လွမ်းတယ် ချစ်သူ

in #esteem6 years ago (edited)

image
လူတစ်ယောက်ရဲ့ ဘဝမှာ တစ်ခါလေးတော့ ဒဏ်ရာရဖူးမှာပေါ့နော်.

ချော်လဲလို့ ဒဏ်ရာရတယ် ...
ထိရှလို့ ဒဏ်ရာရတယ် ...
အက်စ်ဆီးဒင့်စ်ဖြစ်လို့ ဒဏ်ရာရတယ် စသည်ဖြင့် ...
ဒဏ်ရာရတဲ့အခါ ...
ဒဏ်ရာအတိမ်အနက်ပေါ်မူတည် နာကျင်ခံစားကြရတယ်.
ဒဏ်ရာပြန်ကောင်းပြန်တော့ အမာရွတ်ကျန်ခဲ့တယ်.
ဒဏ်ရာအတိမ်အနက်ပေါ်မူတည် ...
ကြီးတဲ့အမာရွတ် သေးတဲ့အမာရွတ်ပေါ့.
တစ်ချို့အမာရွတ်တွေက ခဏလေးနဲ့ပျောက်သွားတယ်.
တစ်ချို့အမာရွတ်တွေက ရက် လ နှစ်တွေကြာတယ်.
တစ်ချို့အမာရွတ်တွေကတော့ သေရာပါအမာရွတ်တွေပေါ့.
ဒါပေမယ့် ... ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာမှာဖြစ်တဲ့ အမာရွတ်တွေက ဆေးလိမ်းလို့ရတယ် ... ခွဲစိတ်ကုသလို့ရတယ် ...
အမာရွတ်တွေဖျောက်တဲ့ နည်းပညာတွေအောက်မှာ အမာရွတ်ဆိုတာ ဖျောက်ပစ်လို့ရတဲ့အရာဖြစ်လာတယ်.
ဒါက ရုပ်ပိုင်းဆိုင်ရာမှာဖြစ်တဲ့ ဒဏ်ရာတွေပေါ့.

စိတ်ပိုင်းဆိုင် ဒဏ်ရာတွေကတော့ ...
တစ်ချို့ကမွေးဖွားချိန်ကစ သေဆုံးချိန်ထိ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာနင့်နဲစွာမရှိဘဲ ဘဝကိုဖြတ်သန်းနိုင်ကြတယ်. ကုသိုလ်ကံ သိပ်ကောင်းလွန်းသူတွေပေါ့.

စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေဟာ ဖော်ပြဖို့ မဆုံးနိုင်အောင်များပြားတယ်လေ ...
လိုချင်တာမရလို့ စိတ်ထိခိုက်တယ် ...
ရည်းစားနဲ့ ပြတ်သွားလို့ ...
ရည်းစားက ကိုယ်မဟုတ်တဲ့သူနဲ့ အိမ်ထောင်ပြုသွားလို့ ...
သူများက ကိုယ့်ကို နာကျင်အောင်ပြောလို့ ...
မိသားစု တစ်ကွဲတစ်ပြားဖြစ်လို့ ...
အိမ်ထောင်ဖက်နဲ့ ကွာရှင်းပြတ်ဆဲရလို့ ...
အလုပ်အဆင်မပြေလို့ ...
စီးပွားရေးကြပ်တည်းလို့ ...
ကျန်းမာရေးမကောင်းလို့ ... စသည်ဖြင့် (ရေးပြလို့မဆုံးနိုင်တဲ့ အကြောင်းအရာတွေ) ...

ဘဝအကျိုးပေးတဲ့မတူ ... စိတ်ထားတတ်မှုတွေမတူတော့ ... စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ဒဏ်ရာတွေမတူကြဘူး. ဒဏ်ရာအတိမ်အနက် စိတ်ခံစားမှုအပေါ်မူတည်ပြီး နဂိုအတိုင်းပြန်လည်ကောင်းမွန်လာဖို့ အချိန်အတိုင်းအတာလည်း မတူကြဘူး.

တစ်ချို့က ဘယ်အရာမှ မမြဲဘူးလို့ လက်ကိုင်ထားတတ်တော့ ...
လိုချင်တာမရတာဖြစ်ဖြစ် ...
အသည်းကွဲတာဖြစ်ဖြစ် ...
စီးပွားရေးမပြေလည်တာဖြစ်ဖြစ် ဘယ်လိုဘဲ လောကဓံ ၈ ပါးနဲ့ကြုံကြုံ ခံနိုင်ရည်ရှိကြ. လက်လွှတ်တတ်ကြတယ်.
လက်လွှတ်တဲ့ သဘောတရားက ကိုယ့်အတ္တ မာနတွေကို ခဏဘေးဖယ် ဖြစ်ပျက်မှုကို အမှန်အတိုင်းလက်ခံ ...
လက်လွှတ်ပြီး ကိုယ့်စိတ်ကို အဲဒီ့အရာ သို့မဟုတ် အဲဒီ့သူဆီမှာ ငြိတွယ်မှုကို အပြီးတိုင်ဖြတ်တောက်လိုက်တာပါ.
အဲ့လို လက်လွှတ်တတ်ရင် စိတ်ငြိမ်းချမ်းရတာပေါ့.

တွယ်ငြိတာလည်း ' စိတ် '
လွတ်မြောက်တာလည်း ' စိတ် ' ပါဘဲ.
တွယ်ငြိမှုကို မဖြတ်တောက်ချင်သမျှ ကာလပတ်လုံး တွယ်ငြိမှုရဲ့ အကျိုးဆက်ကတော့ ရှိနေမှာဘဲ.
မတွယ်ငြိသင့်ဘူးလို့ ' သတိ ' လေးကပ် ဖြတ်တောက်ပြစ်နိုင်တဲ့ တစ်နေ့ ' လွတ်မြောက် ' ခြင်းရဲ့ အရသာ ... ငြိမ်းအေးမှုကို ခံစားရမှာပါ.
image
ပုထုဇဉ်မှု တွယ်ငြိမှုတွေ ရှိမှာဘဲ ...
တွယ်ငြိချင်တွယ်ငြိပါ ... တစ်ချိန် ငါ လက်လွှတ်တတ်ရမယ်ဆိုတဲ့ စိတ်ကလေးနဲ့ပေါ့.
ဒါဆို စိတ်ဒဏ်ရာရသည့်တိုင် အရမ်းမနာကျင်ရဘူးပေါ့.

ကိုယ်မဟုတ်တဲ့ သူများကြောင့် စိတ်နာကျင်ရသလား ?
စိတ်မှာဒဏ်ရာတွေရသွားသလား ?
မမြဲဘူးဆိိုတာ နှလုံးမသွင်းနိုင်ရင် ...
စိတ်ဒဏ်ရာကြောင့် ငိုကြွေးမယ် ... ခံစားနာကျင်မယ်.
ငိုချင်ရင် ငိုကြွေးပါ.
ငိုခြင်းဟာ စိတ်ထွက်ပေါက်ပေမယ့် ပြဿနာကို မဖြေရှင်းနိုင်ပါဘူး. သူတစ်ပါးကြောင့် ကိုယ်ငိုရပေမယ့် ကိုယ့်ကိုငိုစေသူဟာ အအိပ်မပျက် အစားမပျက် ပျော်ရွှင်မှုမပျက် ကိုယ်ငိုတာ သူသိချင်မှသိမယ်. သိရင် စိတ်မကောင်းဖြစ်လိုက်တာ အဲ့လိုမရည်ရွယ်ပါဘူးလို့ နှစ်သိမ့်ချင်သိမ့်မယ်. ဒါမှမဟုတ် ကိုယ့်ဘာသာငိုတာလေ. သူကဘာမှမလုပ်ဘူးလို့ တာဝန်မဲ့စကားပြောချင်ပြောမယ်.
ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ ...
အဲ့လိုသူတွေအတွက် ကိုယ်ငိုသင့်လားလို့.

စိတ်ဒဏ်ရာတွေရတဲ့အခါ လက်စားချေလိုစိတ်ဖြစ်မိရင် ...
အတိတ်ဘဝက ပေးဆပ်စရာဝဋ်ကြွေး ဒီဘဝဆပ်ရတယ်. ဝဋ်ကြွေးကြေပြီ. နောင် သံသရာအတွက် ကြွေးသစ်မယူဆတာ့ဘူး တွေးရမှာပေါ့.
သူကောင်းတာ မကောင်းတာ သူ့ကုသိုလ် အကုသိုလ် က သူ့ကံအကြောင်းတရားတွေဖြစ် ...
ကိုယ့်ကောင်းတာ မကောင်းတာ ကိုယ့်ကုသိုလ် အကုသိုလ်က ကိုယ့်ကံအကြောင်းတရားမို့ ကြွေးဟောင်းဆပ်ချိန် ကြွေးသစ်မချမိအောင် ကြိုးစားကြရမှာပေါ့.

တရားသဘော နှလုံးသွင်း စိတ်ပါရမီရင့်သန်သူတွေကတော့ စိတ်ဒဏ်ရာ ရခဲတတ်ကြတယ် ...
ဒီလိုမှမဟုတ် စိတ်ဒဏ်ရာရပြီးရင် ခုဒဏ်ရာရ ခုဒဏ်ရာကဘယ်ပျောက်မလဲ ...
ဒဏ်ရာပျောက်ဖို့ အချိန်တွေယူရမယ် ...
အချိန်ပေးပါ ဒဏ်ရာအတွက် ...
ဒါပေမယ့် ... နေ့စဉ် ' ငါ မငြိတွယ်တော့ဘူး ' လို့ အချိန်တိုင်း နှလုံးသွင်းရမှာပေါ့.
နှလုံးသွင်းသည့်တိုင် ငြိတွယ်နေသေးရင် ဒါ ကိုယ့်စိတ်ကိုက ငြိတွယ်မှုမှာ သာယာတာ ... ခံစားနာကျင်ရမှုကို နှစ်သက်တာ ဖြစ်သွားပြီပေါ့.

အစက အကောင်းပတိ စိတ်နှလုံးသား ❤️
အကြောင်းကြောင်းကြောင့် စိတ်နှလုံးသားနာကျင်ဒဏ်ရာရရင် 💔
အမြန်ဆုံးအကောင်းကတိ ❤️ ဖြစ်အောင်ကြိုးစားကြရမှာ ဘယ်သူ့မှာမှ တာဝန်မရှိပါဘူး. ကိုယ့်မှာသာ တာဝန်ရှိပါတယ်.

ရုပ်ပိုင်းဆိုင်ရာအတွက် ဒဏ်ရာတွေအတွက် ဆေးရှိပေမယ့် ...
စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေအတွက် ...
ကိုယ့်စိတ်ကို ကိုယ်ရဲ့ပဲ့မကိုင်နိုင်ရင် ...
စိတ်တွေဟာ ထင်ရာရွက်လွှင့်နေကြမှာပေါ့ ...

စိတ်တွေ အမြဲငြိမ်းချမ်းစွာရှိကြဖို့ ..
ကိုယ်ဟာ ကိုယ့်စိတ်ရဲ့ ' ပဲ့ကိုင်ရှင် ' ဖြစ် ...
စိတ်နှလုံးသားမှာ အမာရွတ်ကင်း ...
ငြိမ်းချမ်းသော ဘဝခရီးသမုဒ္ဒရာမှာ ...
မှန်ကန်သောလမ်းကြောင်းနဲ့ ရွက်လွှင့်သူများဖြစ်ကြပါစေ 🙏🏻🙏🏻🙏🏻
image
im

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 71299.70
ETH 3793.08
USDT 1.00
SBD 3.80