ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း - (၂၁ )

in #myanmar6 years ago (edited)

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော်၏ မပြီး ပြတ်သေးသော စင်္ကပူ လုပ်ငန်းခွင် ဘဝများ အကြောင်း အား ဆက်ပါအုံးမည်။ ယခင်ဆောင်းပါးတွင် စင်္ကပူနိုင်ငံတွင် ပင်ပင်ပန်းပန်း အလုပ်လုပ်ရင်း ပျက်စီးခြင်း ငါးပါး ဆိုက်နေသူတို့ အကြောင်း ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ ဤဆောင်းပါးတွင် ကံ ကံ၏ အကျိုးဟုပဲ ပြောရမည်လား ကံကြမ္မာကို ပဲ အပြစ်ပြောရမည်လာ ကံကောင်းကြသူများ နှင့် ကံဆိုးကြသူများ အကြောင်းကို ဖေါ်ပြပေးလိုပါသည်။

ကျွန်တော် စင်္ကပူ သင်္ဘောကျင်းတွင် အလုပ်လုပ်ခဲ့သော ၅ နှစ်တာကာလတွင် အသိမိတ်ဆွေ တော်တော်များများရှိခဲ့ပါသည်။ ထိုမိတ်ဆွေ များထဲတွင် မြန်မာနိုင်ငံ အရပ်ရပ်မှ မြန်မာ နိုင်ငံသားများ ပါဝင်သလို အန္ဒိယ ကုလား ၊ ဘင်္ဂလား ကုလားများ ၊ ထိုင်း လူမျိုး ၊ ဖိလစ်ပိုင် ၊ ပါကိစ္စတန် နှင့် တူနီးရှား နိုင်ငံသားများ အထိ သိကျွမ်း မိတ်ဆွေရှိခဲ့ပါသည်။

ဆိုခဲ့သည့် အတိုင်း ထိုမိတ်ဆွေအပေါင်းသင်းတို့ ပြောပြသော သူတို့ ဘဝအကြောင်း အထွေထွေတို့မှာ ရေးပြ၍ မကုန်နိုင်ပါ။ ထိုအချိန်တုန်းကတော့ ကျွန်တော့ အနေဖြင့် နှောင် တချိန် steemit Platform ပေါ်တွင် ဆောင်းပါးများ ရေးရန် ကုန်ကြမ်းများ စုဆောင်းနေခဲ့ကြောင်း ယခုမှ တဖြည်းဖြည်း သဘောပေါက်လာပါတော့သည်။

ဆက်ပါအုံးမည်။ ကျွန်တော်တို့ ငြမ်းအဖွဲ့သားများ Keppel Fels ဟူသော သင်္ဘောကျင်း တွင် ငြမ်းဆင်နေသော အချိန်တွင် မြန်မာ သင်္ဘောကျင်း အင်ဂျင်နီယာ တယောက်နှင့် သိကျွမ်းခဲ့ပါသည်။ အမည်ကိုတော့ မဖေါ်ပြလိုတော့ပါ။ ထိုအကို ကြီးမှာ ကျွန်တော်တို့ ပင်ပင်ပန်းပန်းငြမ်းဆင် နေသည်ကို ကြည့်၍ " ညီလေးတို့ ဘဝတွေကလည်း ပင်ပန်းလိုက်တာကွာ၊ တခြားအလုပ်လေးများရှာလုပ်ကြပါ ကိုယ့် ညီတို့ ရာ " ဟူ၍ ကျွန်တော်တို့အား ကြည့်၍ မချိတင်ကဲ ပြောပါတော့သည်။

0001.jpg

ကျွန်တော်တို့လည်း အလုပ်နား ချိန်တွင် သူနှင့် စကားစမြည်း ပြောဖြစ်ပါသည်။ " အစ်ကို ဆိုရင် စင်္ကပူလာတာ ၁၀ နှစ်ပြည့်တော့မယ် အစ်ကို အခု သင်္ဘောအင်ဂျင်နီယာ လစာ ကောင်းတယ် ၊ ဒါပေမယ့် အစ်ကို စင်္ကပူကိုလာတာ အင်ဂျင်နီယာ လက်မှတ် အတုနဲ့လာတာ " စသည်ဖြင့် သူ့ အကြောင်းကို ပြောပြပါသည်။

ထို့ နောက် ဆက်၍ သူကပဲ " အစ်ကိုက အရင်တုန်းက မြန်မာပြည်မှာ ၁၀ တန်း ၂ ခါ ကျပြီး အလေ လိုက်နေတာ အလုပ်မရှိရတဲ့ အထဲ မိန်းမက ထပ်ရလိုက်သေးဆိုတော့ ၊ အစ်ကို့ ယောက်ခမ အမြင်ကပ်ကပ်နဲ့ အင်ဂျင် နီယာ လက်မှတ်အတုနဲ့ စင်္ကပူကို လွတ်လိုက်တာ ၊ အစ်ကို့မှာ စက်ဆိုလို့ ခဲချွန်စက် တောင်မပြင်တတ်ဘူး " ဟူ၍ ဆက်ပြောပြပါတော့သည်။

" ရောက်ကာစကတော့ senior အဂျင်နီယာတွေနဲ့ တူပေး ဂွကိုင် အလုပ်တွဲလုပ်ရင်း ဒီလိုပဲ သင်လာခဲ့တာ အခုတော့ သင်္ဘောအင်ဂျင် အကြောင်း ကောင်းကောင်း နားလည် နေပြီ " ဟူ၍ လည်း ပြောပြပါသည်။ သူပြောမှ ပဲ ကျွန်တော်တို့ အနေဖြင့် မြန်မာပြည် ပြန်၍ အင်ဂျင်နီယာ လက်မှတ် အတုပဲ သွားပြန်ယူရတော့မလို။

အရင်တုန်းကတော့ ရကောင်း ရမည် ။ ယခုနောက်ပိုင်း တော့ လက်မှတ်အတုကိုင်ဆောင်သူတို့ကို သိသည်နှင့် ချက်ချင်း ပြန်လွတ်ပါသည်။ ဤတွင် ကြုံ၍ စင်္ကပူတွင် Permanent Resident အနေဖြင့် နေထိုင်နေသော မြန်မာပြည် မှ အငြိမ်းစား အင်ဂျင်နီယာ ပြောသောစကားကို သွားသတိရမိပါသည်။

"စင်္ကပူက အင်ဂျင်နီယာ ဈေးကွက်ကို ဖျက်လိုက်တာ တခြားလူတွေ မဟုတ်ဘူး မြန်မာတွေကိုယ်တိုင်းပဲ" ဟူ၍ ပြောပြဘူးပါသည်။ သူပြောပြသည်မှာ ယခင် ၁၉၈၀ ဝန်းကျင် စင်္ကပူ နိုင်ငံ စတင်ဖွံ့ဖြိုး လာသည့် အချိန်တွင် မြန်မာ RIT ကျောင်း ဆင်း အဂျင်နီယာဆို လျင် လစာကောင်းသလို စင်္ကပူ နိုင်ငံမှ လိုလိုလားလားပင် အလုပ်ပေးခဲ့ကြပါသည်။

ယခုနောက်ပိုင်း တွင်တော့ GTC ကျောင်းဆင်း အင်ဂျင်နီယာများ ဗုံးပေါလအော ထွက်လာကြ၍ စင်္ကပူ တွင် အလုပ်ရ လျင်ပြီးရော ဟူ၍ ဝင်လုပ်ကြသဖြင့် မြန်မာ အင်ဂျင်နီယာ ဈေးကွက် ပျက်စီးသွားခဲ့ကြောင်း ပြောပြပါသည်။

0002.jpg

အလွန်မှန်ပါသည်။ လက်ရှိ စင်္ကပူတွင် Drafter ဟုခေါ်သော Auto cad ပုံဆွဲ နေသူတို့ မှာ အများအား ဖြင့် မြန်မာ civil engineer များ ဖြစ်၍ အများဆုံး လစာရလျင် $1800 ခန့်သာရကြပါသည်။ ဤတွင် လစာ $1500 ခန့်ဖြင့် လုပ်ချင်နေကြသော မြန်မာ အဂျင်နီယာများ တန်းစီနေကြပါသေးသည်။

ဆက်ပါအုံးမည်။ ဆိုခဲ့သည့် အတိုင်း ထိုသင်္ဘောကျင်းတွင် အင်ဂျင် နီယာ လက်မှတ်အတု ဖြင့် လစာ $5000 ခန့် ရနေသော အစ်ကိုကြီးသည် ကံကောင်း သည်ဟူ၍ ပဲ ပြောရမလား မသိ ကံကြမ္မာ မျက်နှာသာ ပေးသည် ပဲ ပြောရမလားမသိပါ။ သူကတော့ ဖြင့် အဆင်ပြေနေပါသည်။

ကံကောင်းသော မြန်မာနိုင်ငံသား အခြားတယောက်အကြောင်းလည်း ဖေါ်ပြပေးချင်ပါသည်။ ထိုသူ၏ အမည်ကို ကျွန်တော် မမှတ်မိတော့ပါ။ အကြောင်းမှာ စင်္ကပူ တွင် အလုပ်လာလုပ်ပြီး ၂လမပြည့် ခင်မှာပင် စင်္ကပူ သိန်းထီဆု ပေါက်၍ ငွေထုပ် ပိုက်ပြီး ပြန်သွားသောကြောင့် ဖြစ်ပါသည်။ ဤကဲ့သို့ ကံကောင်းကြသူများ တထောင်တွင် တယောက်မရှိနိုင်ပါ။

ကျွန်တော် supervisor ဖြစ်လာပြီနောက် သင်္ဘောကျင်း တွင် အခြားကုမ္ပဏီတွင် welder အဖြစ် လုပ်ကိုင်နေသော မြန်မာ တယောက်နှင့် သိကျွမ်းမိတ်ဆွေဖြစ်ခဲ့ပါသည်။ သက်ရှိထင်ရှား ရှိအုံးမည် ဖြစ်၍ အမည် မဖေါ်ပြလိုပါ။ ကျော်ကျော်ဟုသာ ဆိုကြပါစို့။ ကျော်ကျော်မှာ အလုပ်ကြိုးစား၍ အသောက်အစားကင်းသော လူငယ်တယောက် ဖြစ်ပါသည်။

ဖခင်မရှိတော့၍ မိခင်နှင့် ညီငယ် တယောက်နှင့် ညီမငယ် တယောက်အား တောင်သူလုပ်၍ ရှာကျွေး နေရာမှ ကုန်သည်ပွဲစားလုပ်ရန် အရင်းနှီး လိုချင်သောကြောင့် မိမိတွင်ရှိသော လယ် ၃ ဧက ခန့်အား အပေါင်ထား၍ စင်္ကပူတို့ ထွက်လာခြင်း ဖြစ်ပါသည်။တရက်တွင် ကျော်ကျော်မှ ကျွန်တော့ရုံးခန်းသို့ ရောက်လာပြီး မြန်မာပြည်သို့ ပြန်ရတော့ မည် ဖြစ်ကြောင်းပြောပြပါသည်။

ထို့နောက်သူပြောပြသည်မှာ သူတို့ လယ်အား အာဏာပိုင်များက သိမ်းယူလိုက်ကြ၍ သူငွေချေးယူသော ငွေရှင် ကြေးရှင် တို့က လယ်မရှိတော့ပြီ ဖြစ်သောကြောင့် သူတို့ အိမ်အား ချိတ်ပိတ်လိုက်ကြသည်ဟု ပြောပြပါသည်။ သူ့မိခင် နှင့် ညီလေး နှမလေး တို့မှာ ဆွေမျိုးအိမ်တွင် ကပ်နေကြရင်း မိခင်လည်း ထိုစိတ်ကြောင်း ဆုံးပါးသွား ပြီ ဖြစ်သလို ယခု မိခင် အလောင်း မြေမကျမှီ အမြန်ပြန်၍ ကျန်ရစ်သော ညီငယ် နှမငယ်တို့အား စောင့်ရှောက်ရမည် ဖြစ်ကြောင်းပြောပြပါသည်။

ရှေ့ဆက်ပြီး သူတို့ဘဝအား မည်သို့ စခန်းသွားရမည် မသိသေးကြောင်းလည်း ပြောပြပါသည်။ မြန်မာပြည်ရှိ လယ်သိမ်းခံ တောင်သူတို့၏ ဘဝတို့အား စာဖတ်သူတို့ သိပြီး ဖြစ်သည့်အတိုင်း ထပ်မံ အကျယ်ချဲ့၍ မရေးပြလိုတော့ပါ။ ဤတိုင်းပြည် တွင် လူလာဖြစ်ကြသော မိမိတို့ ကံကြမ္မာ အားသာ ပုံချလိုပါတော့သည်။

0003.jpg

ဤကဲ့သို့ ဆင်းရဲ ဒုက္ခ ရောက်ကြသည်မှာ မိမိတို့ မြန်မာ လူမျိုးများသာ မဟုတ်ကြပါ။ အန္ဒိယ လူမျိုး အများအပြားလည်း ထိုနည်း အတိုင်းသာ။ ကျွန်တော့ လက်အောက်တွင် ငြမ်းလုပ်သားအဖြစ် အလုပ်လုပ်သွားသော Manikandan ဟူသော ကုလားလေး တယောက်၏ အလွန်ကြေကွဲဖွယ် ကောင်းသော အဖြစ်အပျက်တခုကို ဖေါ်ပြပေးချင်ပါသည်။

အန္ဒိယ ကုလားတို့မှာ မိမိတို့ထက်ပင် ပို၍ ဆိုးပါသည်။ စင်္ကပူတွင် အလုပ်လာလုပ်ရန် agent fee $7000 ကျော်ပေးကြရပါသည်။ ( ဤခေတ်သစ် ငွေဝယ်ကျွန်စနစ် အကြောင်းအား နောက်ဆောင်းပါးတွင် အပြည့် အစုံ ဖေါ်ပြပေးပါမည်) ဆိုခဲ့သည့် အတိုင်း ထို Mani ဟူသောကုလားလေးမှာ အန္ဒိယရှိ တမီနာလ်ဒူ ဟူသော အရပ်မှ ဖြစ်ပြီး ကျွန်တော်သိသလောက် ထိုတမီနာလ်ဒူ အရပ်မှ အလုပ်လုပ်နိုင်သော ယောက်ကျားသားများ အားလုံး လိုလို ပြည်ပတွင် အလုပ်လုပ် နေကြပါသည်။

စင်္ကပူ၊ မလေးရှား ၊ ဒူဘိုင်း တို့ တွင် အလုပ်ကြမ်း လုပ်နေကြသော အန္ဒိယ ကုလား ၇၀ % ခန့်မှာ တမီနာလ်ဒူ အရပ်မှ ဖြစ်ကြပါသည်။ ထိုအရပ်သည် မိုးခေါင်ရေ ရှား အရပ်ဖြစ်၍ စိုက်ပျိုး ရေး အတွက် များစွာ အခက်အခဲ တွေ့ကြသောကြောင့် ထို အရပ်ရှိ ကျေးရွာ များတွင် မိန်းမသားများ ၊ သက်ကြီးရွယ်အိုများ နှင့် ခလေးများသာ ကျန်ရစ်ကြကြောင်း ကျွန်တော့အား ပြောပြထားကြ၍ ကျွန်တော်လည်းသိရခြင်း ဖြစ်ပါသည်။

ဆိုခဲ့သည့် အတိုင်း Mani မှာ လယ်သူရင်းငှား ဖြစ်၍ အခြားသူများ နိုင်ငံခြားထွက် အလုပ်လုပ်နေကြသော အခါ သူလည်း နိုင်းငံခြားတွင် အလုပ်လုပ်ချင်လွန်းသဖြင့် သူ့မိခင် နှင့် နှမလေး တယောက်အား ရွာလူကြီး ထံတွင် အပေါင်ထား၍ ပိုက်ဆံယူပြီး စင်္ကပူထွက်လာခြင်း ဖြစ်ပါသည်။ အကယ်၍ သူယူထားသော ပိုက်ဆံ နှင့် အတိုးတို့ အား ပြန်မဆပ်နိုင်လျင် မိခင်နှင့် နှမလေး မှာ ရွာလူကြီး အိမ်တွင် တသက်လုံး ထမင်းစား ကျွန်ခံကြရတော့မည် ဖြစ်ပါသည်။

004.jpg

ဤသို့ စင်္ကပူ ထွက်လာပြီး နောက် ငြမ်းလုပ်သား ဘဝဖြင့် အလုပ်လုပ်နေရာ ပထမ သုံးလမှာ အစမ်းခန့် ကာလ ဖြစ်၍ လစာ အဖြစ် $ 500 ခန့်မျှ ရနေသော်လည်း ကုပ္မဏီနှင့် စာချုပ်ချုပ်ပြီး နောက်ပိုင်းတွင် မိမိတို့ လုပ်အားသာ အားကိုးရမည် ဖြစ်ရာ သူ့အတွက် လွန်စွာမှ အခက်အခဲ တွေ့စေပါတော့သည်။ အကြောင်းမှာ လူသစ် အဖွဲ့သစ် ဖြစ်သောကြောင်း အခြားအဖွဲ့များကဲ့သို့ ကျွမ်းကျင်သော ငြမ်း သမားများ မဖြစ်သေး၍ ဝင်ငွေ အလွန်နည်းပါသည်။

သူရသော လစာအား ခြစ်ခြုပ်စု၍ ပို့သော်လည်း သူယူထားသော ပိုက်ဆံ အတိုးသတ်ရန်ပင် မလောက်ပါ။ ဤသို့ အတိုးပေါ်အတိုးဆင့်ရင်း ခြောက်လခန့်ကြာသောအခါ သူ့အနေဖြင့် ထိုအကြွေးများအား လုံးဝ မဆပ်နိုင်သော အခြေအနေသို့ ရောက်သွားပါတော့သည်။ ဤသို့ စိတ်ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ရင်း တဖက်ကလည်း မိမိ မိခင်နှင့် နှမငယ် ကျွန်ဖြစ်တော့မည့် အရေး တွေးမိရင်း ဖြင့် စိတ်မခံစား နိုင်ဖြစ်ကာ သူနေသော အဆောင် အိမ်သာထဲတွင် လည်ပင်းကြိုးကွင်းစွပ်၍ မိမိကိုယ်ကို အဆုံး စီရင်လိုက်ပါတော့သည်။

ကျွန်တော့ အနေဖြင့်လည်း စိတ်မကောင်းရုံသာ တတ်နိုင်ပါသည်။ ထိုထက် ပိုကြေကွဲစရာ ကောင်းသည်မှာ သူ့အလောင်း ရွာသို့ ပြန်ရောက်သည်နှင့် သူ့မိခင် နှင့် နှမငယ်ကလည်း မြစ်ထဲသို့ ခုန်ဆင်း၍ အဆုံး စီရင်သွားကြပါသည်။ ထိုအကြောင်းအရာတို့အား နောက်ပိုင်းမှ အခြားသော အန္ဒိယ ကုလားများ ပြောပြ၍ ကျွန်တော်လည်း သိရခြင်း ဖြစ်ပါသည်။

ဤကဲ့သို့ မိမိတယောက်တည်းသာ မက ကျန်ရစ်သူ မိသားစု တခုလုံး မိမိတို့ ဘဝအား လက်မြှောက် အရှုံး ပေးသွားကြရသည်မှာ ဝဋ်ကြွေး တခုလော ကံကြမ္မာက ရက်စက်သည်လော ကျွန်တော်လည်း မဝေခွဲတတ်ပါ။ ထို့ကြောင့် ပိုက်ဆံ အတိုးကြီးကြီးယူ၍ နိုင်ငံခြားသို့ မျှော်လင့်ချက်ကြီးစွာ အလုပ်ထွက်လုပ်မည်သူများ သတိထားမိကြစေရန် နှင့် စာဖတ်သူ မိတ်ဆွေတို့ ဗဟုသုတ ရစေရန် အလို့ငှာ ဤအကြောင်းအရာ အဖြစ်အပျက်တို့အား ဖေါ်ပြပေးရခြင်း ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : Original source

Author : Henry Aung ( Kachin )
MSC : 001

Sort:  

စိတ်မကောင်းစရာ အဖြစ်အပျက်တွေပါပဲဗျာ ... လူတွေက ရတာပဲ မြင်ကြတာ နောက်ကွယ်က ဖြစ်ရပ်ကို သိသူနည်းပါတယ်

သင်္ဘောကျင်းမှာ အလုပ်လုပ်သွားတာ စာအုပ်ပေါင်းစုံ ဖတ်လိုက်ရသလိုကို အတွေ့အကြုံ ရသွားတယ် ကိုစောရေ။ စာနဲ့ ရေးပြလို့ မသင့်တဲ့ အကြောင်းအရာတွေအများကြီး ချန်ထားခဲ့တယ်။

ဖတ်ရတာ စိတ်မကောင်းလိုက်တာဗျာ အကြွေးနွံမှာနစ်တာလောက် ဆုံးရှုံးမှုကြီးတာမရှိပါဘူးဗျာ။ ကိုယ်ချင်းစာပါတယ်။

ကျွန်တော်တို့လည်း စိတ်မကောင်းရုံပဲ တတ်နိုင်ပါတယ်။ အလုပ်သမားအားလုံး ဘဝတူတွေဆိုတော့။

အဖြစ်အပျက်တွေ အမျိုးမျိုးပါလား အကို စုံလွန်းသလို အချို့လဲ ဆန်းကြယ်လွန်းလှတယ် နောက်ဆုံးက ကုလား မိသားစု အရမ်းသနားစရာကောင်းပါတယ် ဒီခေတ်အထိ လူပေါင်တာ ရှိနေတုန်းနော် ထင်မထားဘူး ။

အဲဒီ တမီနာလ်ဒူက ကုလား တွေအကြောင်းရေးပြရင် ဝတ္ထု တအုပ်စာလောက်ရမယ်ထင်တယ်။

နောက်ထပ် ရေးစရာ တစ်မျိုးပေါ့ အကို ။

စိတိမကောင်းစရာတွေပါ အကို ဖတ်ရင်း တကယ် စိတ်မကောင်း ဖြစ်လာတယ်😔

အခြားအကြောင်းအရာတွေ အများကြီး ရှိသေးတယ် မမကြည်။ နှောင် အလျင်သင့်ရင် ဖေါ်ပြပေးပါ့မယ်။

ဖက်​ရတာ စိတ်​မ​ကောင်းလိုက်​တာ... အလားတူဖြစ်​ရပ်​​တွေက တိုင်းတစ်​ပါး​မှာ သွား​ရောက်​လုပ်​ကိုင်​စား​သောက်​တဲ့ မြန်​မာလူမျိုး ၁၀၀မှာ၅၀​လောက်​ ရှိကြတယ်​၊ (ဥပမာ)ထိုင်းမှာဆိုရင်​ ပိုဆိုးတယ်​၊ အိမ်​​ပေါင်​ လယ်​​ပေါင်​ပြီး​တော့ လာပါတယ်​ဆိုမှ ထိုင်းကိုလည်း​ရောက်​​ကော လယ်​က အသိမ်းခံရ​ကော... ထိုင်း​ရောက်​ပြန်​​တော့တစ်​ခါ ​အေးဂျင်းကလိမ်​ပြန်​လို့ အလုပ်​မလုပ်​ရပဲ သူများနိုင်​ငံမှာ အငတ်​ငတ်​အပြတ်​ပြတ်​နဲ့ ဒုက္ခ​​ရောက်​ကြရပြန်​တယ်​၊ အစ်​ကို့စာ ဖက်​ပြီး​တော့ ကျ​နော်​​တောင်​ ထိုင်း​ရောက်​ မြန်​မာ​တွေအ​ကြာင်း ​ရေးချင်​လာတယ်​အစ်​ကို​ရေ... အခွင့်​ကြုံရင်​ ​ရေးပြပါမည်

အဲဒီ အေးဂျင့် တွေ အကြောင်းလည်း ရေစရာ တွေ အများကြီးကျန်နေသေးတယ်။ ဂျပိုးကို လိပ်ဖြစ်အောင်ပြော သူတို့ ပိုက်ဆံရရင် ပြီရော စွတ်ပို့တာ။

စိတ်မကောင်းစရာအဖြစ်တွေကိုဖတ်ပီး..ပြောစရာစကားတွေဟာ..အများကြီးရှိပေမဲ့..ဆွံ့အသွားသလိုဖြစ်သွားတယ်
မကျေနပ်ဖူးလေ..ကံကြမ္မာတွေကိုရိုးမယ်ဖွဲ့လိုက်ပါတယ်။

အဲဒီလိုပဲ ရိုးမယ်ဖွဲ့ရတော့မယ် အန်တီရေ... ကျွန်တော်တို့ လည်း ဘားမှ မတတ်နိုင်ဘူး။

အဖြစ်အပျက်တွေကတော့ စိတ်မကောင်းစရာတွေပါဘဲလားဗျာ ကံကိုဘဲ ရိုးမယ်ဖွဲ့ရတော့ မှာပေါ့ သင်ခန်းစာယူစရာဆောင်းပါးလေးပါဘဲအစ်ကိုဟင်

အဖြစ် အပျက်များစွာထဲက အချို့ပေါ့ဗျာ။ တကယ်တော့ ရေးပြစရာတွေ အများကြီးကျန်ပါသေးတယ်။

စိတ်မကောင်းစရာတွေဘဲ အစ်ကိုရယ် ကုလားလေးတို့ မိသားစုခမျာ အတော်ကြေကွဲစရာဘဲနော် အစ်ကို

ကျွန်တော်တို့လည်း စိတ်မကောင်းရုံပဲ တတ်နိုင်ပါတယ်။ အလုပ်သမားအားလုံး ဘဝတူတွေဆိုတော့။

ကြွေကွဲဝမ်းနည်းစရာ အဖြစ်​အပျက်​​တွေလည်း အများအပြားပါလား

ဒီလိုပဲပေါ့ ညီလေးရာ... တခါတလေ ပျော်စရာ ရှိပေမယ့် အများအားဖြင့်တော့ ဝမ်းနည်း စရာတွေပါ။

စိတ်မကောင်းစရာတွေဗျာ
ကိုယ်ထက်ဆိုးသည့်သူများရှိနေပါလားလို့ 
အားတင်းစရာကောင်းတဲ့ပို့ စ်လေးပါ ကိုဟင်

အဲဒီလို ကြံဖန်အားတင်းမယ် ဆိုရင်းလည်း ရတာပေါ့။ ကျွန်တော်လည်း အဲဒီ အဖြစ်အပျက်တွေကနေပဲ ခွန်အားယူရတာ။

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70455.47
ETH 3561.82
USDT 1.00
SBD 4.71