Meditation For Mindfulness (8)

in #myanmar5 years ago

FB_IMG_1524973561560.jpg

အားလုံးဘဲ မင်္ဂလာပါ။
ကျွန်တော်ဘာသာရေး postတွေကို ရေးသားတင်ပြတဲ့ ရည်ရွယ်ချက် အရေးကြီးတဲ့ အခြေခံအချက်လေးတွေ သတိထားမိရင် သိသွားရင် အကျိုးရှိစေလိုသောရည်ရွယ်ချက်နဲ့ပါ။ စာအုပ်စာပေ ရှိပေမယ့် မဖတ်ဖြစ်ကြတော့ နားမလည်သလို စိမ်းနေသလို ဖြစ်နေတာကို နည်းနည်းချင်း မိတ်ဆက်ပေးတဲ့သဘောပါ။ တကယ်တမ်းအနှစ်သဘောအရ သဘောတရားပိုင်းကို လေ့လာတဲ့သဘောပါဘဲ။ ပစ္စည်းတစ်ခုကို လေ့လာတဲ့နေရာ ကြည့်ရှူတဲ့နေရာမှာ ရိုးရိုးကြည့် လေ့လာတာနဲ့ အကျယ်ချဲ့ကိရိယာခေါ်မျက်မှန်နဲ့ ကြည့်တာ ကွာသလိုပါ။ သမာဓိမျက်မှန်လေးနဲ့ကြည့်တော့ ပိုမြင်သာသလို အလွယ်တကူ ထင်ရှားတာတွေ့နိုင်တယ်။ မမြင်ရသေးတဲ့ အရာတစ်ခုကို ပုံဖော်ပြီး ကြည့်ရတာထက် မြင်တွေ့နေသောအရာရဲ့ ပြောင်းလဲမှုဖြစ်စဉ်ကို ကြည့်ရှူရတာပိုလွယ်ပါတယ်။ စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို သေသေချာချာ နားလည်ထားဘို့အရေးကြီးပါတယ်။

images (1).jpeg

crd.org.source

နှလုံးသွင်းပြီးနေတာနဲ့ မှတ်နေတာ မတူပါဘူး။ နောက်ပြီး မှတ်နေတာနဲ့ ကြည့်နေတာ မတူပါဘူး။ အမြင်မှာတော့ တရားထိုင်နေတယ်ဆိုပေမယ့် စိတ်ထားပုံထားနည်းက အရမ်းအရေးကြီးပါတယ်။ နလုံးသွင်းတယ်ဆိုတာက ငါတို့ဟာ တစ်နေ့သေရမှာဘဲ၊ ဒီလိုဘဲ သတ္တဝါတွေဟာသေကြရမှဘဲ ဆိုပြီး အမှန်တရားတစ်ခု ကိုစိတ်ထံရိုက်ထည့်နေတာ။ အခုဖြစ်နေတာမဟုတ်ဘူး။ ဖြစ်မယ့်ဟာကို ကြိုတွေးသိထားတဲ့သဘောပေါ့။ မှတ်တယ်ဆိုတာက လှမ်းတယ် ကြွတယ် ချတယ် ကွေးတယ် ဆန့်တယ် စားတယ် ဆိုတဲ့အရာတွေနဲ့ အပိုင်းလိုက် မှတ်တဲ့သဘော ၊သူတို့သဘာဝကို သိချင်လို့ စောင့်ကြည့်တဲ့သဘော ၊ ကြည့်တယ်ဆိုတာက မြင်နေရတာကို ထိုင်ကြည့်နေရတဲ့သဘော၊သူ့မှာပုံဖော်စရာမလိုသလို မလာခင်က စောင့်ကြည့်နေရတာလည်း မဟုတ်ဘူး။ ဇာတ်ကားတစ်ကားကို ကြည့်နေရသလိုမျိုး မြင်နေရတာ။

images (2).jpeg

crd.org.source

အာနာပါနကနေ ဝိပဿနာကူးသောပုဂ္ဂိုလ်များ၊ သမထယာနိကဝိပဿနာလမ်းစဉ်နဲ့ သွားတဲ့ပုဂ္ဂိုလ်များဟာ မိမိခန္ဓာကို ကြည့်လိုက်တာနဲ့ ခန္ဓာရဲ့သဘာဝ မြင်တွေ့ရပါတယ်။ ထိုနည်းနဲ့သွားတဲ့သူတွေဟာ ဝိပဿနာပိုင်းမှာ မှတ်မှုထက် ကြည့်မှု ပိုများပါတယ်။ သမာဓိစွမ်းအားကြောင့် ကွင်းကွင်းကွက်ကွက် မြင်နေရလို့ပါ။ ဝိပဿနာသက်သက် သွားတဲ့နည်းကျတော့ မှတ်မှု များများလုပ်ပေးရပါတယ်။ ဖြစ်ပျက်ကို မမြင်ဘဲနဲ့ သူ့သဘောတရားကို မသိနိုင်ဘူးလေ။ ချက်ချင်း သမထသမားတွေလို ကြည့်လို့မရပါဘူး။ အမှတ်စိပ်စိပ်လေးတွေဖြစ်အောင်လုပ်မှ အထိုက်အလျောက်သမာဓိတွေတက်ပြီး ရုပ်နာမ်သဘာဝကို မြင်ရတာပါ။ နောက်ပြီး အချို့က အခုမှ တရားစ ထိုင်တယ် ၊ ဖြစ် ပျက် ဖြစ် ပျက် ဆိုပြီး မှတ်နေတာဟာ နည်းလမ်းအရ လွဲနေပါတယ်။ မမြင်ဘဲနဲ့ ဖြစ်ပျက် ဖြစ်ပျက် လို့ မှတ်နေတယ် ၊ လေဝင်တာကို ဖြစ် လေထွက်တာကိုပျက်လို့ မှတ်နေကြတာတွေဟာ မှတ်နည်းမှားနေကြတယ်။ ဝိပဿနာမှာ အဆင့်ကျော်လို့မရဘူး။ ကိုယ်ပိုင်လက္ခဏာခေါ် သဘာဝလက္ခဏာ ကို သိဘို့ အရင်လုပ်ရပါတယ်။ အနိစ္စ ဒုက္ခ အနတ္တ လို့ခေါ်တဲ့ အများဆိုင်လက္ခဏာ (သာမညလက္ခဏာ)ကို တန်းလုပ်လို့မရပါဘူး။ မြင်လည်းမမြင်ပါဘူး။ သဘာဝလက္ခဏာကိုသိမှ သာမညလက္ခဏာကို မြင်မှာပါ။ တရားစ ထိုင်ရုံရှိသေး ဖြစ်ပျက်တွေ အနိစ္စ ဒုက္ခ အနတ္တတွေ မှတ်နေခြင်းဟာ တိုးတက်မှုကို ပိတ်စေပါတယ်။ ဥပမာ ဝင်လေထွက်လေရဲ့ သဘာဝလက္ခဏာကို ပထမဦးစွာ သေချာစောင့်ကြည့်ရမယ်။ ဝင်သဘော ထွက်သဘောကို ကြည့်တာများလာမှ သူရဲ့ထူးခြားချက်ကို မြင်တွေ့ရမှာပါ။ မှတ်အားတွေ သမာဓိတွေ ကောင်းလာရင် ဝင်လေထွက်လေရယ် ၊ ဝင်လေထွက်လေထိမှတ်သွားတဲ့ ကာယရယ် ၊ဝင်လေထွက်လေကိုသိမှတ်တဲ့စိတ်ရယ် ဆိုပြီး သုံးမျိုးဖြစ်ပေါ်နေတာ သတိထားမိလာတယ်။ ဝင်လေထွက်လေနဲ့ ထိခတ်သွားတဲ့ ဝင်လေထွက်လေကာယလေးက ပြောင်းလဲနေတာ ဖောက်ပြန်နေတာကို သတိထားမိလာတယ်။ ထိုနှစ်ခုဟာ အမြဲဖောက်ပြန်နေလို့ ရုပ်လို့သိပြီး ထိုအဖြစ်အပျက်နဲ့တစ်ပြိုင်တည်းဖြစ်တဲ့ ဝင်လေထွက်လေကို သိလိုက်တဲ့စိတ်လေးဟာ သိတတ်တဲ့သဘောရှိလို့ နာမ် ဆိုတာ သိလိုက်တယ်။ သုံးခုပေါ်ရာမှာ နှစ်ခုက ဖောက်ပြန်တဲ့သဘောရှိလို့ ရုပ် ၊ တစ်ခုက သိတတ်တဲ့သဘောရှိလို့ နာမ်ဆိုတာကို ပိုင်းပိုင်းခြားခြား ခွဲခွဲခြားခြားသိသွားတယ်။ ဒါကို ရုပ်နာမ်ခွဲခြားသိတဲ့ဉာဏ် နာမရူပပရိစ္ဆေဒဉာဏ်လို့ ခေါ်ဆိုတာပါဘဲ။ ထိုအဆင့်ကိုပထမဆုံး သိအောင်လုပ်ရမှာပါ။ ရုပ်ဆိုတာဘာမှန်းမသိ နာမ်ဆိုတာဘာမှန်းမသိဘဲ တန်း ဖြစ်ပျက်ဆိုပြီး ရောလုံးထွေးမှတ်နေရင် တရားသာထိုင်နေတာ မတိုးတက်သလို ဖြစ်တာပေါ့။ အထက်က ပြောခဲ့သလို ကိုယ်ပိုင်လက္ခဏာလေးတွေကို စောင့်ကြည့်ပါများလာရင် သူတို့ရဲ့သဘာဝကို ပိုမြင်လာပါတယ်။ ရုပ်နာမ်ကို ခွဲခြားတက်ပြီဆိုမှ ဝိပဿနာလမ်းပေါ်ရောက်တာပါ။ ထိုအဆင့်ထိ ဖြစ်ပျက်မလာသေးပါဘူး။အပျက်ကိုသိဘို့ အဖြစ်ကို အရင်သိရဦးမှာပါ။ တစ်ချို့က ဟောစဉ်နဲ့ လုပ်ငန်းစဉ် ရောထွေးနေကြတယ်။ ဟောစဉ်ကတော့ ဖြစ်ပျက်မြင်အောင်ကြည့်လို့ဘဲ ဟောရမှာဘဲလေ။ တကယ်တရားစအားထုတ်မယ်ဆိုရင်တော့ ဖြစ်ပျက်ကို တန်းသွားလို့မရပါဘူး။ ထိုအဆင့်ရောက်ဘို့ ရှေ့မှာအများကြီးလုပ်ရပါသေးတယ်။ ဒီနေ့တော့ ဒီလောက်နဲ့ဘဲ ရပ်နားပါရစေ။ တစ်နေ့တည်း အများကြီး ခေါင်းထဲထည့်ရင် မကောင်းဘူးလေ။အားလုံးကို ကျေးဇူးတင်ပါတယ်။

ကျမ်းကိုး-ကြောင်းကျိုးသိက ကျိုးများလှ(မြစိမ်းတောင်ဆရာတော်)
အာနာပါနဿတိအနှစ်ချုပ်(အရှင်နန္ဒမာလာဘိဝံသ)

MSC-228
@mahaw

Sort:  

ဖတ်တော့ဖတ်တယ် နားမလည်ဘူးဖြစ်နေတယ် ဥာဏ်မမီတာပဲ ဖြစ်မှာပါ

Posted using Partiko Android

ဆက်လက် စောင့်မျှော်လျက်

Posted using Partiko Android

မ​လေ့လာဖြစ်​ဘူး ကိုမ​ဟော်​​ရေ ☺😊

Posted using Partiko Android

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66598.01
ETH 3236.65
USDT 1.00
SBD 4.66