စိတ်ဝင်စားတယ် ဆရာရေ...

ပြင်ဆင်စရိတ်က မူလစက်ရုံဖိုးထက်များနေလို့ စက်ရုံပိတ်လိုက်ရတယ်၊ စက်ပစ္စည်းအကြောင်းမသိတဲ့ မိုးကျရွှေကိုစက်ရုံမှူးကြောင့် ကုန်ထွက်တိုးအောင် စက်များရဲ့ သုံးနိုင်တဲ့စွမ်းအားထက်ပိုသုံးပြီး ပြုပြင်မှုမရှိတဲ့အကြောင်းကနေစတာပါ၊ သေးသေးပြင်ရမှာကနေ လုံးဝပြင်မရအောင်ဖြစ်သွားတာလေ၊ ပညာရပ်ပိုင်းဆိုင်ရာတွေပါလာလို့ သိပ်နားမလည်တာနဲ့မရေးတာ၊ စက်ရုံက သထုံမှာ။

ဖားကန့်က ကုမ္ပဏီတစ်ခုမှာဝန်ထမ်းလုပ်တုန်းက မိုးရွာရင် အလုပ်မလုပ်ရလို့ ပျော်တာလေးသတိရတယ်။ ဒါပေမဲ့ ပိုင်ရှင်တရုတ်က ထမင်းအလကားမကြွေးဘူး တောက်တိုမယ်ရ ဟာလေးတွေ လျှောက်လုပ်ခိုင်းနေတာ အတော်ဆိုးတဲ့ ကုမ္ပဏီပိုင်ရှင်ရယ်။

တရုတ်ပါဆို အထွေးကလည်း။ စင်္ကပူ မှာကတော့ ဥပဒေနဲ့ ထိန်းထားလို့ အတင်းအကျပ် ခိုင်းတာမျိုးတော့မရှိဘူး။

ဆိပ်ကမ်းညအိပ်အခွန်တွေနဲ့ နိုင်ငံစည်းကမ်းတွေနဲ့ဆိုတော့
မြန်မာမှာရော ရှိလားမသိဘူး အကိုရေအဲလိုမျိုး

မြန်မာသင်္ဘောကျင်းတွေတော့ မသိဘူး ကိုရှိန်းသူ။ စင်္ကပူကတော့ သူ့ရေပိုင်နက်မှာ ကမ်းကပ်ရင် ဆိပ်ကမ်း ကပ်ခ အခွန်ကောက်တယ်လို့ ပြောကြတယ်။

မိုးရွာလျှင် ပျော်သည်ပေါ့ဗျာ။
မြန်မာကတော့ ဘယ်ရောက်ရောက် မြန်မာပါပဲ။ တွေ့လား ဇက။
လေတယ် ပဲခူးရယ်

မြန်မာပါဆို....

ကျ​နော်​ ထိုင်​ယူနစ်​ သ​င်္ဘောကျင်း ကုမ္မဏီမှာလုပ်​ခဲ့တုန်းက အ​ထွေ​ထွေလုပ်​သားဘဝ​ပေါ့.. မှတ်​မှတ်​ရရ ​နေအရမ်းပူရင်​ မခံနိုင်​တဲ့ဆုံး သ​င်္ဘော ဝမ်း​ဗိုက်​​အောက်​က အုတ်​ကျင်းထဲမှာ ဝင်​ပြီး​တော့ အိပ်​လိုက်​တာ... မနိုး​တော့ဘူး အလုပ်​သမား​ခေါင်း​ဆောင်​က ကျ​နော့်​ကို ​ပျောက်​လို့လိုက်​ရှာတာ.. ည​နေအလုပ်​ဖြုတ်​တဲ့အချိန်​မှ ခပ်​တည်​တည်​နဲ့ လက်​​ဗွေနိုပ်​ပြီး အိမ်​တန်းပြန်​တာ.. ​နောက်​​နေ့ကျ​တော့... စပိတ်​ဘုတ်​ သ​င်္ဘော​လေး​တွေ ထုတ်​လုပ်​တဲ့ စက်​ရုံထဲကို ​ပြောင်း​ရွေ့ခံရတာပဲ၊ တစ်​ကယ်​တန်းလွတ်​လပ်​တာက သ​င်္ဘောကြီး​တွေကို လုပ်​ရတဲ့​နေရာမှာ လွပ်​လပ်​​ပေမယ့်​ စပိဘုတ်​ထုပ်​တဲ့ စက်​ရုံထဲ​ရောက်​​တော့ အလုပ်​က ခိုလို့မရ​တော့ဘူး အစ်​ကို​ရေ..😂

သင်္ဘောကျင်းမှာခိုးအိပ်တဲ့ အကြောင်းလေး နောက်ဆောင်းပါးတွေမှာ ဖေါ်ပြပေးမယ်။

ဟုတ်​ကဲ့ အစ်​ကို အ့ာမျိုး အ​ကြောင်း​လေး​တွေကို အရမ်းဖက်​ချင်​တာ ​ပျော်​​ပျော်​ကြီး ​စောင့်​ဖက်​မယ်​ အစ်​ကို​ရေ....😘

သင်္ဘောသားတွေဘ၀က သူများတွေအမြင်မှာ သက်တောင့်သက်သာလေး ငွေများများရတဲ့အလုပ်လို့ လူတွေကမြင်ကြပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကလဲ စစ်ဗိုလ်ဖြစ်ချင်တယ်၊ သင်္ဘောသားဖြစ်ချင်တယ် အဲလောက်ထိအောင် ပေါ်ပြုလာဖြစ်ခဲ့တာပါ။ ဒါပေမယ့် ကိုဟင်ရဲ့ အတွေ့အကြုံတွေကို လေ့လာပီး တကယ့်လက်တွေ့ မှာတော့ သင်္ဘောသားတွေရဲ့ဘ၀ဟာ ခက်ခဲကြမ်းတမ်းတယ်ဆိုတာ သိလာရပါတယ်ဗျာ။နောက်အပိုင်းတွေ စောင့်ဖတ်နေမယ်ဗျ။

သင်္ဘောသားတွေ ရဲ့ဘဝလည်း ကျွန်တော်တို့ ငြမ်းသမား တွေလိုပဲ ကိုရွှေဘိုရေ.. ကမ်းမမြင် လမ်းမမြင် ပင်လယ်ထဲမှာ လေထဲမိုးထဲ မုန်တိုင်းထဲမှာ ရှာစားရတဲ့ဘဝတွေ...

မြန်မာက နိုင်ငံတကာနှင့်ယှဉ်ရင် မျက်နှာငယ်ရတာ အရာရာလိုပါပဲလား။

မျက်နှာငယ်ရတာ မဟုတ်ပါဘူး ကိုဟိန်းရေ... ငယ်စရာမျက်နှာကိုး မရှိတာ။

ကျနော်တို့လည်းမိုးရွာရင်နားရပါတယ် 😁 မိုးရွာတာနဲ့အတူမီးပါတွဲပျက်တော့ ရုံးအလုပ်ကဘာမှလုပ်မရတော့ဘူးလေ

မြန်မာပြည် မီးပျက်တာတော့ မပြောပါနဲ့ နောက် ကြုံလို့ရှိရင် ဆောင်းပါးထဲ ဖေါ်ပြပေးပါ့မယ်။ စလုံးနိုင်ငံသားတွေ မြန်မာပြည် ရောက်လို့ မီးပျက်တဲ့ အကြောင်းတွေပြောပြကြတာ။

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64275.05
ETH 3147.49
USDT 1.00
SBD 4.29