Stress and suicide in korean society

in #esteem • 6 years ago

🌟တောင်ကိုရီးယားလူမျိုးများ မိမိကိုယ်ကို မိမိ သတ်သေကြသည့် အကြောင်းရင်းများ 🌟

တောင်ကိုရီးယားတွင် များစွာသောလူများ မိမိကိုယ်ကို မိမိသတ်သေနေကြသည်။

ပျမ်းမျှခြင်းအားဖြင့် တနေ့တွင် အယောက် ၄၀အထိ မြင့်မားခဲ့ဖူးသည်။

"ကမ္ဘာတဝှမ်းလုံး၏ နှစ်စဉ် မိမိကိုယ်မိမိ သတ်သေနှုန်း" ဟူသော ဇယားကိုရှာကြည့်မည် ဆိုလျှင် တောင်ကိုရီးယားနိုင်ငံ ဆိုသည့်အမည်ကို ထိပ်ဆုံးပိုင်းနေရာတွင် မြင်နိုင်ပါသည်။


တောင်ကိုရီးယား- ဂယောင်နမ်းဒို
(South Korea- Gyeongsangnam-Do)

၂၀၁၇ ခုနှစ် ၆ လပိုင်း ၁၇ ရက်နေ့

မကြာသေးသည့်ကာလ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နံနက် ၂ နာရီခန့်တွင်ဖြစ်သည်။

အမျိုးသားတစ်ဦးသည် အရက်လက်ကျန်ကို မော့ချလိုက်သည်။

"ဝုန်း!?!"

ထို အမျိုးသားသည် ၁၅ ထပ်မြင့်သောအဆောက်အဦ အပေါ်မှခုန်ချလိုက်လေသည်။

အပေါက်ဝလှေကားတွင် သွေးများဖြင့်မြင်မကောင်း .......။

ခြေထာက်များ လက်များ ခွေခေါက်၍ သွင်သွင်ကျိုးကာ ပွဲချင်းပြီးသေဆုံးသွားသည်။

CCTV ကို စစ်ဆေးကြည့်ရာ ညသန်းခေါင်ကျော် တစ်နာရီခန့်တွင် သေဆုံးသူအမျိုးသားအား အဆောက်အဦ ပေါ်သို့တက်လာသည်ကို တွေ့ရသည်။

ထိုသူသည် ဓာတ်လှေကားဖြင့် ၁၅ ထပ်ကို တက်လိုက်ပြီး အဆောက်အဦ၏ ခေါင်မိုးပေါ်သို့ လှေကားဖြင့်တက်လိုက်သည်။

ထိုနောက် အမိုးပေါ်မှ ခုန်ချခြင်းဖြစ်သည်။


သေဆုံးသူ အမျိုးသားသည် ရီ ချန်း ဝမ် (Lee Chan Won ) အသက် ၃၉နှစ်ဖြစ်သည်။

သူသည် လွန်ခဲ့သော ၂ လကပင် သမီးလေးတစ်ဦးမွေးဖွားခဲ့၍ ပျော်ရွှင်နေခဲ့သေးသည်။


ရီ၏ မိန်းမကသည်လိုပြောခဲ့သည်။

ကျွန်မယောက်ျားက ကျွန်မကိုသိပ်ချစ်တာ..။ကျွန်မဆီကို တအိမ်ထဲနေပြီး စာရေးတာ.. ကဒ်ကလေးတွေပို့တာ အမြဲလုပ်တယ်..။

အလုပ်များလွန်းလို့ စကားပြောချိန်မရှိ တဲ့ မောင်ဟာ သတိရတိုင်းစာတိုလေးတွေ ရေးထားပြီး ကျွန်မမြင်သာတဲ့နေရာမှာ အမြဲကပ်ထားတယ်..။

"အချစ်ရေ....
မောင့်ကိုလက်ထပ်ခွင့်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်.."ဆိုတာအမြဲရေးတယ်...။

သူ့ရုံးမှာဆို မိန်းမကို တုန်နေအောင်ချစ်တယ်လို့ နာမည်ကြီးတဲ့သူပါ။ သမီးလေးရတော့ သူသိပ်ပျော်နေခဲ့တယ်။

ပါးစပ်ကလည်း " အချစ်ရေ... မောင့်ကိုလက်ထပ်မိလို့ ပင်ပန်းနေပြီလား..?"...လို့အမြဲပြောတတ်သူ..။

ကျွန်မယောက်ျားဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အမြင့်ဆုံးတက္ကသိုလ်တွေထဲက တစ်ခုဖြစ်တဲ့ KIST တက္ကသိုလ်မှာ ကျောင်းပြီးခဲ့တယ်။ အခုလည်း အဆင့်မြင့်တဲ့ ကုမ္ပဏီမှာ အလုပ်ဝင်နေသူပါ..။

ပင်ပန်းနေတာက သူ ရယ်ပါ...။ ကျွန်မက အိမ်မှာနေတဲ့သူလေ..။ ကျွန်မကို လူတန်းစေ့ထားနိုင်တာတောင် အားမရ အမြဲ စိတ်အားငယ်တတ်သူ...။

ကျွန်မကိုသိပ်ချစ်တဲ့သူ ...
အခုတော့ ကျွန်မကို ထားခဲ့လေပြီ...။
မောင်ဟာ ဘာလို့ ဒီလမ်းကိုရွေးခဲ့ရသလဲ... ဆိုတာ ကျွန်မဘဝရဲ့အိမ်စာတစ်ခုလို ကျန်ရစ်ခဲ့တယ်။

ဒီအိမ်စာရဲ့အဖြေဟာ တောင်ကိုရီးယားလူမျိုးတွေရဲ့ မိမိကိုယ်မိမိ ဘာလို့သတ်သေတယ်ဆိုတဲ့ အဖြေပါပဲ..။


ကျွန်မယောက်ျား တိုက်ပေါ်ကခုန်မချမီတနေ့ ..

မောင် နောက်ဆုံး အိမ်ကထွက်သွားတဲ့အချိန်ဟာ မနက် ၃ နာရီပါ။ မောင် မနက် ၃ နာရီ အလုပ်သွားတာ အဆန်းမဟုတ်ပါဘူး။ အလုပ်များရင် သွားနေကြပါ..။

ဆန်းတာက တနေ့လုံးကျွန်မ ကို ဖုန်းမက်ဆေ့ခ်ျ မပို့တာပါ။

ကျွန်မတနေကုန် မောင်ပြန်လာမဲ့ အချိန်ကိုစောင့်နေခဲ့တယ်။

အလုပ်များလို့များလားဆိုပြီး ကျွန်မ စောင့်ပဲစောင့်နေခဲ့တာပါ...။

ညသန်းခေါင်ကျော် ၂ နာရီလောက်ကျတော့ မောင်တိုက်ပေါ်က ခုန်ချတယ်လို့ သူ့ကုမ္ပဏီက ဖုန်းဆက်တာပဲ...။

ကျွန်မယောက်ျားက အလုပ် ယူနီဖောင်းဝတ်ထားတော့ ရဲတွေက သူ့နာမည်ကဒ်ကိုကြည့်ပြီး သူ့ကုမ္ပဏီကို အကြောင်းကြားပုံရပါတယ်...။

မောင်ခုန်ချတဲ့ အဆောက်အဦက မောင့်မိဘတွေ နေတဲ့ အဆောက်အဦးဖြစ်ပါတယ်။

ကားကို ကားဝန်းထဲရပ်ထားတယ်။ အရက်တခါမှ မသောက်တတ်တဲ့ ကျွန်မ ယောက်ျားဟာ သူ့ကားထဲမှာ သောက်လက်စ အရက်ပုလင်းတလုံးတွေ့ရပါတယ်...။


SBS- TV မှ ဆက်လက် စစ်ဆေးကြရာတွင် ရီ ချန်း ဝမ် သည် မည်သူ့ ပယောဂမှ မပါပဲ မိမိကိုယ်ကို မိမိသတ်သေသည်မှာ သေချာခဲ့သည်။

သို့သော် အဘယ့်ကြောင့်သတ်သေသနည်း..ဆိုသည်ကို အဖြေရှာရမည်...။


CCTV အားစစ်ဆေးကြရာ

၂၀၁၇ခုနှစ် ၆ လပိုင်း ၁၆ရက်နေ့

ရီ ချန်း ဝမ် သည် အိမ်မှ မနက် ၃ နာရီထွက်လာပြီး ကုမ္ပဏီတွင် အလုပ်လုပ်သည်။

ညနေ ၅ နာရီတွင် ကုမ္ပဏီမှ ထွက်လာပြီး ညနေ ၆နာရီ ၀၃ မိနစ် ကာဂျိုဒို ကမ်းခြေသို့သွားခဲ့သည်ကိုတွေ့ရသည်။

ကားထဲ၌ ၄ နာရီကြာထိုင်နေခဲ့သည်။

ထို့နောက်ကားမောင်း၍ မိဘများနေသည့် တိုက်သို့ ရောက်ချိန်တွင် သန်းခေါင်ကျော်၍ မနက် ၁ နာရီဖြစ်သည်။

စိတ်ပညာရှင်များ၏ သုံးသပ်ချက်အရ မိမိကိုယ်ကို မိမိ သတ်သေသူများသည် မိဘနေသည့်နေရာ အနီးသို့ သွားရောက်သေဆုံးလေ့ရှိသည်ဟုဆိုသည်။

စိတ်ပညာသဘောအရ မိဘရင်ခွင်သည် လုံခြုံသောကြောင့်ဖြစ်သည်။


ဆက်လက်စုံစမ်းကြရာ သေဆုံးသူ အမျိုးသား ရီ ချန်း ဝမ် သည် စိတ်ကျရောဂါရ၍
ဆေးသောက်နေရသည်ကိုတွေ့ရသည်။

ထိုကုမ္ပဏီတစ်ခုထဲတွင် မိမိကိုယ်မိမိသတ်သေသူ မကြာသေးခင်မှ ၃ ဦးရှိနေလေသည်။

အဘယ်ကြောင့်နည်း..?


တောင်ကိုရီးယားလူမျိုးတို့သည် အလွန်အလုပ်လုပ်ကြသည့်လူမျိုးဖြစ်သည်။

နေ့မအိပ် ညမအိပ်...။

အိပ်ရမည့်အချိန်ကိုပင် နှမြောကြသည်။

ကျောင်းသားများလည်းထိုနည်းတူဖြစ်သည်။ စာကြိုးစားလွန်း၍ မေ့လဲကျသည်အထိဖြစ်သည်။

၂၀၁၁ မှ၂၀၁၅ အထိစာရင်းအရ တောင်ကိုရီးယား နိုင်ငံ၏ အလုပ်သမား ၆ ထောင်ကျော်တို့သည် မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့ကြသည်။

ထိုကဲ့သို့  ကုမ္ပဏီအလုပ်သမားများ မိမိကိုယ်ကို သတ်သေခြင်းသည် အလုပ်အလွန်လုပ်သော ရလဒ်ဆိုးဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရလေသည်။

သူတို့ အဘယ်ကြောင့် အလုပ်အလွန်ကြိုးစားကြသနည်း..?


တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘာပေါ်ရှိ အလုပ်ချိန်အရှည်ဆုံးလုပ်သော နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ၏ ကုမ္ပဏီကြီးများအရှေ့တွင် သန်းခေါင်ကျော် နံနက် ၁ နာရီမှစ၍ တက္ကစီ ကားများတန်းစီစောင့်နေသည်ကိုတွေ့ရမည်။

အလုပ်ပင်ပန်း၍ မိမိကားကို ကိုယ်တိုင်မမောင်းနိုင် တက္ကစီငှားခကို ကုမ္ပဏီမှပေးသဖြင့် တက္ကစီ ငှားပြန်သူများသောကြောင့်ဖြစ်သည်။

အလုပ်သမားများသာ မအိပ်မနေ အလုပ်လုပ်သည်လား...?

ကျောင်းသားများလဲ အတူတူပင်...။

နာမည်ကြီးကျူရှင်များသည်လည်း မနက် ၁ နာရီအထိ စာသင်ကြသဖြင့် ယခုအခါ ဥပဒေအသစ်ဖြင့်ည ၁၀ နာရီအထိသာ သင်ခွင့်ပြုထားရသည်။


အဆင်မြင့် ကုမ္ပဏီကြီးများတွင် သူနာပြုများ အမြဲအဆင်သင့်ရှိသည်။

ထမင်းစားချိန်မရှိ ၊ထမင်းမေ့ဟင်းမေ့၊ မအိပ်မနေ အလုပ်လုပ်ကာ အားပြတ်လဲကျ ကြသဖြင့် အကြောဆေးချိတ်ရန် အသင့်ပြင်ထားကြရသည်။

အလုပ်လုပ်ရင်း ရုတ်တရက်လဲကျသေဆုံးသွားသူများလည်း အမှန်တကယ်ပင်ရှိနေသည်။

တောင်ကိုရီးယားလူမျိုးတို့သည် တာဝန်တစ်ခုယူထားသည့် အပိုင်းမပြီးဆုံးလျှင် အခြားသူများ လက်ညှိုးထိုး ကဲ့ရဲ့မှာ အလွန်ရှက်ကြောက်ကြသည်။

သူတပါးထက် မနိမ့်ကျလိုသည့်ဆန္ဒမှာ
ကလေးဘဝမှပင် စ၍ အရိုးစွဲနေကြသည်။

သူတပါး၏မျက်လုံးများကို အမြဲဂရုစိုက်သည့် လူမျိုး.. သူများအထင်သေးခံရမည်ကို အသက်နဲ့လဲတတ်သည့်လူမျိုး...။

ကြိုးစားရင်း သေဆုံးသွားကြလေသည်။


လူတွေက လွယ်လွယ်နှင့် ဝေဖန်ကြသည်။

" အခြားအကြောင်းရှိမှာပေါ့ .. အလုပ်များလို့သတ်သေမလား..? အဓိပ္ပါယ်မရှိတာ..."

"အလုပ်များလို့ အလုပ်မနိုင်ရင် အလုပ်ထွက်လိုက်ရုံပဲပေါ့...ကိုယ့်ကိုယ်ကိုယ် သတ်သေစရာမှ မလိုတာ..."

ထိုသူများသည် သင်ပြောသည့်အတိုင်း အလုပ်မထွက်ပဲ အဘယ့်ကြောင့် မိမိကိုယ်မိမိ သတ်သေသနည်း...?

အဖြေရှိပါသည်။


တောင်ကိုရီးယားလူမျိုးတို့သည် အဆင့်မြင့်ကုမ္ပဏီတစ်ခုတွင် အလုပ်ရရန် .. သို့မဟုတ် အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်ရန် ဘဝနှင့်ရင်းခဲ့ကြရသည်။ မူလတန်းမှစ၍ သေအောင်ကြိုးစားခဲ့ရသည်။

မိဘများကိုယ်တိုင် ငွေ၊ အချိန် စသည်တို့ကို ရင်းပေးခဲ့ကြသည်။ နိုင်ငံခြားသို့ သားသမီးတို့အား ပညာတော်သင်လွှတ်၍ နွားလိုရုန်းခဲ့ကြသည်။

သားသမီးက ပညာတတ်ကြီးဖြစ်လာသောအခါ အကြွေးများပတ်လည်ဝိုင်း၍ ကျန်ခဲ့သူများလည်းရှိသည်..။

သား သမီးများ ပညာတတ်သော်လည်း အလုပ်ကောင်းကောင်းရဖို့ မလွယ်ပြန်...။

အနာဂါတ်အတွက် အာမခံ သိပ်မရှိသော သာမာန် ကုမ္ပဏီအသေးလေးများတွင်ထမင်းစားနိုင်ရုံအလုပ်များကိုလည်း မလုပ်လိုကြ...။

ကုမ္ပဏီကောင်းကောင်းတွင် အလုပ်ရပြန်တော့လည်း ပို၍ကြိုးစားရသည်။

အလုပ်မတော်၊အလုပ်မနိုင် သဖြင့် ရာထူးမတိုးသည်မှာကိစ္စမရှိပါ...သို့သော် အလုပ်ပြုတ်၊ အလုပ်ပြောင်းရလျှင် ဘဝကို မည်သို့ အသစ်ကပြန်စမည်နည်း။


နောက်တစ်ချက်က...မိမိအားမှီခိုနေသောမိသားစု၊ မိမိအားမြေထောင်မြှောက်ပေးခဲ့သောမိဘများ မိမိနောက်မှာ ရှိနေသည်။

ကျန်းမာရေး အာမခံကြေး၊ ကလေးကျောင်းစရိတ် စသည်တို့ကို ကုမ္ပဏီမှ အများကြီးထောက်ပံ့ထားသည်။

အိမ်၊ ကား စသည့် အကြွေးတို့ကလည်း လစာထဲမှ လစဉ်ပေးနေရသည်။ အလုပ်ပြုတ်လျှင် မည်သို့ဆက်ပေးမည်နည်း..?

အခြားအလုပ်ထပ်ရှာမည်ထား...။

အလုပ်နေရာတိုင်းမှာ အသက်ကန့်သတ်ထားသည်။ အသက် ၃၀ ကျော်မှအလုပ်ပြုတ်လာသောသူအား မည်သည့်ကုမ္ပဏီကလက်ခံမည်နည်း...?

ထိုအခါ ရရာအလုပ် အလုပ်ကြမ်းသမားဘဝဖြင့် ရပ်တည်မည်လား..?

စက်ရုံအလုပ်သမား ( blue-collar ) အဖြစ်အလုပ်ဝင်လုပ်မည်လား..? သို့မဟုတ် တက္ကစီဒရိုင်ဘာလုပ်မည်လား..?


ယခုခေတ် ကိုရီးယားမိန်းကလေး အများစုကလည်း သာမာန်အလုပ်တစ်ခု ရှိ၍ ဘဝအာမခံချက်မရှိသော ယောက်ျားတစ်ယောက်ကို အချစ်တစ်ခုကြောင့် လက်မထပ်လိုကြတော့ပါ...။

မကြိုးစားလျှင် မိန်းမတစ်ယောက်ပင်ရနိုင်မည့်အခြေအနေမရှိ..။

တောင်ကိုရီးယားလူမျိုးတို့သည် အဝတ်အစား၊ ကား ၊ စသော အပေါ်ယံ ပစ္စည်း တို့ကို အလွန် အရေးတကြီး ဂရုစိုက်ကြသည်။

ထိုအရာတို့ကိုဝယ်၍ လူတောတိုးနိုင်ရန် ငွေလိုသည်။

ထိုအခါ မည်သူမှ မခိုင်းပဲ ပြည်သူတို့သည် မိမိအလုပ်ကို ကြိုးစားကြသည်။

အလုပ်မရှိလျှင် အလုပ်အသစ် အကြံဉာဏ်အသစ်ရှာသည်။ ကုမ္ပဏီတိုးတက်ချမ်းသာလျှင် ဘောနပ်စ် ( Bonus ) များများရသည်။ အနာဂါတ်အတွက်ခိုင်သည်။ မိမိကြောင့်တိုးတက်လျှင် မိမိ ရာထူး/နာမည်တက်သည်။

အလုပ်လည်းမရှိ..၊ အကြံဉာဏ်အသစ်မရှာသော်လည်း မိမိအထက်မှ အရာရှိများသေအောင်အလုပ်လုပ်နေသဖြင့် အိမ်မပြန်ရဲပဲ အလုပ်လုပ်ချင်ယောင်ဆောင်ရသဖြင့်အနည်းဆုံးတော့ အိပ်ရေးပျက်သည်။


ထိုဝန်ထမ်းများက အင်တာနက် လူမှုကွန်ရက်များတွင်ရေးထားသော ကွန်မန့်များမှာ...

**အလုပ်တွေ ရပ်ပြီး တိုက်ပေါ်ကခုန်ချချင်လိုက်တာ

**ဘာမှနားမလည်တာတွေ လာခိုင်းတဲ့ အထက်လူကြီးသေပါစေ

**တောင်ကိုရီးယား ပျက်စီးပါစေ

**မုန်းတယ်။ သေဖို့လဲကြောက်ပေမယ့် ဒီနိုင်ငံမှာ ရှင်သန်နေရတာ ပိုကြောက်တယ်။

စသည်ဖြင့်...။

ဝန်ထမ်းများအား အင်တာဗျူးကြရာ တစ်ဝက်နီးပါးသည် မိမိကိုယ်မိမိ သတ်သေရန်စဉ်းစားခဲ့သည်မှာ အကြိမ်ကြိမ်ဖြစ်ကြောင်း သိရသည်။

"အလုပ်ပြုတ်ပြီး မိသားစုဆီပြန်မလာချင်တော့ဘူး..။ အားနာတယ်..။ကျွန်တော် သေသွားရင် သူတို့အတွက် ဝန် မဖြစ်တော့ဘူးပေါ့"


ထိုအခါ စနေ တနင်္ဂနွေများသာမက ပိတ်ရက်ရှည်တွင်ပါ မိမိအသိစိတ်နှင့်မိမိ အလုပ်ဝင်လုပ်နေကြတော့သည်။ သို့မှသာ ညဆိုင်းများအဆင်းရ သက်သာမည်။ အိပ်ချိန်ရချင်၍ဖြစ်သည်။

တစ်ခါတစ်လေ မိမိ ကလေးဘယ်အရွယ်ရောက်နေပြီဆိုသည်ကိုတောင် မေ့နေသည်။

ထိုအခါ အိမ်ထောင်ရေးသုခ မခံစားရတော့ပါ။ အလုပ်များ၍ ဂရုမစိုက်နိုင်သောအခါသူတို့၏ အမျိုးသမီးများ/ အမျိုးသားများသည်လည်း အိမ်ထောင်ရေး ဖောက်ပြန်ကုန်ကြသည်။

ထိုအခါ ပို၍ ခံစားရသည်။

ထိုသူတို့သည် များသောအားဖြင့် မိမိတောင် မသိလိုက်ပဲ မိမိကိုယ်တွင် စိတ်ကျရောဂါ အလွန်ဆိုးဝါးစွာရနေပြီးဖြစ်နေတတ်သည်။

ထိုအခါ ရှင်သန်ဖို့ဆုံးဖြတ်နိုင်လောက်အောင် စိတ်ကမကျန်းမာတော့..။

မိမိဘဝအဆုံးသတ်ဖို့ကို အားသန်၍ ဆုံးဖြတ်ကြတော့လေသည်။


သမ္မတ
တရားသူကြီး
ရှေ့နေ
ထောက်လှမ်းရေး
ရုပ်ရှင်မင်းသမီး မင်းသား
အဆိုတော်
စာရေးဆရာများ
အမျိုးသမီးများ
ဝန်ထမ်းများ
စက်ရုံပိုင်ရှင်
အလုပ်ကြမ်းသမားများ

အလွှာမျိုးစုံ..... မိမိကိုယ်မိမိသတ်သေကြသည်။ ရောဂါဖြင့် မသေပဲ မိမိကိုယ်ကိုသတ်သေလျှင် ပင်စင်လည်း အပြည့်မရ.. လျှော်ကြေးလည်းမရ..။


မင်းသား ၊ မင်းသမီးတို့၏ဘဝကိုကြည့်ပါ။

တောင်ကိုရီးယားတွင် ခေတ်စား နာမည်ကြီးသောသရုပ်ဆောင်များ အသစ်များအမြဲပေါ်နေသည်။

ရုပ်ရှင်မင်းသား မင်းသမီး နှင့် အဆိုတော်များကတော့ မိမိရောက်နေသောအဆင့်ကို မကျစေရန် မနည်း ကျားကန်နေကြရသည်။

နေ့မအား ညမအား ရုပ်ရှင်ရိုက်၊ သီချင်းဆို၊ ခရီးထွက်ရသည်။

မိမိ၏အောင်မြင်မှု ပြီးဆုံးသွားမည်ကို အသက်နှင့်လဲ၍ စိုးရိမ်ကြသည်။

အောင်မြင်လာသည်နှင့် ပတ်ဝန်းကျင်က စိတ်ဓာတ်ကျအောင် အမျိုးမျိုးလုပ်ကြသည်။

အလုပ်ပင်ပန်း၍ စိတ်ထိခိုက်နေသော သရုပ်ဆောင်တို့သည်လည်း လောကဓံတရားများကို ရင်မဆိုင်နိုင်တော့..မိမိကိုယ်ကို မိမိ သတ်သေလေ့ရှိသည်။


ကျောင်းသားများဘဝကို လေ့လာကြည့်ပါ။

ယေဘူယျအားဖြင့် တစ်နှစ် တွင် ၁၂ လ ရှိရာ၌ ၁၁ လ သည် စာသင်ရ၍ တစ်နေ့ကို ၁၆နာရီ ကျောင်း ၊ ကျူရှင်တို့၌ စာသင်ရသည်။

ကျောင်းပိတ်ရက်ဆို ပိုဆိုးသည်။ မနက်မှစ၍ ည အိပ်ချိန်အထိ ကျူရှင်များတက်ကြသည်။

တက္ကသိုလ်ကောင်းကောင်းသို့ တက်နိုင်ရန် လေ့လာရသောစာသည် အလွန်များသည်။ ထိုသို့ကြိုးစားသော်လည်း ထင်သည့်အတိုင်းဖြစ်မလာသည့်အခါ...မိမိကိုယ်မိမိသတ်သေကြသည်။

အခြားတစ်ချက်မှာ...
ကျောင်းသားအချင်းချင်း အနိုင်ကျင့်ခံရမှု၊ အပယ်ခံရမှုတို့ကြောင့်မိမိကိုယ်မိမိသတ်သေကြသည်။

မည်သို့သော ကျောင်းသားများအပယ်ခံရသနည်း..?

အခြားကျောင်းသားများထက် အရာတစ်ခုခုက သိသိသာသာ နိမ့်ကျနေလျှင် အပယ်ခံရပါသည်။ သို့မဟုတ် တစ်ခုခု အလွန်အမင်းထူးခြားနေလျှင်လည်း အပယ်ခံရတတ်သည်။


စာပို့သမားတစ်ယောက်ကိုပဲကြည့်ပါ။

သူသည် တစ်နေ့ကို စာပေါင်း ထောင်နှင့်ချီ၍ ပို့ရသည်။

လက်မှတ်ထိုးရမည့်စာများဆိုပိုဆိုးသည်၊ အိမ်မှာလူမရှိလျှင် တစ်ခေါက်ထပ်သွားရသည်။

"ကျွန်တော်တို့ လမ်းလျှောက်ချိန်မရှိပါဘူး.. ဆိုင်ကယ်ပေါ်ကဆင်းရင် ပြေးရတယ်.."

ထမင်းစားချိန်မရှိ...။

သို့သော် ညဖက်အလုပ် မလုပ်ရသေး၍ တော်သေးသည်ဟုဆိုသည်။


စက်ရုံသူဌေးတစ်ယောက်၏ ဘဝရော လွယ်ကူလေသလား..?

ကျွန်မ စက်ရုံ၌ အလုပ်လုပ်ခဲ့စဉ်ကဖြစ်သည်။ သူဌေးက ပိတ်ရက်ရှည်တွင် ကျွန်မတို့နားနေသော်လည်း သူ၏မိဘ၊ သူ၏မိန်းမတို့နှင့် အလုပ်လုပ်နေလေသည်။

"သူဌေး..ဘာကြောင့် အလုပ်လုပ်နေတာလဲ..?" ဟုကျွန်မ မေးကြည့်သောအခါ

"မင်းတို့ကို လစာပေးဖို့ လုပ်နေတာပေါ့.."

အပိုတွေ..ဟု ကျွန်မ ထင်ခဲ့ပါသည်။

သူတို့ဘာသာစကား သူတို့နိုင်ငံအကြောင်းကို သိလာသည့်အချိန်တွင် ထိုသူဌေးပြောခဲ့သည်မှာမှန်သည်။

စက်ရုံအသေးစားတို့သည် တစ်နေ့လုပ်မှ တစ်နေ့စားရသည်။ ထိုစက်ရုံအသေးတို့အား...အထက်စက်ရုံအကြီးမှ အလုပ်မပေးတော့လျှင် အကုန်ဒုက္ခရောက်သည်။

ထို့ကြောင့် သူ့ထက်ငါ အပြိုင်လုပ်ရသည်။


အမျိုးသမီးများ

အမျိုးသမီးများသည် အလယ်တန်းကျောင်းသူဖြစ်၍ အပျိုဖော်ဝင်စ အချိန်မှစ၍ မိမိခန္ဓာကိုယ်ကို ပိန်အောင်လုပ်ရမည်မှာ တာဝန်ကြီးတစ်ရပ်လို အလွန်အရေးကြီးလေသည်။

ဒီနိုင်ငံတွင် ဝ လျှင်လူရာမဝင်.. အပျင်းကြီးသောမိန်းမဟုယူဆကြသည်။

မိခင်များ ဝ နေလျှင် သားသမီးတို့က "အမေ" ဟု သူငယ်ချင်းအရှေ့တွင်ခေါ်ရမှာရှက်သည့် အခြေအနေမျိုးဖြစ်ကုန်ကြသည်။

ပိန်၍ ပြီးပြီလား...။

မွေးရာပါ မျက်နှာထက်လှပအောင် ခွဲစိတ်ပြုပြင်မှုများ ပြုလုပ်ကြသည်။ အလယ်တန်း ကျောင်းသူမှစ၍ အသက် ၆၀-၇၀ အမျိုးသမီးကြီးများအထိ ဖြစ်သည်။

ကိုယ်လုံးလှ မျက်နှာလှ၍ ပြီးပြီလား...။

တောင်ကိုရီးယားလူမျိုးတို့သည် အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း အဝတ်အစား၊ တိုက်၊ ကား... လိုအပ်ပြန်သည်။

ထိုအရာတို့ အတိုင်းအတာတစ်ခုအထိ မပြည့်စုံ၍ အပယ်ခံရသောအခါ မိမိကိုယ်ကို သတ်သေကြသည်။


အဘိုး အဖွားကြီးများသတ်သေနှုန်းကတော့ အများဆုံးဖြစ်သည်။

သူတို့ကတော့ ငွေမရှိသည့်အခါ သားသမီးများအား ဝန်ထုပ်ဝန်ပိုး မပေးလိုကြ ...
မိမိအား ပါတ်ဝန်းကျင်က ပယ်ထားသည်ဟုယူဆလာသည်။

ပင်စင်ယူပြီး၍ အလုပ်မရှိသည်နှင့် စိတ်ဓာတ်ကျလာသည်။

အလုပ်များသော သားမီးတို့ဖြင့်ဝေးကွာ၍ အထီးကျန်လာသည်။

ထို့ကြောင့် မိမိကိုယ်မိမိသတ်သေကြသည်။


အချစ်အတွက် သို့မဟုတ် မိမိကိုယ်ပိုင် ခံစားချက်တစ်ခုကြောင့် မိမိကိုယ်မိမိသတ်သေသူများ ကတော့ ရာခိုင်နှုန်း အလွန် နည်းပါးသည်။


တောင်ကိုးရီးယားနိုင်ငံတစ်ခုထဲလား..? မဟုတ်ပါ... ဂျပန်နိုင်ငံသည်လည်း အတူတူဖြစ်သည်။

ယခုအခါ တောင်ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံတို့တွင် ဥပဒေအတိုင်း တစ်နေ့ကို ၈ နာရီသာ အလုပ်လုပ်ရန် နှိုးဆော်ကြသည်။ သို့သော်..ထိုဥပဒေကိုလိုက်နာရန် အတော်ခက်ခဲနေသေးလေသည်။


တောင်ကိုရီးယားလူမျိုးများ မိမိကိုယ်ကို မိမိ သတ်သေကြသည့် အဓိအကြောင်းရင်းမှာ ....

🌟🌟စိတ်ဖိစီးမှုများကို ဖန်တီးထားသည့် ပုံသေနည်း ဆန်သော လူနေမှု အသိုင်းအဝိုင်း ပါတ်ဝန်းကျင်ကြောင့် ဖြစ်သည်။ 🌟🌟

တောင်ကိုရီးယားနိုင်ငံသားတို့သည် ပတ်ဝန်းကျင်က သတ်မှတ်ထားသော စံ ထဲမဝင် ဝင်အောင် ကြိုးစားနေထိုင်ကြလေသည်။

ထို စံချိန် အတွင်းဝင်အောင်နေထိုင်လိုလျှင် ငွေရှိမှဖြစ်မည်။

ငွေတစ်ခု ရှိလျှင် ပျော်ရွင်စွာနေနိုင်မည့် ဘဝတစ်ခုရသည်ဟု ယူဆကြသည်။

အချစ်ဆိုသည်လည်း ငွေရှိမှ ဖြစ်ပေါ်လာသည်။ပညာသည်လည်း ငွေရှိမှ သင်ကြားနိုင်သည်။ငွေရှိလျှင် မျက်နှာ၊ ကိုယ်လုံးကိုယ်ပေါက် အလှဆုံးလည်း ဖြစ်နိုင်သည်။ ငွေရှိမှ အောင်မြင်မည်။ ငွေရှိလျှင် ကျမ်းမာစွာနေနိုင်သည်။ ထိုအချက်များအကုန်ပြည်စုံမှ ရယ်မောပျော်ရွှင်နိုင်သောဘဝမျိုးကို ရနိုင်သည်။

ငွေ..ငွေ..ငွေ...။


ဆင်းရဲခဲ့သော တောင်ကိုရီးယားသည် ယခုအခြေအနေရောက်ရန် အလွန်ကြိုးစားခဲ့ရသည်။ အလုပ်ကြိုးစားလုပ်သည့် အကျင့်သည် အရိုးစွဲနေသည်။ ထို့ကြောင့်လည်း တဟုန်ထိုး တိုးတက်ခဲ့ပါသည်။

အခြားနိုင်ငံများ၌ နေသော တောင်ကိုရီးယားလူမျိုးများကိုကြည့်ပါ ... ပညာရေး၊ စီးပွားရေး တို့တွင် လူတကာထက် ထိပ်တန်းရောက်နေသည်ကများသည်။ ပိုက်ဆံရှိမှ ပျော်ရွှင်မှုရသည်ဟု တွေးတောသည့် လူမျိုး....။

ကျွန်မတို့ မြန်မာနိုင်ငံမှ အလုပ်သမားဗီဇာဖြင့် လာ၍ အလုပ်လုပ်နေသူများကို မေးကြည့်ပါ။ မြန်မာပြည်မှာကဲ့သို့ နားချိန်မရှိပါ။

ကျွန်မတို့ မြန်မာနိုင်ငံမှ ကျောင်းသား ဗီဇာဖြင့် လာရောက်နေသော ကျောင်းသားများအား မည်သို့ မည်ပုံ ကြိုးစားရသည်ကိုမေးကြည့်ပါ။

"မြန်မာက စာသင်ကြားမှုပုံစံနဲ့ ဒီကပုံစံတွေက မတူတဲ့ အခါ အစပိုင်းတော့ စာတွေကို လိုက် လုပ်ဖို့ အတော်ကြိုးစားရတယ်..."

ကျောင်းစာတွင်သာမက မိမိတို့နိုင်ငံနှင့် အလွန်ကွဲပြားခြားနားသော ကိုရီးယားလူမျိုးတို့ နေထိုင်ပြောဆိုမှုကြောင့် စိတ်ဒုက္ခ ( culture shock ) ရောက်ကြလေသည်။

"ညီမဆို ငယ်ငယ်ကတည်းက kpop fan ဖြစ်ပြီးတော့ kpop songတွေ နားထောင် drama တွေကြည့်နဲ့ ကိုယ့်ကိုကိုယ် Korea အကြောင်းနားလည်ပြီထင်ထားတာ တကယ့် culture ကို နားမလည်တော့ တော်တော် ဒုက္ခရောက်ခဲ့တာ..." ကိုရီးယားရောက်ကျောင်းသူလေးက ပြောသည့်စကားဖြစ်သည်။

"ဒီကိုလာတဲ့ ကျောင်းသားတစ်ချို့တွေ ကိုရီးယား culture ကို မသိရင်လည်း အရမ်းကို ပင်ပန်းကြတယ်"...။

ကျောင်းသူလေး ချောစုစုစံ ပြောသည့် culture ဆိုသည်ကို နားလည်ရန် ကျွန်မအထက်တွင်ဖေါ်ပြထားသော ကိုရီးယားလူမျိုးတို့အကြောင်း ပထမဦးစွာ နားလည်ထားရမည်ဖြစ်သည်။

သို့သော် ထိုကဲ့သို့ တောင်ကိုရီးယားတွင် ခဏတာလာရောက်နေထိုင်သူများသည် ကျွန်မ အထက်တွင်ဖေါ်ပြသည့် လူနေမှုအသိုင်းအဝိုင်း၏ မွန်းကြပ်မှုကို အပြည့်အဝခံစားနေရသည် မဟုတ်သေးပါ။


တောင်ကိုရီးယားသို့နှစ်ရှည်လများနေထိုင်ရသည့် ကျွန်မတို့ မြန်မာလူမျိုးများ ရှိပါသည်။

အထူးသဖြင့် ကိုရီးယားလူမျိုးများအလယ်တွင် နေထိုင်ဆက်ဆံရသော မြန်မာလူမျိုးများ၏ ဒုက္ခအား နားလည်ခံစားပေးနိုင်ရန် အလွန်ခက်ခဲသည်....။မည်သည့်အရာမဆို ကိုယ်တိုင်တွေ့ကြုံရမှ လက်တွေ့သိရမည်ဖြစ်ပါသည်။

အိမ်ရှင်မများလည်း အိမ်ရှင်မများအလျှောက် စိတ်ဖိစီးမှုများသကဲ့သို့ စီးပွားရေးလုပ်ငန်းရှင်တို့သည်လည်း သူတို့စီးပွားရေး တည်မြဲရန် စိတ်ဖိစီးမှုများကြသည်။


ကျွန်မကိုယ်ပိုင်ခံစားချက်အား အရိုးသားဆုံးပြောရမည်ဆိုလျှင် ...

မြန်မာပြည်သို့ လေယာဉ်ပျံစီးသည့် အချိန်တိုင်း စိတ်ပေါ့ပါးခဲ့ပါသည်။ အမြဲခံစားရသော ခေါင်းကိုက်သည့်ရောဂါများ ပျောက်ကုန်ခဲ့ပါသည်။

ကိုရီးယားနိုင်ငံသို့ လေယာဉ်စီးသည်နှင့် ရင်ထဲ၌လေးလံလာသည်။ အလုပ်အကြောင်းခေါင်းထဲဝင်လာသည်။ ကျောင်းသားမိဘများ၏ မကျေနပ်ချက်များကို ရင်ဆိုင်ဖြေရှင်းရန် စကားလုံးလှလှများ စတင် စဉ်းစားမိတော့သည်။ ကျွန်မ၏ လက်ရှိဆရာမ အလုပ်လည်း မလွယ်လှပါ..။

တောင်ကိုရီးယားအားလာချင်ကြသည်ဟု ကျွန်မထံ မက်ဆေ့ခ်ျပို့ စာရေးသူများအတွက် ဤဆောင်းပါးကို ရေးလိုက်ပါသည်။

တိုးတက်သည့်နိုင်ငံတစ်ခုဖြစ်၍ မိမိတို့နိုင်ငံ၌ မရှိသေးသော မသိသေးသောအရာများသင်ယူ၍... ကောင်းသောအတုများကိုယူ၍ .. အမိနိုင်ငံသို့ ပြန်ခြင်းသည်သာ အကောင်းဆုံးဖြစ်လေသည်။

ဘာသာမတူ ယဉ်ကျေးမှုမတူသော အခြားတစ်နိုင်ငံ၌ ပျော်ရွှင်ငြိမ်းချမ်းမှုအားရသည်ဆိုလျှင်လည်း တခဏတာသာဖြစ်ပါသည်။

မည်သည့်အရာမဆို အစွန်းရောက်အောင် ကြိုးစားလွန်းလျှင် အန္တရာယ်ရှိသကဲ့သို့ အပျင်းထူ၍ မကြိုးစားလျှင်လည်း အမြဲတမ်းနောက်ကျကျန်ရစ်နေမည်ဖြစ်လေသည်။
image
image
image
image
image
Pictures from naver
Credit ###မရွှေမိုး (ကိုရီးယား)
March 17th, 2018.

References
그것이 알고싶다 1083회

The “Scourge of South Korea”: Stress and Suicide in Korean Society
ANA SINGH-OCTOBER 31, 2017

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 67066.21
ETH 3093.89
USDT 1.00
SBD 3.75