ပင်လယ်ရနံ့ ဇာတ်သိမ်း

in #myanmar6 years ago (edited)

လူတွေဟာ အားလပ်ရက်တွေမှာ ချောင်းသာ ငွေဆောင် ငပလီ စတဲ့ ပင်လယ်ကမ်းခြေတွေကိုသွားပြီး အပန်းဖြေလေ့ရှိကြတယ်။ အဲဒီမှယ ပင်လယ်ရဲ့အရသာတစ်ခုက တမျှော်တခေါ်ကြီး ကျယ်ပြောလှတဲ့ ရေပြင်ပြာကြီးနဲ့ မိုးကုတ်စက်ဝိုင်းကြီး ထိတွေ့သွားသလိုလို မြင်နေရတဲ့မြင်ကွင်းကျယ်ကြီးကို မျက်စိတဆုံး လှမ်းမျှော်ကြည့်နေရတဲ့ အရသာတစ်ခုပါပဲ။ အဲဒီမြင်ကွင်းက ဘ၀လောကဓံဆိုးအမောတွေနဲ့ မွမ်းကျပ်နေတဲ့စိတ်တွေ စိတ်ဖိစီးမှုဒဏ်တွေကို ပေါ့ပါးလွတ်လပ်သွားစေတဲ့ ခံစားမှုမျိုးကိုရတယ်၊ သိပ် ဝေးလွန်းတဲ့အထိ ကျွန်းတွေဘာတွေ ပိတ်ခံမနေလေ အဲ့မြင်ကွင်းကျယ်ကြီးကို ကြည့်ရတာကောင်းလေလေပါပဲ။
Screenshot_4.jpg
(Author : kyawhlaing)

နောက်အရသာတစ်ခုက ပင်လယ်နေ၀င်ချိန်အခိုက်အတံ့လေးနဲ့ ပင်လယ်နေထွက်ချိန် တဒင်္ဂ အချိန်လေးမှာပါပဲဗျာ။ နေ၀င်ကာစ ပင်လယ်ရဲ့ဆည်းဆာချိန်လေးဟာ ထက်ကောင်းကင်ယံမှာ တိမ်လွှာတစ်ချို့သာရှိနေချိန် နေလုံးဟာ ပင်လယ်ဆီကို တဖြည်းဖြည်း နိမ့်ဆင်းလာပြီး ကောင်းကင်ဟာ လင်းရာမှ အလင်းတစ်စတစ်စလျော့ကျလာကာ အဲဒီကနေ အ၀ါဖျော့၊ အဲဒီကနေ ရွှေအိုရောင် အဲဒီကတဆင့် နီညိုရောင် အမှောင် တစ်စတစ်စ စွက်လာပါတော့တယ်။ သိပ်ကြည့်ကောင်းတာပါပဲ၊ ပင်လယ်ရေပြင်ကိုယ်တိုင်ကလည်း ပြာကြည်လဲ့တောက်ပနေရာကနေ နေရဲ့အလင်းဖျော့ ရောင်ပြန်ကြောင့် တစ်ဖြည်းဖြည်း အပြာမှိုင်းကနေ အ၀ါစွက် ရွှေအိုရောင် ရောင်ပြန်တွေ ရေပြင်ပေါ်ဖြာကျနေရင်း နေညိုသလို ရေပြင်ပါညိုလိုက်လာခဲ့တာမျိုးပဲ။ တစ်ချက်ချက် ပင်လယ်ကို ဖြတ်ပျံသွားတဲ့ အိပ်တန်းပျံ ငှက်ကလေး တစ်ကောင်စ နှစ်ကောင်စပါတွေ့ လိုက်ရတတ်သေးတယ်။ အဲဒီနေညိုချိန် ပင်လယ်အိုချိန်လေးဟာ သိပ်လွမ်းစရာကောင်းတဲ့ အချိန်လေးပါပဲလေ....။
Levé-de-soleil-avec-un-bateau-980x551.jpg
Images Credit - Original Source
အဲလို ပင်လယ်နေညိုချိန်စလေးမှာ သောင်ပြင်စပ်ကနေ ပင်လယ်ဖက်ကို မျက်နှာမူ ခြေစုံရပ်လို့ ဂျာကင်အိပ်ထဲ လက်နှိုက်ပြီး ဟိုးအဝေးက နေညိုချိန် ပင်လယ်ပြင်ဆီကို နိမ့်ဆင်းလာတဲ့ နေလုံးကြီးနဲ့ ပင်လယ်ပြင်ကြီးကို ငေးမောကြည့်နေရချိန်လေးကတော့ ဘယ်သူ့ကိုလွမ်းနေမိမှန်းမသိအောင် အလွမ်းတွေ ရင်မှာအပြည့်နဲ့ပေါ့။ အအေးဓာတ်ပါစပြုလာတဲ့ ပင်လယ်လေလေးတွေကလည်း တစ်ချက်တစ်ချက် ကိုယ့်မျက်နှာတွေကို ကလူကြည်စယ် လာတိုးဝှေ့သွားတယ်။ ခြေဖျားလေးနဲ့ မလှမ်းမကမ်းမှာ ရေလှိုင်းလေးတွေ ရောက်ရောက်လာပုံကလည်း ဝေးသွားလိုက် နီးလာလိုက် ကိုယ့်ခြေဖျားလေးတွေကိုပဲ ရေထိတော့မလိုလိုဖြစ်လိုက်နဲ့ ရေလှိုင်းလေးတွေက အချစ်က လူကို လာလာကစားကြည်စယ်နေသလိုပါပဲ။ သြော်….နေညိုချိန် ပင်လယ်လည်း အိုခဲ့ပြီ။ ဒါပေမယ့် လွမ်းရတဲ့အကြောင်းလေးတွေနဲ့ အလွမ်းတွေတော့ နုပျိုနေဆဲ အခိုက်အတံ့ကလေးပါပဲလေ…။
မနက်မိုးလင်းရင် ပြန်ရတော့မှာမို့ ပင်လယ်နေထွက်ချိန်ကို လွတ်သွားမှာစိုးလို့ ညဦးယံလေး ခဏမှေးအိပ်အညောင်းဖြေလိုက်ပြီး တစ်ညလုံးမအိပ်တော့ပဲ ပင်လယ်နေထွက်ချိန်ကိုစောင့်နေခဲ့တယ်။ သန်းခေါင်ကျော်လောက်မှာ သောင်ပြင်ကမ်းစပ်နားသွားထိုင် လေညှင်းခံလိုက်၊ ကောင်းကင်ကိုမော့ကြည့်လိုက်၊ ကောင်းကင်က လဆုတ်ရက် တစ်ခြမ်းပဲ့ ဆူပါမွန်းက ထိမ်ထိမ်သာလို့ပေါ့။ နဲနဲညောင်းလာရင် အခန်းထဲထခဏပြန်ဝင်နေလိုက် တီဗွီခဏကြည့်လိုက် ကော်ဖီသောက်လိုက် လုပ်နေတာပေါ့လေ။
maxresdefault.jpg
(Author : kyawhlaing)
ညဖက် ပင်လယ်က လှိုင်းလာသံ လှိုင်းပုတ်သံတွေဟာ ပင်လယ်အော်သံလို့ တင်စားရလောက်အောင် ကျယ်တယ်။ အဝေးကလာနေတဲ့ လှိုင်းလိမ့်လာသံဟာ တဝေါဝေါနဲ့ ၀မ်းခေါင်းသံ လှိုင်သံထွက်နေတာမျိုးပဲ။ ၀န်းကျင်တစ်ခုလုံး လှိုင်းသံတွေကလွဲလို့ ဘာသံမှ မကြားရလောက်အောင် ဆိတ်ငြိမ်လွန်းပါတယ်။ အထီးကျန်တတ်သူတွေအဖို့ တကယ့်ကို အထီးကျန်စိတ်တွေဖြစ်လာစေတတ်တဲ့ ပင်လယ်သောင်စပ်က ညမျိုးပါပဲ။ ဟိုးအဝေးက ကျောက်ကလပ်ကပ်စေတီတော်လေးနှစ်ဆူနဲ့ ချစ်သူများကျွန်းလေးကလည်း အမှောင်ထဲမှာ၊ ဟိုးအဝေးက ရွာတန်းရှည်က မီးပြပြလေးတွေ နောက်ခံနဲ့ ၀ိုးတ၀ါးလှမ်းမြင်နေရတယ်၊ ညဖက် ဒီရေတက်ချိန်ဖြစ်နေလို့ နေမညိုခင်က မြင်နေခဲ့ရတဲ့ ကျောက်ဆောင်လေးတွေကလည်း ရေထဲမြုတ်ကုန်ပြီး သောင်ပြင်ပေါ် သုံးပုံတစ်ပုံလောက် ရေတိုးနေခဲ့ပြီ။ ပင်လယ်ပြင်ကြီးဖက်မှာတော့ တစ်ချက်တစ်ချက် လင်းကနဲ လက်ကနဲ မီးရောင်တစ်ချို့ကိုမြင်နေရတယ်။ ကောင်းကင်ဟာ ကြယ်စင်စုတွေရဲ့ အလင်းကြောင့်တင်မကပဲ တစ်ခြမ်းမှိန် လရောင်ကြောင့်ပါ အလင်းတစ်ချို့ဖြစ်နေလို့ ပိန်းပိတ်အောင်တော့ မှောင်မနေခဲ့ပါဘူး။

ဒီလိုနဲ့ ညနက်ပိုင်းကို လွန်လာလို့ အာရုဏ်ဦးအလင်းတစ်ချို့စရောက်လာခဲ့ချိန်မှာတော့ လှိုင်းခေါင်းဖြူလေးတွေကို ညနက်ပိုင်းကထက် နဲနဲပိုမြင်သာလာတာပေါ့လေ။ အဲဒီအချိန်လေးမှာပဲ သောင်ပြင်ပေါ်မှာ ညနေကမတွေ့ခဲ့ရတဲ့ ကျစ်စာတွင်းလေးတွေ တွေ့လာရပြီး ကျစ်စာတွင်းလေးတွေက ဂဏန်းမဲမဲသေးသေးလေးတွေ ထွက်လာလိုက် ပြန်ဝင်သွားလိုက် ပြေးလိုက် လှိုင်းအဖုံးမှာ အကောင်လေးတွေရော တွင်းရာလေးတွေပါ ပျောက်သွားလိုက်နဲ့လှမ်းမြင်နေရတယ်။ နေထွက်ချိန် နေမင်းကြီးဟာ ငွေဆောင်ရွာတန်းရှည်ရဲ့ နောက်ကျောမကျတကျလေးဖက်ကနေ စပြီး အလင်းရောင်လေး စထွက်လာပါတယ်။ နေညိုချိန် ပင်လယ်ထဲ ဆင်းသွားပေမယ့် ပင်လယ်ထဲက စထွက်လာတာမျိုး မဟုတ်ဘူး။ နေအလင်းစလာချိန်ဟာလည်း ခပ်နှေးနှေးနဲ့ အမှောင်ဖျော့လာပြီး အလင်းရောင်လေးက ကောင်းကင်ကို စဖြန့်ကြက်လာပါတယ်။ အလင်းဓာတ်လေး ဖြန့်ကြက်လာတာတာနဲ့ မရှေးမနှောင်းလေးမှာပဲ နောက်ကပါလာတာက ရွှေရောင်သန်းနေတဲ့ အလင်းဓါတ်လေးပါ။ အရှေ့ နေတော့ ထွက်ခဲ့ပြီပေါ့လေ..။
စစ်တွေ View Point ဆည်းဆာ.jpg
Images Credit - Original Source
ရွှေရောင်ဖျော့ဖျော့ နေရဲ့နောက်ခံနဲ့ ခပ်လှမ်းလှမ်းက ကျောက်ကလာပ်စေတီတော်လေးနှစ်ဆူနဲ့ ချစ်သူများကျွန်းလေးကလည်း တစ်စတစ်စ မြင်သာလာခဲ့ပါပြီ။ အမှောင်ထုက အပြီးမကုန်သေး အလင်းဓာတ်တစ်ချို့က ပင်လယ်ပြင်ကြီးကို နဲနဲမြင်သာထင်သာဖြစ်လာအောင် နဲနဲချင်းဖြာကျလာချိန် ပင်လယ်ရဲ့ အအေးဓာတ်ပါတဲ့ လတ်ဆတ်လွန်းတဲ့ ပင်လယ်လေကို ရူရှိုက်ရင်း စိုနေတဲ့ သဲသောင်ပြင် ရေစပ်စပ်မှာ လက်ကလေးပိုက် ခြေဗလာနဲ့လမ်းလျှောက်လို့ ပင်လယ်ရဲ့မြူပါးပါးလေးတွေကို ငေးမောရင်း ကျောက်ကလာပ်စေတီလေးရှိရာကို လမ်းလျှောက်လာချိန်မှာတော့ နေ့သစ်တစ်နေ့ အစပျိုးခဲ့ပြန်ပြီဆိုတဲ့ခံစားချက်က စိတ်ခွန်အားတစ်ခုကို ဖြစ်လာစေတဲ့ခံစားမှုကို ပေးလာသလိုပါပဲ။ နေညိုချိန်နဲ့ ကွာတဲ့ခံစားမှုလေးပေါ့။ လူက ပင်လယ် အအေးဓာတ်တွေကြားထဲမှာ စိတ်ထဲ ငြိမ်းချမ်းလို့ နူးညံ့လှတဲ့ အဖုအထစ်မရှိတဲ့ ရေစပ်စပ်သဲသောင်ပြင်ပေါ် ခြေဗလာနဲ့ လမ်းလျှောက်ရတဲ့ အရသာကလည်း တစ်မျိုးလေးပါပဲ။ တက်ကြွခြင်း ရွှင်လန်းနေခြင်းသဘောတွေ ဖြစ်နေချိန်လေးပေါ့လေ..။

ကျောက်ကလာပ်စေတီကိုရောက်လို့ ဦးတိုက်ပြီးချိန်မှာပဲ သိန်းထွန်းနဲ့ မျိုးမင်းတို့ ဆိုင်ကယ်နဲ့ရောက်ချလာကြတယ်။ အဲဒီမှာ နှစ်ဘီးဆိုင်ကယ်ရော၊ လေးဘီးဆိုင်ကယ်ပါ ငှားတယ်။ စက်ဘီးလည်းငှားတယ်၊ မြင်းလည်းရှိတယ်။ တစ်နာရီဘယ်လောက် နာရီဝက်ဘယ်လောက်ပေါ့။ ဆိုင်ကယ်တွေက ကိုယ်တိုင်မောင်းချင်လည်း မောင်းတတ်ရင် ရော့ ယူသွားဆိုပြီး ပေးလိုက်တာပဲ။ ဒါနဲ့ စီးဘူးတယ်ရှိအောင်ဆိုပြီး ကျောက်ကလာပ်စေတီကနေ ချစ်သူများကျွန်းဖက်ကို မြင်းစီးလာခဲ့တယ်။ ဟိုနှစ်ကောင်ကတော့ ဆိုင်ကယ်နဲ့ပေါ့။
အဲဒီကပြန်လာပြီးမှ တည်းတဲ့ဟိုတယ်မှာ မနက်စာ ဘူဖေးသွားစားကြတယ်။ ထမင်းကြော် ကြာဇံကြော် မုန့်ဟင်းခါး လဘက်ရည် အအေး စမူစာ ကြက်ဥကြော်တွေ ဖရဲသီး သဘောင်္သီး သရက်သီးစိတ်တွေ နောက် ဘာတွေလည်းမမှတ်မိတော့ဘူး။ ကိုယ်စားချင်တာ စားနိုင်တာလောက်ပဲ ကိုယ့်ဘာကိုယ်ကောက်ထည့် ၀ါးတီးဆွဲပေါ့လေ။
ဗိုက်ဖြည့်ပြီး အခန်းပြန်နားနေတုန်းမှာပဲ ၁၀နာရီခွဲ ကားလာကြိုမယ် အသင့်စောင့်နေပါဆိုပြီး ကားသမားဖုန်းဆက်လာတာနဲ့ ပစ္စည်းတွေသိမ်း အခန်းအပ် ခွဲခွါရတော့မယ် ပင်လယ်ပြာကြီးကို လက်ပြနှုတ်ဆက်ကာ ပင်လယ်ရနံ့လေးကို တမေ့တမော ရှုရှိုက်ရင်းးးး
20225988_258122748027363_8780044928446103552_n.jpg
Images Credit - Original Source

ပြီးပါပြီ

မြန်မာ steemit များ အောင်မြင်ကြပါစေ
@kyawhlaing
MSC - 015

Sort:  

ရောက်ဖူးသေးဘူး အခုထိ

သွားလိုက်လေ အနီးဆုံးကမ်းခြေတစ်ခုကို

ဖွဲ့နွဲ့ပြီး​ရေးတတ်​လိုက်​တာ။တကယ်​ပင်​လယ်​နား​ရောက်​သွားသလိုပါပဲ။

ဖတ်ပေးတာကျေးဇူးတင်ပါတယ်ဗျာ

နာတို့ အားတာက သင်္ကြန်ရက်ဆိုတော့ အဲဒီအချိန် သွားတာဆိုတော့
အဲ့လိုဖီးမျိုး မရခဲ့ပါဘူးဟယ် လူတေကများလွန်းလို့ကျယ်ပါတယ်ဆိုတဲ့
ပင်လယ်ကရေကူးစရာတောင်နေရာမရှိဘူး

သင်္ကြန်ရက်တွေသွားနဲ့ပေါ့ အေးဆေးသွား

ပင်​လယ်​ ကမ်​​ခြေကိုအလည်​တောင်​သွားချင်​သွားတယ်​ဗျာ

ဟီး သွားသင့်ဘာတယ်

ပင်လယ်ထဲသွားချင်လာပြီ

အားရင် သွားသင့်တယ်နော်

ကိုချစ် ဘာကြီးစီးနေတာလဲ 😁

မြင်းမ 😁😁

ကမ်း​ခြေမှာ ဖိနပ်​မပါပဲ လမ်း​လျှောက်​ရတဲ့ ဖီးအကြိုက်​ဆုံးပဲ😁😁😁

ဟုတ်ပါ့ဗျာ

ကိုချစ် ပင်လယ်အကြောင်းရေးထားတာက ပြည့်စုံလွန်းတော့ ပင်လယ်ကို ကိုယ်တိုင်ရောက်သွားသလိုပါပဲဗျာ

အင်း ကိုယ်တိုင်ကြုံခဲ့တော့လည်း တွေ့ရာမြင်ရာလျှောက်ရေးတာပါဗျာ
ဖတ်တဲ့သူတွေငြိမ်းငွေ့နေမှာစိုးလို့ ဒီမှာပဲအဆုံးသတ်လိုက်ပါပြီလေ

ရေးထားတာဖတ်ရတာ ပင်လယ်နားမှာထိုင်ကြည့်နေရသလိုပဲ

ကျေးဇူးတင်ပါတယ်ဗျာ

သာယာပါတယ်

တခါတလေသွားကြည့်တာပါ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 64555.14
ETH 3086.03
USDT 1.00
SBD 3.85