anything

in #artzone6 years ago

စင်ရော် မှတ်တိုင်ဟာ ခိုပြာမှတ်တိုင် လို့ အမည်ပေးရင် ပိုလို့ အသက်ဝင်မှာပဲ လို့ ကျွန်တော်
တွေးခဲ့ဖူးသည် ။
အဲဒီကနေ ကြည့်ရင်
အချိန်တွေ လူတွေ ဘတ်စ်ကားနံပါတ်တွေ ကို
စောင့်မျှော်နေကြခြင်း အကြောင်းအမျိုးမျိုးတွေ / ငြီးတွားမှု တွေ နဲ့အတူ
တစ်ခုမဟုတ် တစ်ခု အလောတကြီးမှုတွေ ရှိနေတတ်မြဲ မဟုတ်လား ။
ကျွန်တော်ကတော့ ထိုအရာတွေ အားလုံးနဲ့ ဘာမှ သက်ဆိုင် မနေခဲ့ပါ ။

ဘတ်စ်ကားမှတ်တိုင်မှာ တမေ့တမော ကျွန်တော်
ထိုင်နေမိတတ်သည် ။
မည်သည့် နံပါတ်ကိုမှ စောင့်မျှော်နေခြင်း မဟုတ်ရပါ
အချိန်ကိုလည်း မဟုတ်ရပါ ။
တစ်စုံတစ်ယောက်ကိုလည်း မဟုတ်ရပါ ။

ဘယ်လိုစိတ်နဲ့ ရောက်လာခဲ့မှန်းမသိ
ဘယ်လိုစိတ်နဲ့ ဘယ်ကို ပြန်ချင်မှန်းမသိ တဲ့
ကျွန်တော့် ကိုယ် ကျွန်တော် ငေးရင်း စောင့်ဆိုင်းနေခဲ့ခြင်းသာ ဖြစ်ပါလိမ့်မည် ။

ကိုယ့် စိတ်ကို ပြန်စောင့်ဆိုင်းရခြင်းတွေမှာတော့
အလာလမ်းတွေရော အပြန်လမ်းတွေ ပါ
အမြဲ ခက်ခဲခဲ့ပါတယ် ။

အခုလည်း
ဘယ်လိုပုံမျိုး နဲ့ သူ့ဆီကို ရောက်သွားခဲ့သလဲ
ကျွန်တော်ဖြင့် မသိလိုက်ရပါ ။
ဘယ်လိုပြန်လာရလိမ့်မလဲ ပိုလို့ မသိရပြန်ပါ ။
ဖြစ်နိုင်ရင်တော့ သူ့ဆီကနေ ဘယ်လို
အပြန်လမ်းကိုမှ ပြန်မလျှောက်ချင်တော့ပါ ။

ချစ်ခြင်းဆီက အပြန်လမ်းတစ်လျှောက်ဟာ ဝမ်းနည်းစရာတွေချည်းပါပဲ ။
ကြည်နူးစရာတွေ နဲ့ ဝမ်းနည်းစရာတွေ ဆိုတဲ့ အရာတွေဟာ ပြင်ပ မြင်ကွင်း အကြောင်းအရာတွေနဲ့ မဆိုင်ဘဲ လက်ရှိ စိတ်ခံစားချက် အခံ နဲ့သာ သက်ဆိုင်နေခဲ့သည် ပဲ ။

ပျော်နေတဲ့အခါ ပန်းတွေတောင် ပွင့်တယ် ဆိုပြီး
တင်စားမှုတွေရှိကြတဲ့အထဲမှာမှ ကျွန်တော်ကတော့
ပန်းတွေလည်းမပွင့် ပန်းတွေလည်း ယူမလာပေးနိုင်တဲ့ အခါ ဘယ်လောက် ဝမ်းနည်းစရာကောင်းလိုက်လဲ ။

ကျွန်တော်ဆီမှာကဖြင့် လက်ဗလာရယ်ပါ ။
ဗလာသက်သက် နဲ့ သူ့ထံကို ရောက်သွားမိခြင်းအတွက် အားနာမိတယ် လို့ ချည်းသာ
ခံစားနေမိသည် ။

ကျိန်းသေ ပျော်ရွှင်ရပါစေလိမ့်မယ် အာမခံချက် မပေးနိုင်သူ တစ်ယောက် ဆီမှာ တတ်နိုင်သမျှတွေဟာ
တိတ်တဆိတ် စောင့်ဆိုင်းခြင်းတွေလောက်သာ ကျန်ရှိနေပါလိမ့်မယ် ။

ကတိကဝတ်တွေနဲ့ ချည်နှောင်ရခြင်း မဟုတ်တဲ့
ယုံကြည်ရခြင်း အကြောင်းတရား သက်သက်ပါပဲ ။
သူဟာ ' တစ်ယောက်ယောက်က ကျိန်းသေ စောင့်မျှော်နေတယ် ' ဆိုတဲ့ ' ယုံကြည်ခံထိုက်သူ ' အဖြစ် ကျွန်တော် သဘောထားမိသူဖြစ်သည် ။
လက်ရှိကာလ ကနေ ဘယ်လောက်ကြာကြာ
အချိန် အကွာအဝေးကို ထွက်ခွာသွားခဲ့သည် ဖြစ်စေ အနည်းဆုံးတော့ ကိုယ့်ကို
စကားတစ်ခွန်းလောက်
ပြောခဲ့ပါ ။
ဒီ တောင်းဆိုမှုမျိုးလောက်တော့ ကျွန်တော်
တောင်းဆိုချင်သည် ။

ဘာမှန်းမသိလိုက်ရခြင်း များ သည် အလွန် စိတ်ပျက် မုန်းတီးစရာ ကောင်းသည်ထက် ပိုကဲသည် ။
အကြောင်းမကြားဘဲ ရုတ်တရက် ပျောက်ဆုံးသွားရခြင်းတွေဟာ စောင့်မျှော်နေသူတစ်ယောက်အတွက် ကျိန်းသေ ဒုက္ခရောက်စေသည် ကို ကျွန်တော်တို့ နားလည်သင့်သည် မဟုတ်လား ။
ပြန်လာမယ်လို့ ကတိပေးထားပြီးရင်
ကျွန်တော် ဟာ လည်း သူ့ ဆီကို ကျိန်းသေ မရောက်ရောက်အောင် ပြန်လာခဲ့လိမ့်မှာပါ ။

အဲဒီလို
သူ့ကို ဘယ်လို အချစ်မျိုးနဲ့ ချစ်ပါတယ် လို့ အဓိပ္ပါယ် မဖွင့်ဆိုတတ်ပါ ။
မချစ်ဘဲ မနေနိုင်၍သာ ချစ်မိခြင်း ဖြစ်ပါသည် ပေါ့ ။
ကျွန်တော့ ချစ်ခြင်းမှာ 528 / 1500 တို့လို ကိန်းဂဏန်းများမရှိပါ ။
ချစ်ခြင်းမေတ္တာကို ကိန်းဂဏန်းများနှင့် ဖွဲ့ဆိုပြဖို့
ကျွန်တော် အနေနဲ့ ဘယ်လိုမှ မနှစ်သက်နိုင်ပါ ။

သူဟာ ' နောက်တစ်ခါ ဘယ်သူ့ကိုမှ ထပ်မချစ်နိုင်သလို
ဘယ်လို လူသားကိုမှလည်း ထပ် ယုံကြည်နိုင်လိမ့်မည် မဟုတ် ' ဟု ဆိုတဲ့ ကျွန်တော့ ယုံကြည်ချက်တွေအကုန် တွန်းကန်ထုတ်ရင်း ဖြစ်တည်လာတဲ့
စိတ်ခံစားမှု အသစ်ဖြစ်ပါသည် ။

အဟောင်းများသည် တစ်ချိန်က အသစ်ဖြစ်ခဲ့ဖူးသော်ငြားလည်း ယခုချိန်တွင်တော့ အတိတ်သာ ဖြစ်ခဲ့ကြပါပြီ ။
အရာရာတိုင်းသည် သူနဲ့ နှိုင်းယှဉ်လိုက်လျှင် သေးငယ် မှုန်ဝါး ပျောက်ကွယ်သွားခဲ့လေပြီ ။
ယခုအချိန်ဖြစ်သည် ။ သူ ရှိနေခြင်းကို ဆိုလိုသည် ။

မင်း နဲ့ ထပ် ချစ်တတ်ပြီ လို့ ဆိုပါတော့ ။
ဘယ်နှစ်ကြိမ်မြောက် ချစ်ခြင်းလဲ ဆိုတာထက်
ဘယ်လိုပြန်ပြီး ချစ်တတ်ခဲ့လဲ ဆိုတဲ့ အကြောင်းအရာတွေကို ပို လို့သာ အလေးထားချင်သည် ဟု ဆိုချင်သည် ။

သူသည်လည်း အတိတ်ဖြစ်သွားလေမည်လား ဆိုသည့်အတွေးက ဝမ်းနည်းစရာ ကောင်းသည် ။

အချိန်ကာလဟာ ဘူးခွံထဲထည့်ပြီး အလုံပိတ်ထားလို့မရတဲ့ အရာတစ်ခု ဖြစ်နေခြင်းဟာ
အတော် ဆိုးဝါးသည် ။

ကိုယ် အသည်းကွဲတဲ့ ညတွေဟာ
ဒီလောက် နီးကပ်ရခြင်းတွေကနေ
တစ်ချိန်မှာ အဝေးကြီးဆီ ရောက်သွားဦးမှာလား ဆိုတာမျိုးတွေ တွေးမိလိုက်ချိန်တွေပေါ့ ။
ကိုယ့် ပျော့ညံ့ရခြင်းတွေဟာ သူ မရှိတော့ခြင်း
အကြိုကာလ အတွေးတွေကြောင့်ပါပဲ လို့
အလိုလို ခံစားလာရသည် ။

တစ်ယောက် ကို တစ်ယောက် စောင့်မျှော်နေခဲ့ခြင်းမျိုး မဟုတ်ဘဲ တစ်ယောက် အတွက် တစ်ယောက် ဖြစ်ပေါ်လာခဲ့ကြတာမျိုးကြောင့် သူဟာ ပိုလို့ အဓိပ္ပါယ် နက်ရှိုင်းစေခဲ့သည် ။

ဝမ်းနည်းစရာ အပြန်လမ်းတစ်ဝက်ကနေ
ဆုံတွေ့ခဲ့ရတဲ့ သံယောစဉ်မျိုး ဆိုပါတော့ ။
သူရော ကိုယ်ပါ မစိမ်းလှတဲ့
ပြတင်းတံခါးဘေးကနေ
တစ်ယောက်တည်း
ငေးမောရင်း
ပြန်လာနေကျ ခရီးစဉ်တွေပါပဲ ။

အဝေးကြီးက ပြန်လာတဲ့ လူနှစ်ယောက်ဟာ
အချိုးအကွေ့တစ်နေရာမှာ တော့
ူတူညီစွာ လာရောက်
ဆုံစည်းခဲ့ကြသည် လို့
ကျွန်တော် ယူဆထားခဲ့သည် ။

သူက ကျွန်တော့အတွက်
တူညီမှုတွေအများကြီးကြားထဲမှာ ဆန့်ကျင်ဘက်သေးသေးလေးတွေ ပါဝင်ဖွဲ့စည်းထားတဲ့
လူသားတစ်ယောက် အဖြစ် ရှိသည် ။
တိမ်တွေလို တရွေ့ရွေ့ အနားကို ချဉ်းကပ်လာတဲ့
သံယောစဉ်တွေနဲ့ ဖမ်းဆုပ်ရခက်မှုတွေလည်း
ရှိသည် ။

ဖမ်းဆုပ်ထားလို့ရတာ ဘယ်အရာတွေများရှိလို့လဲ ။
ဒြပ်ရှိတဲ့ လက်ချောင်းကလေးတွေကိုတောင်မှ
မတတ်သာတဲ့ အခြေအနေမျိုးမှာ လွှတ်ခဲ့ရတာမျိုးတွေ ရှိတာပဲ မဟုတ်လား ။

ကျွန်တော်က သူ့ကို ဖမ်းဆုပ်ထားဖို့လည်း မတတ်နိုင်ပါ ။ လွှတ်ချလိုက်ဖို့လည်း မတတ်နိုင်ပါ ။
ခံစားနေလိုက်ဖို့ အတွက် သက်သက်ပါပဲ ။
ဘာကြောင့်မှန်းမသိရသေးခင် အရင်ရှိနှင့်နေတဲ့
ခံစားနေမှုအတွက် ကျွန်တော် ဘာများ တတ်နိုင်ခဲ့ပါ့မလဲ ။

ဘာကြောင့်ချစ်တယ် ဆိုတာတွေဟာ
ဘာကြောင့် ဆိုတာ မရှိတော့ရင် ပျောက်ကွယ်သွားကြမှာလား ။
' ကောင်းမွန်တယ် လို့ မင်းယူဆတဲ့ အရာတွေဟာ
ကိုယ့်ဆီကနေ ပျောက်ကွယ်သွားခဲ့ရင်ရော
ဆက်ချစ်နေနိုင်ပါ့ဦးမလား ' ဆိုတဲ့ မေးခွန်းတွေက
သူ့အချစ်တွေကို စော်ကားရာကျမိမလား ။

အချစ်မှာ ဒီလို ရှိတယ် အချစ်ရဲ့ ။
ကိုယ်ဟာ အားနည်းချက်တွေ အများကြီးနဲ့ လူသားတစ်ယောက်ပေါ့ ။ မင်းနဲ့ ပတ်သက်လာရင် ပိုလို့ လိုအပ်ချက်တွေ များနေတယ် လို့
ထင်လာမိတာမျိုး ။

ယုံကြည်ချက်တွေ နည်းလာတယ် ဆိုတာက
မင်းအပေါ်ကို မဟုတ်တဲ့ ဟိုးအရှေ့အနာဂတ်ချိန်တွေ အများကြီးထိ ကိုယ်ဟာ အတူတကွ ဆက်ရှိနေနိုင်ခွင့်ရှိပါ့ဦးမလား ဆိုတဲ့
ကိုယ့်ကိုယ်တိုင် ဆီက လွဲချော်တတ်တဲ့
အလွဲတွေ ဆီကိုပေါ့ ။

တစ်ယောက်တည်း ပြောနေတတ်တဲ့ ပြောစကားတွေ လို
ငါ့ ဘဝထဲမှာ က အလွဲတွေအများကြီးနဲ့ ။
လက်ပြ စောင့်ဆိုင်းခိုင်းတာ နဲ့ နှုတ်ဆက် လက်ပြ ယမ်း တာလို အလွဲမျိုးတွေ ထပ် မလိုချင်တော့ဘူး ။
မင်း မဟုတ်ရင်တောင်မှ ဘဝမှာ ဆုံးရှုံးမှုတွေ သိပ်ကို များနေခဲ့ပြီးပြီ ။

လုံလောက်လွန်းနေခဲ့ပါပြီ ။
ဘာကိုမှ ပြန်မလိုချင်တော့ပါဘူး လို့
ပြတ်ပြတ်သားသား ကျိန်ဆိုလိုက်နိုင်တာမျိုး နဲ့
ဘာမှ ထပ်ပြီး မလိုချင်သလို ဘာမှ ထပ်ပြီး
မဆုံးရှုံးလိုတော့တာမျိုး စိတ်ခံစားချက်တွေ
အများကြီး ကို သူ နားလည်နိုင်လိမ့်မည်ဟု ထင်သည် ။

အထူးသဖြင့် သူ့ကို ။
ဖြစ်နိုင်ရင် ဒီအတိုင်းလေး ကိုယ်တို့အတူ ဆက်ရှိသွားကြဖို့ မျှော်လင့်မိသည် ။
ရိုးရိုးရှင်းရှင်း ဖွဲ့စည်းပုံကလေးနဲ့လည်း အဆင်ပြေငည် ။

တွေးမိသလောက် အတွေးတွေ သူ့ကို ပြောပြချင်သည် ။ သူ့ဆီက အတွေးများကိုလည်း နားထောင်ချင်မိသည် ။
အတူတူ အကြာကြီး ထိုင်းငေးကြပြီး
အတူတူ ပြန်လာကြတဲ့ လမ်းတွေကို ပဲ
ရွေးလျှောက်ချင်မိတော့သည် ။

ကျွန်တော်တို့ကြားမှာ
သီးခြား ဘာသာစကား အသစ်တွေ တည်ဆောက်ယူ ဖို့ လိုအပ်ဦးမလား ။
နယ်ပယ်တိုင်း ဒေသတိုင်း သူ့ နားလည်မှုနဲ့သူ ရှိတတ်ကြသလိုပေါ့ ။

အကယ်၍များ လမ်းပျောက်သွားခဲ့သည် ရှိသော်
သူ ဘယ်မှာ ရှိနေနိုင်လိမ့်မလဲ ကျိန်းသေ လိုက်ရှာ
နိုင်တာလိုမျိုး သူ့ကို ကျွန်တော် နားလည်ချင်သည် ။
ကျွန်တော့ကို သူ နားလည်စေချင်သည် ။

မင်း မှ မဟုတ်ရင် ကိုယ်ဟာ ဘာကိုမှ
စောင့်မျှော်မနေချင်တော့ပါ ဆိုတာမျိုးပေါ့ ။
အချိန်ကိုစောင့်ရင်း လူကို မျှော်နေမိခြင်း
အဖြစ်ကို သူ့ အတွက်သာ
ခံစားတတ်တော့သည် ။

အခုတော့ ခိုပြာမှတ်တိုင်ဟာ လူ တွေ ကားတွေ ကို ငေးကြည့်နေဖို့အတွက် သက်သက် မဟုတ်ဘဲ
သူ့ကို စောင့်ဆိုင်းနေဖို့အတွက်လည်း ဖြစ်လာနိုင်သည် ။
ကျွန်တော်တို့အတူ ငေးကြည့်နေဖို့အတွက်လည်း ဖြစ်နိုင်သည် ။
အတူတူ ပြန်လျှောက်လာခဲ့ဖို့လည်း ဖြစ်နိုင်သည် ။

သူ ရှိလာတဲ့ အတွေးတွေကြောင့် မြင်တွေ့နေကျ
အရာများသည်ပင် ပိုလို့ လှပနေသလို ခံစားလာမိသည် ။ ပြင်ပ ရှုခင်းများနဲ့ မဆိုင်တဲ့ စိတ်ကြည်နူးမှုကြောင့် ဖြစ်နိုင်သည် ။
စိတ်ခံစားချက် နှင့် ပတ်ဝန်းကျင်ကာလာ သည်
တိုက်ရိုက်အချိုးကျတတ်သည် ဟု ကျွန်တော်က ပြောချင်သည် ။

သူရောက်လာမည့် လမ်းများသည်
ကျွန်တော် တစ်ယောက်တည်း ရှိစဉ်က လမ်းတွေနဲ့မတူ အောင် သာယာလှပလွန်းဟု ထင်မိသည် ။
ချယ်ရီပန်းများပင် ပွင့်နေသည်ဟု ရည်ညွှန်းလျှင်
လွန်ကဲသည်ဟု မထင်ပါ ။
လမ်းမတွေပေါ်မှာ မဟုတ်ဘဲ
ရင်ထဲမှာသာ ဖြစ်သည် ဟု ရည်ညွှန်းသည် ။
ကျွန်တော် ပျော်နေတာကြောင့် ဖြစ်နိုင်သည် ။

ကျွန်တော် တကယ် ပျော်နေခဲ့မိပါသည် ။
အပြန်လမ်းကို မမှတ်မိလောက်အောင်
ပျော်ရွှင်နေခဲ့မိပါပြီ …

image

ရဲဘော်ဖိုးသံချောင်း

Sort:  

Hello! I find your post valuable for the wafrica community! Thanks for the great post! @wafrica is now following you! ALWAYs follow @wafrica and use the wafrica tag!

Hello! I find your post valuable for the art community! Thanks for the great post! ARTzone is now following you! ALWAYs follow @artzone and the artzone tag, and support our artists!

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 66439.14
ETH 3005.38
USDT 1.00
SBD 3.68