လောကတွင် တန်ဖိုးအရှိဆုံးသောအရာ
လူသားအပါအဝင် သတ္တဝါတို့သည် မိမိအသက်ကိုချစ်မြတ်နိုးဆုံးဖြစ်ပါသည်။ရောဂါကြောင့် အသက်အန္တရာယ်စိုးရိမ်ရသည်ထိ ကျန်းမာရေးချို့တဲ့နေသူတစ်ဦးသည် မိမိရောဂါပျောက်ကင်းမည်ဆိုပါက မိမိတွင်ရှိသောသမျှသော စည်းစိမ်ဥစ္စာများ ပုံပေးရမည်ဆိုလျှင်လည်း ဝန်လေးနေမည်မဟုတ်ပေ။ ထို့ထက်ပို၍ မိမိအသက်ရှင်ရေးအတွက် ကိုယ်လက်အင်္ဂါါများ စွန့်လွှတ်ရမည်ဆိုလျှင်လည်း စွန့်လွှတ်လိုက်မည်သာ ဖြစ်ပါသည်။ ဤမျှလောက်ထိ မိမိအသက်ကို တန်ဖိုးထားကြပါသည်။ ထိုသို့ သတ္တဝါတို့တန်ဖိုးအထားရဆုံးအသက်ဟူသော အရာသည် 'အချိန်' ဖြစ်သည်ဟုသာပြောချင်ပါသည်။ မွေးဖွားခြင်းနှင့် သေဆုံးခြင်း ကြားကာလကို ဘဝဟုခေါ်ကြပါသည်။ လူတစ်ဦး၏အသက်ကို အချိန်ဖြင့်တိုင်းတာကြပါသည်။ ဗုဒ္ဓဘာသာအယူအဆတွင် လူတစ်ဦး၏ စုတေစိတ်နှင့်ပဋိသန္ဓေစိတ်တို့မှာ စက္ကန့်မျှပင်မခြားဟု မှတ်သားဖူးပါသည်။ စက္ကန့်မျှလောက်သောအချိန်သည်ပင် အသက်ဟု ဆိုကောင်းဆိုနိုင်ပါသည်။ ထို့ကြောင့် ပညာရှင်ကြီး ဘင်ဂျမင် ဖရန်ကလင်က ' သင့်အသက်ကို သင်ချစ်ပါ သလား ချစ်လျှင် အချိန်ကိုအလဟဿ ဖြုန်းတီးမပစ်ပါနှင့် အဘယ်ကြောင့်ဆိုသော် သင်၏ အသက်ကို အချိန်ဖြင့် ဖွဲ့စည်းပြုလုပ်ထားသောကြောင့် ဖြစ်၏' ဟု ဆိုခဲ့လေသည်။
အခြေအနေအမျိုးမျိုးကြောင့် လူသားတို့သည် တစ်ဦးနှင့် တစ်ဦး ဆင်းရဲချမ်းသာခြင်း အခွင့်အရေးရရှိခြင်းစသည့်တို့တွင် ကွဲပြားကောင်းကွဲပြားနေပါလိမ့်မည်။ သို့သော် လူတိုင်းလူတိုင်း အချိန်ကိုတော့ တစ်နေ့ ၂၄နာရီစီ အညီအမျှပိုင်ဆိုင်ကြပါသည်။ ကျွန်ုပ်တို့ပိုင်ဆိုင်ထားသော စည်းစိမ်ဥစ္စာများသည် ကံမကောင်းအကြောင်းမလှ၍ သဘာဝဘေးအန္တရာယ်များကြောင့်သော်လည်းကောင်း မီးဘေး သူခိုး ဓားပြဘေးစသည့်တို့ကြောင့်သော်လည်းကောင်း ပျက်စီးဆုံးရှုံးနိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့ကိုယ်စီပိုင်ဆိုင်ထားသော အချိန်ကိုတော့ မည်သူကမျှ မည်သည့်အရာကမျှ ဆုံးရှုံးလျော့နည်းသွားအောင် ပြုလုပ်၍မရပါ။ အောက်ခြေရုံစာရေးကလေးနှင့် နိုင်ငံတော်သမ္မတကြီးတို့ ပိုင်ဆိုင်ထားသောအချိန်သည် တန်ဖိုး ပမာဏအားဖြင့် အတူတူပင်ဖြစ်ပါသည်။ ယခုလို အချိန်ကိုတန်းတူပိုင်ဆိုင်မှုချင်းအတူတူ အချိန်ကိုကောင်းမွန်စွာ စီမံအသုံးချနိုင်သူက ပို၍ အောင်မြင်ပါသည်။
တောထဲတွင် မြက်စားနေသော သမင်သည် အဖိုးတန်သော ပတ္တမြားကိုတွေ့သော်လည်း ပတ္တမြား၏ တန်ဖိုးကို သိမည်မဟုတ်ပါ။ မြက်ကိုသာ စားမြဲစားနေပါလိမ့်မည်။ အလားတူ အချိန်သည်လည်း မည်မျှပင် အဖိုးတန်ပါသည်ဟုဆိုစေကာမူ အချိန်၏တန်ဖိုးကိုမသိဘဲ အလဟဿဖြုန်းတီးပစ်ပါက အချည်းအနှီးသာ ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် တန်ဖိုးရှိသောအချိန်ကို အကျိုးရှိအောက် အသုံးချတတ်ရန်လိုအပ်ပါသည်။ သြဇာကြီးမားသည့် အမေရိကန်ပြည်ထောင်စု၏ ၁၆ယောက်မြောက်သမ္မတ အေဗရာဟင်လင်ကွန်းသည် တစ်ချိန်က စာအုပ်ငှားရန်အတွက် စာအုပ်ဆိုင်သို့ မိုင်၄၀ကျော်ခရီးကို လမ်းလျှောက်၍သွားရသည်ဟု ဆိုပါသည်။ လမ်းလျှောက်ရင်း စာအုပ်ဖတ်လာရာ စာမျက်နှာ ၁၀၀ကျော်ထိဖတ်ပြီသည်ဟု ပြောပါသည်။ ဤကဲ့သို့ အချိန်ကို အကျိုးရှိအောင် အသုံးချသဖြင့် နာမည်ကျော်ရှေ့နေဘဝမှ နိုင်ငံကျော်သမ္မတကြီး အဆင့်ထိရရှိခဲ့သည်ဟု ထင်မြင်မိပါသည်။
Author by @khaylay