ထွန်းတောက်သမီးသို့ပေးစာများ (၁ မှ ၅ အထိ)

in #art4 years ago

FB_IMG_1593404328729.jpg

" ထွန်းတောက်သမီးသို့ - ပေးစာ " ( ၁ )

 မှော်ဆန်ဆန်တေးသွားတွေကို

သီဆိုညည်းတွားကာ မပြီးဆုံးခင်
သံစဉ်တွေကို ရပ်တန့်စေခဲ့သူ -
မင်းရဲ့မဟူရာ ပဉ္စလက်ကကြိုးတွေကြားမှာ
ကိုယ့်ရဲ့အသက်ရှူခြင်းနေ့ရက်တွေဟာ
" မင်းအတွက် " ဆိုတဲ့ ဦးတည်ရာဆီကို
ရည်ရွယ်ချက်အပြည့်နဲ့
လျှောက်တတ်လာပြီ မိကြယ်စင် -

                                        ရိုစင်နောင်

FB_IMG_1593404328729.jpg

" ထွန်းတောက်သမီးသို့ - ပေးစာ " ( ၂ )

  လိပ်ပြာနှင့်ပန်း မခွဲစတမ်းဟု

ပန်းနှင့်လိပ်ပြာ ကြည်ဖြူပါလည်း
ကြမ္မာမုန်တိုင်း မောင်လေရိုင်းကြောင့်
ပန်းနှင့်လိပ်ပြာ ဝေးခဲ့ရှာတယ် - ဆိုသလို
အဆင့်အတန်းဆိုတဲ့ နံပါတ်စဉ်တွေတပ်ကာ
အသိုင်းအဝိုင်းစာမျက်နှာတွေ ခြားနားမှုကြောင့်
မဝေးချင်ဘဲ ခွဲရမှာလား ? မိကြယ်စင်
ဒိုင်ယာရီမှတ်တမ်းအချို့မှာ
" အချစ်ဆိုတာ အသက်ပင်သေစေနိုင်သလို
သွေးချောင်းပါ စီးစေနိုင်တယ်ဆိုပဲ "
ဖြူလျော့လျော့တိမ်လွှာစဉ်ကို အမှီပြုတဲ့
ရေခိုးငွေ့တွေတောင် မိုးရေအဖြစ်နှင့်
ရွာသွန်းနိုင်စွမ်းရှိသေးတာပဲ
အချစ်ကိုဗဟိုပြုလို့ တို့နှစ်ယောက်လျှောက်လှမ်းတဲ့
ဒီမေတ္တာလမ်းဟာ ဘယ်လိုတွေပိတ်ပင်ပါစေ
အချစ်အတွက်နှင့် ပတ်ဝန်းကျင်ကိုလည်း
ကိုယ်တစ်ယောက်မျက်ကွယ်ပြုနိုင်တယ် မိကြယ်စင်
ထာဝရလိုအင်တွေနဲ့သာရှင်သန်ကြတဲ့
ဒီလောကတစ်ခွင်မှာ ရောင့်ရဲသူအနေတတ်ပေမယ့် -
တပ်မက်သူ ပူဆွေးရတယ်ဆိုတာ
ကိုယ်တကယ်နားလည်ပါတယ်။
ဒါပေမယ့် - ကိုယ်လိုချင်တာ
မင်းတစ်ယောက်တည်းပါ မိကြယ်စင်ရယ် -----

                                           ရိုစင်နောင်

FB_IMG_1593404328729.jpg

" ထွန်းတောက်သမီးသို့ - ပေးစာ " ( ၃ )

  ကောင်းကင်တလင်းမှာ ကြယ်တွေခင်းကာ

အခစားခံရတဲ့ တစ်စင်းတည်းသောငွေလမင်း
အလင်းရောင်တွေသယ်ဆောင်ပြီး
မာနတွေခဝါချလို့ လောကကိုဖေးမ နေနိုင်သေးတာပဲ
ငယ်ရွယ်သူအတွေးလွန်အိပ်မက်တွေ ဖက်တွယ်ကာ
လောကဓံကို အန်တုချင်နေတဲ့တို့နှစ်ယောက်
ဂုဏ်ဓနဆိုတာကို ပြက်ရယ်တစ်ခုလို
ဥပေက္ခာပြုနိုင်မှာပါ မိကြယ်စင် -
ငွေလမင်းသာ နေမင်းကိုဖက်တွယ်နေလျင်
ညဘက်မှာ မထွန်းလင်းနိုင်သလို
တို့နှစ်ယောက်သာ ဂုဏ်ဓနကိုတပ်မက်နေလျင်
ဒီတစ်သက်နီးနိုင်မယ် မထင်ဘူး မိကြယ်စင် -
ဥယျာဉ်မှူးပန်းမခူးရဆိုတဲ့စကားမျိုးတော့
မင်းမပြောနဲ့ မိကြယ်စင် -----

                                        ရိုစင်နောင်

FB_IMG_1593404328729.jpg

" ထွန်းတောက်သမီးသို့ - ပေးစာ " ( ၄ )

   ကိုယ့်ဘဝရဲ့ပထမဦးဆုံး တောင်းဆုကို

ပြုခဲ့တဲ့အချိန်ဟာ မင်းနဲ့ခွဲခွါခဲ့ရတဲ့နေ့လေးပါပဲ
ဒိုးမပစ်တတ်သူ မိုးအိုကြီးမှာပင် ကျရှုံးရသလို
ပတ်ဝန်းကျင်ဖိအားဒဏ် မခံနိုင်လို့
မုန်းလိုက်တယ်ဆိုတာမျိုးတော့
ကိုယ် မကြားပါရစေနဲ့မိကြယ်စင် -
ပုံစံမတူ အမူကွဲတာတွေဆုံမိခဲ့လျင်
အလှတစ်ခုဖြစ်သတဲ့
ရုန်းကန်မှုနဲ့ရှေ့ဆက်နေရတဲ့ကိုယ့်ဘဝ
လိုအင်ဟူသမျှ ပြည့်ဝသလောက်ရှိနေတဲ့မိကြယ်စင်
ပြန်ဆုံချိန် အလှမဖြစ်ခဲ့ရင်တောင်မှ
ဘဝတစ်ခုတည်းတော့ ဖြစ်ချင်တယ်မိကြယ်စင် -
တစ်ခုတော့ပြောမယ် ကိုယ်ဟာ
ဂုဏ်အင်မက်တဲ့ယောက်ျားမဟုတ်ဘူး မိကြယ်စင် ---

                                        ရိုစင်နောင်

FB_IMG_1593404328729.jpg

" ထွန်းတောက်သမီးသို့ - ပေးစာ " ( ၅ )

  မှင်အန်တဲ့ဘောပင်လို ရေးမရ,ဖျက်မရနဲ့

ရှေ့ဆက်ဖို့လမ်းပျောက်နေတဲ့ ကိုယ့်အတွေးနယ်
ဝင်ရောက်စိုးမိုး ချုပ်ခြယ်နေတာ
" တကယ်ဝေးရမှာတဲ့လား "
အဲဒီအတွေး အဲဒီအတွေးလေးပေါ့ကွာ
ပြန်ဆုံခွင့်မရခြင်းကို ဝဋ်ကြွေးတစ်ခုလို
ကိုယ် မသတ်မှတ်ချင်ဘူး မိကြယ်စင် -
" ထားခဲ့ရင်ကျေနပ်တယ် " ဆိုတဲ့
ခံယူချက်နဲ့ အသက်ဆက်ရမှာကိုလည်း
မင်းမရှိတဲ့ဘဝကို ကိုယ်ရင်ဆိုင်ဖို့ခက်နေပြန်တယ်။
" ခွဲခြားဆက်ဆံမှုတွေ ဒီခေတ်မှာမရှိဘူး " တဲ့လား
မင်းအသိုင်းအဝိုင်းက ကိုယ့်အပေါ်အဆိုးမြင်ဝါဒနဲ့
ဆက်ဆံပြနေတာက ငွေကြေးမချမ်းသာလို့တဲ့
ဘာတွေပဲဖြစ်ဖြစ်
" တစ်နေ့ပြန်ဆုံပါရစေ " ဆိုတဲ့
ဆုတောင်းခြင်းရဲ့ ရလာဒ်က
ကိုယ့်ကို ပျော်စေနိုင်ပါ့မလားဆိုတာ
ကိုယ် ကံမစမ်းရဲပြန်ဘူး မိကြယ်စင် -------

                                        ရိုစင်နောင်

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 65992.78
ETH 3014.98
USDT 1.00
SBD 3.75