I want a cane stick ( Continued )

in #myanmar6 years ago

ကြိမ်လုံးကလေး လိုချင်မိသည် ...


flame-1363003__480.jpg

Source


ဆရာဆိုတာ ...
အများတကာထက်
ခေါင်းပိုမြင့်သည့်အလား
လေးစားသမှု ဂုဏ်ပုဒ်ထူးဖြင့်
ပတ်ဝန်းကျင်က အပ်နှင်းသည့်အရာ
မဟုတ်ပါဘဲ ရှေးက ကြိုးကုတ်အားထုတ်မှုနဲ့
ကိုယ့်ဝန်းကျင်ထက် ပိုမိုများသည့် ပညာဥာဏ်ဖြင့်
မိမိအလင်းကို မီးကူးပေးရင်း လောင်ကျွမ်းသွားသော
ထွန်းတောက်လင်းသည့် ဖယောင်းမီး၏ ဆင်းသက်လာရာ
မီးဇာကုန်ဆီခမ်း ပီတိကိုသာ စားနေရသည့် မှိန်ပျပျအလင်းရှင်ပါ ...


အပိုင်း (၁) မှ အဆက် ...

တစ်ခါတစ်လေတော့ တွေးမိသည်။ အကောင်းအတိုင်းကျန်တယ်ဆိုတာ ဘာကို ပြောတာလဲ ... ကိုယ်ခန္ဓာကိုလား ... စိတ်ဓာတ်ကိုလား။ ကိုယ်ခန္ဓာ အတ္တဘောကတော့ ကျားကိုးစီး မကုန်ပေမယ့် စဉ်းစားဆင်ခြင်ဥာဏ်ကတော့ လိုတဲ့နေရာမှာ ပုရွက်ဆိတ်လောက်တောင် မရှိဘဲ ဖြစ်သွားနိုင်တာ မသိကြဘူးလား။ ဆရာအဆက်ဆက်ရဲ့လက်ထဲကနေ ထွက်လာတဲ့ ကိုယ့်ကလေးတွေက ကိုယ့်အာဘော် မဝင်နိုင်တာကို သည်းခံပေးရပါတယ်။ မိမိသက်သာရာရှာတဲ့ ဆရာတချို့ကြောင့် မိမိလက်ထဲမှာ မသက်သာတော့တဲ့ ကလေးတွေက မိမိကို မုန်းချင်မုန်းပါစေ ... သူတို့ကို မိမိသိသလို သိစေချင်သည့် စိတ်ဖြင့် လုပ်တော့ ကိုယ့်မှာ အရမ်းပင်ပန်းသွားရသည်။

စာကို အလွတ်ကျက် အလွတ်ဖြေစနစ်က ကလေးတွေရဲ့ ကစားချင်ဇော ထက်သန်မှုနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ မှားယွင်းတဲ့အကျင့်ဖြစ်လာသည်။ စာခေါ်ပေးတဲ့အခါ ကျောက်သင်ပုန်းမှာ စာရေးပေးတဲ့အခါ ပြည့်စုံပြီ ထင်ချင် ထင်ကြပါမည်။ သို့သော်လည်း မျက်စိအားနည်းသည့်ကလေး နောက်တန်းက မျက်စိအားနည်းသည့် ကလေးများက ၄င်းစာကို မည်သို့ မှန်အောင် ကူးပါမည်နည်း။ စာခေါ်သော်လည်း အသံက တိုးသည့်အခါ ကလေးပီပီ အာရုံများနေသည့် အခါ မည်သို့ မှန်အောင် ရေးနိုင်ပါမည်နည်း။ ကစားချင်ဇောဖြင့် စာအုပ်မှာ စာရှိရင် ပြီးရော ... သတ်ပုံမှားနေသည်များကိုလည်း မည်သို့ ပြင်ဆင်ပေးပါသနည်း။ ရေးပေးသည့်စာများကို ဖြေလာသည့်အခါ မှားသည်များကို ကလေးက သျှမ်းတယ်ဟု အကြောင်းပြချက်တစ်ချက်တည်းဖြင့် ကလေးစိတ်ထဲမှာ မိမိက ဒီလိုအကျင့်ရှိတတ်သည်ဟု အဘယ့်ကြောင့် ထင်မှတ်သွားအောင် လုပ်ရပါသနည်း။ ကလေးစာကူးတာ အဆင်မပြေမှုကြောင့် ကျက်မှတ်ရာမှာလည်း မှားယွင်းတာ ဖြစ်နိုင်ကြောင်း အဘယ်ကြောင့် မသုံးသပ်ရပါသနည်း။ လက်ပူတိုက်လာသည့်ကားကို မိမိဝပ်ရှော့မှာမှ အင်ဂျင်ချတော့ အသေးစိတ်လိုက်လံပြုပြင်နေရပါသည်။ မဖြစ်သင့်သည့် အပြစ်အနာအထာများကို ဖာထေးနေရသည်။ ထို့ပြင် ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးကာမှ ဆေးကြောင့် မလေးအောင်လည်း သတိထားရပြန်သည်။

အကျိုးရှိက အကြောင်းရှိတယ်ဆိုသည့် စကားက ဘယ်အရာမဆို မှန်ပါသည်။ ကလေးများ၏ လက်ဦးဆရာက အမိနဲ့ အဖပါ။ ထို့နောက် ကျောင်းက ဆရာ/ ဆရာမက သွန်သင်ဆုံးမရသည်။ ၄င်းအမိအဖနှင့် ဆရာ/ ဆရာမမှာလည်း အလားတူ အမိအဖ ဆရာ/ ဆရာမတွေ ရှိခဲ့ဖူးသည်။ ၄င်းတို့ဟာ ပန်းခင်းလမ်းကို လျှောက်ခဲ့ရသူတွေ ဖြစ်ကောင်းဖြစ်မည်။ ထို့ကြောင့် လမ်းကြမ်းက တပည့်များကို မည်သို့ လျှောက်ခိုင်းမလဲ မသိခြင်းက ဖြစ်တန်ရာသည်။ ဆူးလမ်းခရီးကို ဖြတ်သန်းရသူလည်း ရှိမည်။ ထို့ကြောင့် အလကားနေရင်း ခရီးလမ်းကို ကွင်းရှောင်ခိုင်းသည့် အကျင့်က ပါကောင်း ပါလာပါမည်။ ဥပမာအားဖြင့် မိမိသည် အမိအဖနှင့် အတူနေခွင့် မရသူပါ။ ဆရာ/ ဆရာမများကိုသာ အမိအဖနှင့်မခြား ချစ်ခင်ခဲ့ရသော်လည်း ၄င်းဆရာ/ ဆရာမက နင်တို့ကို စာသင်တာ ငါတို့ကျောင်းနာမည်ရဖို့ ... ဒါကြောင့် နင်တို့ မကျအောင် အတင်းသင်ပေးနေရတာ ဆိုတဲ့ စကားကို စိတ်နာသွားတဲ့အခါ ကိုယ် စာသင်ကြားခွင့်ကြုံသည့်အခိုက်မှာ စေတနာကို ဖောဖောသီသီသုံးနိုင်အောင် ကြိုးစားပြီး ဆရာပါး မဝသေးမှုနဲ့အတူ ဂရုဏာဒေါသောတွေလည်း ပေါပေါများများ လျှံထွက်လာပါသည်။

ဒီနှစ် အတန်း ၃ တန်း သင်ဖို့ လက်ခံသည့်အခါ သာထူးတက်သည့်အတန်းက လာအပ်သူမှာ သာထူးတစ်ဦးတည်း ရှိတာကြောင့် သူ့ကို အနီးကပ် သင်ကြားပေးနိုင်ခဲ့ပါသည်။ ပြင်စရာတွေကို ပြင်ပေးသော်လည်း သူ့ရဲ့ ပေါ့ဆမှုက ကိုယ်ပေးသမျှ မရယူနိုင်အောင် ဟန့်တားနေခဲ့ပါသည်။ စာလည်း သင်သည်။ နည်းစနစ်လည်း ပြုပြင်ပေးသည်။ သို့သော် အမှတ်သညာမထားမှုကြောင့် မိမိအားထုတ်မှုမှာ သဲထဲ ရေသွန်ဖြစ်လာရသည်။ အချိန်တွေ ကုန်သွားသော်လည်း သူ့မှာ စာမရသောအခါ မိမိ၏ နည်းဗျူဟာများကလည်း ပြောင်းလာရသည်။ သွေးဆေးတိုက်နေရာမှ ဓာတ်ကြမ်းတိုက်ရသည်။ ဖိအားတွေ တအားပေးရသည်။ ပုံပြင်တစ်ပုဒ်ထဲကလို အိမ်အရမ်းကျဉ်းပြီး မိသားစု ၁၀ ဦးနှင့် မဆန့်မပြဲဖြစ်နေသည့် အိမ်ထဲကို အိမ်မွေးတိရိစ္ဆာန် တစ်ကောင်ပြီး တစ်ကောင်သွင်းပြီး ရက်အတော်ကြာ နေခိုင်းပြီးမှ တစ်ဖန် တစ်ကောင်ပြီး တစ်ကောင်ပြန်ထုတ်တဲ့အခါ မူလအခြေအနေအတိုင်း ဖြစ်သွားပေမယ့် အခုမှ အိမ်က ကျယ်သွားတယ်ဟု ပြောစရာဖြစ်အောင် ကြိုးစားရသည်။ ထည့်မတွက်မိတာက သူက မိမိပေးတဲ့ ဖိအားကို ခံယူဖို့ စိတ်ဓာတ်ခွန်အား မကြီးမားဘူးဆိုတာပါ။ ဖိအားကို ရှောင်သည်။ ကျောင်းစာသာ ပုံမှန် မဟုတ်သည်။ ဘောကန်တာကိုတော့ ဝါသနာကြီးပြီး ကျမ်းမာရေးချူချာတာကလည်း ရှိသေးသည်။ ထို့ကြောင့် ကျောင်းပြေးသည်။ ထို့ကြောင့် စာနောက်ကျရပြန်သည်။ တစ်ခါတစ်လေ စာတစ်ပုဒ်ကို နှစ်ရက်ကြာသည့်တိုင်အောင် မရသည့် အဖြစ်အပျက်များကလည်း ရှိသည်။

အခုလည်း ကျောင်းပြေးပြန်ပြီ။ စာသင်တာ တစ်ရက်နောက်ကျဦးမည်။ ကလေးဗဟိုပြုစနစ်က ကောင်းပါသည်။ သို့သော် ဗဟိုပြုသည့် ကလေးက ဘေးထွက်ထိုင်နေသည့်အခါ ဆရာက စက်ဝိုင်းအလယ်ရောက်သွားသည်။ ရိုက်နှက်တာက ကလေးကို စိတ်ဒဏ်ရာ ရစေသည်ဆိုပေမယ့် ရိုက်နှက်မှုဖြင့် ယဉ်ပါးလာသည့် ကလေးမှာတော့ ကျွဲပါးစောင်းတီးသလို အဖြစ်မျိုး ဖန်တီးခံသွားရသည်။ တုတ်မှတစ်ပါး အခြားဆေး မတိုးတော့ပါ။ မိမိစာ စတင်ပြတုန်းက ကြွေးကျော်ခဲ့သလို သေချာနားလည်အောင် ရှင်းပြမယ်ဆိုတဲ့ အသံက ပဲ့တင်ထပ်မလာဘဲ လေထဲမှာ မျောပါပျောက်ကွယ်သွားရပါပြီ။ ယခုတော့ မိမိလက်ထဲမှာ ကြိမ်လုံးကောင်းကောင်းတစ်ချောင်းသာ ရယူချင်သည့် စိတ်ဖြစ်ပေါ်နေသည်။ ဆရာ့ဒေါသကို ဖြေဖျောက်ချင်လို့ မဖြစ်စေရဘဲ အနာနဲ့ဆေး တည့်အောင် ပေးရသည်ဟုပဲ သဘောထားရပါတော့မည်။


school-1019989__480.jpg

Source


@sawlwin

MSC 176

Sort:  

အဓိကသူတို့စိတ်​ထဲအသိဝင်​​အောင်​​ပြောပြဖို.ပါ....အချို့ကလည်းအ​ပြော​လောက်​နဲ့မရပါဘူး....

တုတ်က နည်းလမ်းတစ်ခုဖြစ်သွားရင်ရော

ဟုတ်​တယ်​.....ဒါလည်း​တွေးစရာဘဲ...

ဖြစ်လာမယ့်အဖြေကိုကြိုတင်မှန်း ဆပြီးမှ action ယူရပါတယ်

ရိုက်နှက်ဆုံးမတာထက် တခြားပိုကောင်းတဲ့ နည်းလမ်းတွေ ရှာတွေ့ပါစေလို့ မျှော်လင့်တယ် ဘာအပြစ်လုပ်လုပ် အရိုက်ခံရရင် ပြီးသွားတာပဲ ဆိုတဲ့ အတွေးမျိုးတွေ ကလေးစိတ်ထဲ ဝင်သွားမှာလည်း စိုးရိမ်ရမယ်

မိမိအပြစ်က ဘာလဲ သိစြေ ပီး ၄င်းအမှားအတွက် တာဝန်ယူခိုင်းတာ ၄င်းအမှားလုပ်မိတာကို သတိပေးတာ ဖြစ်အောင် ရည်ရွယ်တ်ာဆိုရင်ရော ဦးဇင်း

ဘီလိုပြောရပါ့ ကလေး အခြေနေ အရပေါ့လေ ။

ကလေးက အဲဒီအခြေအနေပါ

ဆရာ ဆိုတာ သွန်သင်ပြရုံထက် စံနမူနာ လုပ် ပြ နိုင်ရင် ပိုကောင်းပါမယ်...

ဘယ်လို စံနမူလဲ

သူတို့ က ဘာစံနမူနာကြိုက်မယ် ထင်သလဲ

ကလေးများပြုလုပ်လိုက်တဲ့အပေါ်မှာနှုတ်နဲ့ဆုးံမစကားပြောသင့်တာပြော ရိုက်သင့်မှရိုက်တာအကောင်းဆုးံပါကလေးများ၏စိတ်ဟာမတူညီကြတဲ့တွက်အခြေအနေကြည့်ဆုးံမသွန်သင်သင့်ပါတယ်

ရိုက်တာ ခံရတာ များလို့ ထုံသွားပြီး တခြားဆေး မတိုးဘူး ဆိုရင်ရော

ရိုက်ပါများတဲ့ကလေးက ထုံသွားတယ်
သူကပိုပြီးရွဲ့ လာတယ်

ရိုက်တာ တစ်ခု နားလည်တာ တစ်ခု ကဏ္ဍခွဲကြည့်ရင်ရော

ရိုက်တာ ဘာလို့လဲ ဆိုတာ သိမယ် ကိုယ့်အပြစ်ကို မြင်မယ်ဆိုရင် ကောင်းတဲ့ဘက်ရောက်မယ် ပြု ပြင်မယ်

အပြစ်ကို မသိဘဲ ရိုက်တာဘဲ ကလေးက မြင်သွားရင် အဆိုးဘက် ဦးတည်ပေးသလို ဖြစ်မယ်

ဟုတ်တယ်။တစ်ချို့တွေဆို မိမိက သူတို့ကောင်းဖို့ပြောတာ သူတို့အနေနဲ့သူတို့အပေါ် စိုးမိုးတယ်ဆိုပြီးထင်ကာ မုန်းတတ်ကြသည်

နားလည်အောင် မပြောလို့ပါ

ခုလောလောဆယ်တော့ ဖိုးသားလေးကို ကျောင်းပို့ထားရတော့ သူ့ခင်ဗျာ ငယ်ငယ်ပိစိလေးနဲ့ စာတွေသင်ခံနေရတယ်လို့ ခံစားမိတယ်။ ကဗျာတွေ စာတွေဆိုနေတာ ကြားရရင် စိတ်ထဲ ဖိစီးမှုကြီးကိုဖြစ်လို့ပဲ။ ဘယ်လိုမှ မလွှဲသာ ကလေးထိန်းနဲ့လည်း မထားချင်တော့ ကျောင်းမှာပဲ စိတ်ချရတာမို့ သွားထားထားရတော့ မကောင်းတဲ့အကျင့်တွေလည်း တတ်လာတာ။

အိမ်မှာ မိဘက စစ်ဆေးပေးသင့်တယ် မကြိုက်တာ ရှိရင် ဆရာမနဲ့ သွားဆွေးနွေးရမယ် မိဘနဲ့ဆရာ ပူးပေါင်း ကလေးပညာရေးကောင်းဆိုတာ ဒါကို ပြောတာပါ မဟုတ်ရင် ကလေးအတွက် confuse ဖြစ်မယ်

အပြစ်ပေးတဲ့အခါသူတို့အတွက်ပိုအကျိုးရှိမယ့်
စာပိုကျက်ခိုင်းတာ သချာင်္ပိုတွက်ခိုင်းတာ
အဲ့လိုလေးတွေလုပ်သင့်ပါတယ်
ဒါမှလည်းသူတို့တွေပိုပိုတိုးတက်လာမှာပါ

ထည့်ပေးထားပါတယ် အချိန်ကြာပြီး စာ မငြီးငွေ့အောင် တွန်းတိုက်ရတာတွေလည်း ရှိတယ်

ဟုတ်ပါတယ်။ တကယ်ကဆရာတွေကတစ်ယောက်ချင်းစီရဲ့ အခက်အခဲတွေကိုနားလည်ပေးနိုင်ရင်တော့ တပည့်တွေကိုပိုတော်လာတတ်တာပါ

အချိန်အတော်ပေးရတယ် ဆရာအနေနဲ့ သူ့ ဘဝအတွက် လုပ်စရာ အချိန်နည်းသွားတယ်

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64266.94
ETH 3077.24
USDT 1.00
SBD 3.87