Secret superstar

in #myanmar6 years ago

image

ပြီးခဲ့တဲ့နှစ်ပတ်ကျော်လောက်က အိန္ဒိယရုပ်ရှင်ကားတစ်ကား ကြည့်ဖြစ်ပါတယ်။ကားလေးရဲ့နာမည်က secret superstarတဲ့။လျှို့ဝှက်ပုန်းကွယ်နေတဲ့ နာမည်ကျော်စူပါစတားပေါ့။

ဒီကားမှာ ယောကျာ်းရဲ့အရိုက်အနှက်ကို အမြဲခံရလေ့ရှိပြီးယောကျာ်းကိုလည်းကြောက်ရတဲ့မိခင်ဟာ ယောကျာ်းသိရင် ရိုက်မယ်မှန်းသိရက်နဲ့ မိမိရဲ့ဆွဲကြိုလေးရောင်းပြီး သမီးအတွက် laptopဝယ်ပေးပါတယ်။သမီးဖြစ်သူဟာ အသံအလွန်ကောင်းသလို သီချင်းဆိုတာလည်း အလွန်ဝါသနာပါသည့်အတွက် သူသီချင်းဆိုတဲ့ ဗီဒီယိုလေးကို secret superstarဆိုတဲ့ ခေါင်းစဉ်နဲ့ youtubeမှာ တင်လိုက်ပါတယ်။သို့သော် ဖခင်ဖြစ်သူသိလျှင် သူရောသူ့မိခင်ပါ အိမ်ပေါ်မှနှင်ချခံရမှာ စိုးတဲ့အတွက် မျက်နှာကိုတော့ဖုံးကွယ်ပြီးတင်ပါတယ်။ဒီဗီဒီယိုလေးဟာ လူကြိုက်များလာပြီး နိုင်ငံတကာကောသူနိုင်ငံကပါ ပရိသတ်တွေရှိလာပါတယ်။သူ့နိုင်ငံမှာဆိုရင် နေရာအနှံ့မှာ လူတွေက သူ့ဗီဒီယိုကို ကြည့်နေကြလေ့ရှိပါတယ်။သူမှန်းတော့ သူအမေနဲ့မောင်လေးအပြင် သူဘာသာသူရိပ်မိသိရှိသွားတဲ့ ယောကျာ်းလေးသူငယ်ချင်းတစ်ယောက်ကလွဲရင် ဘယ်သူမှမသိပါဘူး။

ဒီလိုနဲ့သူဟာ သူ့သီချင်းဗီဒီယိုလေးအောင်မြင်မှု့ကြောင့် ပျော်ရွှင်နေတုန်းမှာပဲ ကျူရှင်ကစစ်တဲ့စာမေးပွဲမှာ အမှတ်နည်းမှု့ကြောင့် သူသိပ်မြတ်နိုးတဲ့ သူသီချင်းဆိုတဲ့အခါအသုံးပြုတဲ့ ဂီတာလေးရဲ့ ဂီတာကြိုးတွေ ဖခင် ဖြတ်ပစ်တာ ခံလိုက်ရပါတယ်။ဒါ့အပြင် တစ်နေ့မှာ ဆွဲကြိုးမရှိတော့တာ ဖခင်ဖြစ်သူသိရှိသွားတဲ့အတွက် မိခင်ဖြစ်သူရိုက်နှက်ခံနေရတဲ့အခြေအနေကနေလွတ်အောင် သူ့ရဲ့laptopလေးကိုပါ ဖျက်ဆီးပစ်ခဲ့ရပါတယ်။laptopလေးမရှိတော့ ဗီဒီယိုလည်းမတင်နိုင် ပရိသတ်တွေနဲ့လည်းonlineကနေ မဆက်သွယ်နိုင်တော့ပါဘူး။ဒီလိုမျှော်လင့်ချက်တွေ ပျော်ရွှင်မှု့တွေ ပျောက်ဆုံးသွားတဲ့သူမအပေါ် နောက်ထပ်သတင်းဆိုးတစ်ခုက ထပ်ရောက်လာပြန်ပါတယ်။

အဲ့ဒါကတော့ ဖခင်ဖြစ်သူဟာ ကုမ္ပဏီတစ်ခုမှာ အလုပ်ရတဲ့အတွက် အခြားမြို့ကိုပြောင်းရမဲ့အပြင် သူ့ကိုလည်း သူငယ်ချင်းတစ်ယောက်ရဲ့သားဖြစ်သူနဲ့လက်ထပ်ပေးမယ်ဆိုတဲ့ သတင်းပါ။ငယ်ရွယ်သေးတဲ့သူမဟာ လက်မထပ်ချင်သေးတဲ့အတွက် မိခင်ဖြစ်သူနဲ့ ဆွေးနွေးတိုင်ပင်ပေမဲ့ ပျော့ညံ့ပြီးယောကျာ်းအမိန့်ကိုမလွန်ဆန်ရဲတဲ့ မိခင်ဖြစ်သူဆီက ဘာအကူအညီမှမရခဲ့ပါဘူး။ဒီလိုနဲ့သူမဟာ သူငယ်ချင်းဖြစ်သူနဲ့ဆွေးနွေးတိုင်ပင်ပြီး တစ်ခါက onlineကနေဆက်သွယ်ဖူးတဲ့ နာမည်ကြီးအဆိုတော်တေးရေးဆရာထုတ်လုပ်သူတစ်ယောက်နဲ့တွေ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ထိုအဆိုတော်ထုတ်လုပ်သူရှိရာမြို့သို့ သူငယ်ချင်းဖြစ်သူလမ်းညွှန်တဲ့အတိုင်း တစ်ယောက်တည်း လေယဉ်နဲ့အောင်အောင်မြင်မြင် သွားနိုင်ခဲ့ပြီး သီချင်းကိုလည်း အစပိုင်းမှာ ထိုထုတ်လုပ်သူနဲ့အနည်းငယ် ကတောက်ကဆဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ သီချင်းကောင်းတစ်ပုဒ်ကို အောင်အောင်မြင်မြင်နဲ့ အသံသွင်းနိုင်ခဲ့ပါတယ်။ဖခင်ထံမှ ထွက်ပြေးတဲ့အခါ အကူအညီပေးဖို့လည်း ပြောဆိုခဲ့ပြီး နောက်ထပ် ထိုအဆိုတော်ထုတ်လုပ်သူနဲ့ ကွာရှင်းပြတ်စဲထားတဲ့ နာမည်ကျော်ရှေ့နေမကြီးထံမှာပါ မိခင်ဖြစ်သူဟာ ဖခင်ဖြစ်သူရဲ့အရိုက်အနှက်အမြဲခံနေရကြောင်းပြောပြပြီး ကွာရှင်းပေးဖို့ အကူအညီတောင်းခံခဲ့ပါတယ်။ထိုအခါ ရှေ့နေမကြီးက မိခင်ဖြစ်သူကို ပြသပြီး လက်မှတ်ထိုးခိုင်းဖို့ စာချုပ်တစ်ချို့ ပေးလိုက်ပါတယ်။

အိမ်ပြန်ရောက်တဲ့အခါ မိခင်ကိုဖခင်ဖြစ်သူနဲ့ကွာရှင်းဖို့စာချုပ်တွေပြသပေမဲ့ မိခင်ဖြစ်သူက သဘောမတူပါဘူး။သမီးဖြစ်သူကိုလည်း တစ်ခါမှမသွားဘူးတဲ့အခြားနေရာကို လူကြီးမိဘမပါဘဲ တစ်ယောက်တည်းသွားတဲ့အတွက် ဆူပူကြိမ်းမောင်းပါတယ်။ဒီကိစ္စနဲ့ မိခင်နဲ့သမီးဖြစ်သူဟာ စကားအခြေအတင်ဖြစ်ပွားခဲ့ပါတယ်။သူတို့သားအမိဖြစ်နေတဲ့အခြေအနေကိုသိနေတဲ့  အဘွားဖြစ်သူဟာ မိခင်မရှိခိုက် မြေးဖြစ်သူအား မိခင်စကားနားထောင်ဖို့ ဆုံးမပြီး ကိုယ်ဝန်ဆောင်စဉ်က အဖြစ်အပျက်တစ်ခုကိုလည်း ပြောပြလိုက်ပါတယ်။တကယ်တော့ မိခင်ဖြစ်သူဟာ သမီးဖြစ်သူကိုယ်ဝန်ဆောင်စဉ်က ယောကျာ်းဖြစ်သူနဲ့ဆွေမျိုးများက မိန်းကလေးမွေးမှာကို မလိုချင်တဲ့အတွက် ဆူပူရိုက်နှက်ပြီးကိုယ်ဝန်ဖျက်ချခိုင်းတာခံခဲ့ရပါတယ်။ဒါကြောင့် မိခင်ဖြစ်သူဟာ ကလေးမွေးဖွားဖို့အတွက် ဖခင်ဖြစ်သူအန္တရာယ်လွတ်ရာ နေရာတစ်ခုမှာ အချိန်ကာလအတိုင်းအတာတစ်ခု အထိ ပုန်းခိုပြီးကလေးမွေးဖွားခဲ့ရပါတယ်။နောက်မှ ဖခင်ဖြစ်သူထံကလေးနဲ့အတူ ပြန်သွားခဲ့ပါတယ်။ဒီအကြောင်း တွေကို သိရှိသွားတဲ့သူမဟာ မိခင်ဖြစ်သူနဲ့စကားများခဲ့တာကို နောင်တရသွားပြီး နောက်ဆုံးမိခင်ဆန္ဒအတိုင်း ဖခင်နောက်ပဲလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ကျောင်းကနောက်ဆုံးစာမေးပွဲကြီးဖြေဆိုရက်တွေဟာလည်း ပြီးတော့မှာဖြစ်သလို ဖခင်နောက်လိုက်ပြီး အခြားမြို့ကို ပြောင်းရမဲ့အချိန်ဟာလည်း နီးကပ်လာခဲ့ပါတယ်။ ထိုအချိန်မှာပဲ တေးသံသွင်းမှာ သူသီဆိုထားတဲ့သီချင်းဟာ ဂီတဆုပေးပွဲတစ်ခုမှာ ဆန်ကာတင်စာရင်းထဲ ပါဝင်နေပြန်ပါတယ်။ဆုပေးပွဲတက်ရောက်ဖို့ကိုတော့ သူငယ်ချင်းဖြစ်သူနဲ့ထုတ်လုပ်သူဆရာကိုပဲတက်ရောက်ပေးဖို့ ပြောလိုက်ပါတယ်။ဂီတဆုပေးပွဲနေ့နဲ့ဖခင်နောက်လိုက်ပြီးလေဆိပ်သွားရမဲ့နေ့ဟာလည်း တစ်ရက်တည်းအတူတူဖြစ်နေပါတယ်။အဲ့ဒီ့နေ့ရောက်တဲ့အခါမှာတော့ သူတို့မိသားစုဟာ အထုပ်အပိုးတွေထုပ်ပိုးပြီး လေဆိပ်ကိုထွက်လာခဲ့ပါတယ်။အထုပ်အပိုးတွေထဲမှာ သူကြိုက်တဲ့ဂီတာလေးကိုလည်း မိခင်ဖြစ်သူဟာ မမေ့မလျောဘဲ အထုပ်အပိုးများထက်မှာ တင်ထားပေးခဲ့ပါတယ်။

လေဆိပ်ရောက်တဲ့အခါမှာတော့ အထုပ်အပိုးတွေများနေတဲ့အတွက် ပစ္စည်းတစ်ချို့လျော့ဖို့ ဒါမှမဟုတ် ပိုက်ဆံထပ်ပေးဖို့ပြောတဲ့အခါ ဖခင်ဖြစ်သူဟာ ပိုက်ဆံထပ်မပေးပဲ သမီးဖြစ်သူရဲ့အဖော်မွန်ဂီတာလေးကိုသာ လေဆိပ်ကအမှိုက်ပုံးမှာ လွှင့်ပစ်ထားခဲ့ဖို့ပြောပါတယ်။ထိုအခါ မိခင်ဖြစ်သူဟာ ယောက်ျားဖြစ်သူဆီလိုက်နေမဲ့ သမီးအတွက် ဒီဂီတာလေးဟာ မရှိမဖြစ်လိုအပ်ကြောင်း,လုံးဝမထားခဲ့နိုင်ကြောင်း ပြောကာထားခဲ့ဖို့ငြင်းဆန်လိုက်ပါတယ်။ဖခင်ဖြစ်သူဟာ ထုံးစံအတိုင်းအော်ဟစ်ပြီး နောက်ဆုံးမှာ မထားခဲ့လျှင် လူမြင်ကွင်းမှာပဲ မိန်းမကိုရိုက်မယ်လို့ပြောဆိုခြိမ်းခြောက်ပေမဲ့ ဒီတစ်ခါမှာတော့ မိခင်ဖြစ်သူဟာ အလျော့မပေးတော့ပါဘူး။နောက်ဆုံးမှာတော့ ကွာရှင်းဖို့ သမီးဖြစ်သူပေးထားတဲ့ စာချုပ်ကိုပါ လက်မှတ်ရေးထိုးပြီး ဖခင်ဖြစ်သူကိုပေးကာ သမီးဖြစ်သူနဲ့သားဖြစ်သူကိုခေါ်ကာ လေဆိပ်မှ ထွက်လာခဲ့ပါတယ်။

လေဆိပ်ကနေထွက်ပြီး သားအမိသုံးယောက်ဟာ ဂီတဆုပေးပွဲရှိရာသို့ အမြန်ဆုံးရောက်လာခဲ့ပေမဲ့ သူမဟာ ဆုမရခဲ့ပါဘူး။အခြားအဆိုတော်မလေးက ဆုတက်ယူပေမဲ့ ဆုပေးတဲ့အခါ တကယ်တန်းတော့ ဒီနှစ်သူဒီဆုနဲ့မထိုက်တန်ပါဘူး secret superstarနဲ့သာ ထိုက်တန်ပါတယ်ဟု ဆိုကာ စင်မြင်ထက်ကနေ secret superstar နာမည်ကိုခေါ်ကာ ဆုတက်ယူဖို့ ဖိတ်ကြားလိုက်ပါတယ်။နောက်ဆုံးမှာတော့ သူမဟာ စင်မြင့်ပေါ်သို့တက်ကာ ဆုယူဖို့အခွင့်အရေးရခဲ့ပါတယ်။ဆုမယူခင်လေးမှာ သူမဟာ ဝမ်းနည်းဝမ်းသာပျော်ရွှင် ကြည်နူးမှု့တွေနဲ့အတူ စကားလေးတစ်ခွန်းပြောကြားခဲ့ပါတယ်။ဒီစကားကတော့ "တကယ့် secret superstarဟာ သူမဟုတ်ပါဘူး။သူအမေပါပဲတဲ့"။ထိုစကားနဲ့အတူမျက်ရည်တွေနဲ့စင်အောက်က မိခင်ရှိရာဆီသို့လည်း သွားရောက် ပွေ့ဖက်ပေးခဲ့ပါတယ်။

ဇာတ်လမ်းလေးကြည့်နေရင်း ဒီစကားကြားလိုက်ရတဲ့ အခါ ကျွန်မဟာလည်း သမီးဖြစ်သူရဲ့စကားကို နှစ်ထောင်းအားရ သဘောတူ လက်ခံမိပါတယ်။ဟုတ်ပါတယ်။ကျွန်မတို့ကို အောင်မြင်တိုးတက်အောင် နောက်ကွယ်ကနေ အနစ်နာခံပံ့ပိုးပေးတဲ့ မိဘ,မောင်နှမ,ဆွေမျိုးသားချင်း,အဖွဲ့အစည်းအားလုံးဟာ တကယ့် secret superstarတွေပါ။သူတို့ရှိလို့ သူတို့ပံ့ပိုးပေးလို့ ကျွန်မတို့ အောင်မြင်တိုးတက်နိုင်တာပါ။ယခုဆိုလျှင် ကျွန်မတို့ sbdတွေspတွေနဲ့ ငွေကြေးတွေရရှိနိုင်တာလည်း MSCနဲ့steemitဆိုတဲ့ secret superstarကြီးတွေကြောင့်ပါ။ဒါကြောင့် ကျွန်မတို့ အောင်မြင်တိုးတက်အောင် ကူညီပံ့ပိုးပေးကြတဲ့ နောက်ကွယ်က secret superstarတွေရဲ့ ကျေးဇူးများကို မမေ့ဘဲ အတတ်နိုင်ဆုံးပြန်လည်တုံ့ပြန်ကြပါစို့လို့ တိုက်တွန်းရင်း စာလေးကိုနိဂုံးချုပ်လိုက်ပါတယ်။

photo credit-https://www.maxpixel.net/

Author-myothuzar,MSC-033

Sort:  

ကျေးဇူးရှင်ကိုသိတတ်တာလည်း မင်္ဂလာတစ်ပါး

မှန်ပါတယ်။

ပံ့ပိုးကူညီသူမရှိပဲ တစ်ယောက်ထဲ အောင်မြင်လာသူရယ်လို့ မရှိပါဘူးဗျာ။ရေးပြသွားတာ ကောင်းပါပေတယ်ဗျာ။

ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်။

တင်ပြတာကောင်းပါတယ်ဗျာ

ဟုတ်ကဲ့ပါ။ကျေးဇူးတင်ပါတယ်။

အဲ့ကား hit စြ်​​နေတယ်

ဟုတ်တယ်။ကြည့်ပြီး ကြိုက်သွားတာပဲ။ဇာတ်လမ်းလေး အရမ်းကောင်းတယ်။

အဲ့ကားလေးကြည့်ချင်မိတယ်ဗျာ

အခွေဆိုင်တွေမှာ လိုက်ရှာကြည့်ရင် ရှိနိုင်ပါတယ်။

ဖတ်​ရတာအရမ်း​ကောင်းတယ်​ အမ​ရေ...။

ဟုတ်ကဲ့။ကျေးဇူးပါ။

မှန်​ပါတယ်​ရှင်​။ထိထိ​ရောက်​​ရောက်​ကူညီ​ပေးတဲ့အဖွဲ့ကြီးရှိလို့သာကျွန်​မတိုးရပ်​တည်​နိုင်​တာပါ။

ဟုတ်ပါတယ်။

အထောက်ပံကလည်းတစ်ဒောင်ါတစ်နေရာကလိုအပ်ပါတယ်။ကြိုးစားမှုပါပါတော့ပိုအောင်မြင်တာပေါ့

မှန်ပါတယ်။အထောက်အပံ့နဲ့ကြိုးစားမှု့ဟာ အောင်မြင်မှု့အတွက် အရေးကြီးပါတယ်။

image credit ကို မူရင်းလင့်အပြည့်အစုံပေးစေချင်ပါတယ်။

You got a 100% upvote from @steempowergroup1 courtesy of @myothuzar ! It is a cool free !

အောက်မှာပုံလင့်ပေးထားတယ်လေ။

ခုနောက်ပိုင်းကြည့်ရတဲ့ အိန္ဒယကားတွေမှာ ပညာပေးတွေအများကြီးပါ၊ ဆရာဆို တစ်ချို့ ကိုကူးယူထားတယ်။သင်ကြားရေးလုပ်ဖို့။

ဟုတ်တယ်ဆရာ။အိန္ဒိယကားတွေကောင်းတယ်။သူတို့ကလည်းအစုံရိုက်တယ်။ပညာပေးတွေရော,ဘဝအကြောင်းတွေရော,အက်ရှင်ကား,အချစ်ကားတွေရော စုံနေတာပဲ။မြန်မာလို ချစ်ကြိုက်ကြွဲငားချည်း မဟုတ်ဘူး။

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66785.29
ETH 3229.75
USDT 1.00
SBD 4.30