တစ်ဖက်သတ်အချစ်

in #esteemapp6 years ago

image

တစ်ဖက်သတ်အချစ်

အချစ်ဆိုတာ ဘာလဲဟု စူးစမ်းနေမိချိန်တွင် သူ့ထံ၌ ကင်ဆာဖြစ်နေကြောင်း သိလိုက်ရသည်။

“သားရယ် … ဖြစ်ရလေ … မေမေ ရင်ကျိုးတော့မယ်ကွယ်”

သူ့မိခင်က သူ့ကို ကြည့်ပြီးငိုသည်။

“မေမေ …”

“ဘာလဲ သားရယ်”

“သားအသက်ရှင်ဖို့ ဘယ်လောက်ကျန်တော့သလဲဟင်”

“ခြောက်လတဲ့သားရယ် … သား မေမေနဲ့ နေရမှာ ခြောက်လလောက်ပဲ ကျန်တော့တယ်။ မတရားဘူး … မတရားဘူး”

ကောင်လေးက မိခင်ကို ဖက်ထားလိုက်ပြီး

“မေမေရယ် … ဝမ်းမနည်းပါနဲ့ … ဘယ်တတ်နိုင်ပါ့မလဲ။ သားကံက ဒီလောက်ပဲပါတာ”

ကောင်လေးက တစ်ခုခု ဆုံးဖြတ်လိုက်ပြီး စက်ဘီးလေးစီးကာ အိမ်မှထွက်ခဲ့သည်။ သူလာနေသည်က DVD အရောင်းဆိုင်သို့ဖြစ်သည်။

DVD အခွေအရောင်းဆိုင်၏ ကောင်တာမှ ကောင်မလေးကို သူကြိုက်နေသည်။ သို့သော် ဖွင့်မပြောရဲ။ ခုတော့ ဖွင့်ပြောစရာလည်း မလိုတော့။ သူ ခြောက်လသာ လောကတွင် နေရတော့မည်ဖြစ်သောကြောင့် သူချစ်သော ကောင်မလေးကို ဖွင့်မပြောတော့ဟု ဆုံးဖြတ်လိုက်သည်။

သို့သော် သူက ဆိုင်ကိုလာပြီး နေ့တိုင်း DVD တစ်ခွေတော့ ဝယ်သွားတတ်သည်။ ဘာဖြစ်ဖြစ် ကောင်မလေး မျက်နှာကို သူတွေ့နေရလျှင် ကျေနပ်သောကြောင့် နေ့တိုင်းလိုလို DVD တစ်ခွေတော့ လာဝယ်ပြီး သူ့စိတ်ကို ဖြေသိမ့်နေရသည်။

ယနေ့ သူသိပ်ပြီးတော့ နေမကောင်း။ သို့သော် ကောင်မလေးကိုတွေ့ရန် ဆိုင်ကိုလာသည်။ DVD ရွေးသလိုနှင့် ကောင်မလေးကို လှည့်ပတ်ပြီးကြည့်နေသည်။ ယနေ့ သူ့ကို နောက်ဆုံး နှုတ်ဆက်ခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

သူက ရွေးထားသော DVD ကို ပိုက်ဆံရှင်းရန် ကောင်တာကိုလာခဲ့သည်။ ကောင်မလေးကို DVD ပေးလိုက်ပြီး ကျသင့်ငွေကိုလည်း ပေးလိုက်သည်။ ကောင်မလေးက ပိုက်ဆံကို လက်ခံလိုက်ပြီး

“သြော် … ရှင့်ကို လက်ဆောင်တစ်ခု ပေးစရာရှိတယ်”

“ဘာများလဲ”

“DVD တစ်ခွေပါ … ဆိုင်မှာ ဖောက်သည်လိုဖြစ်နေတော့ ကျွန်မရဲ့ လက်ဆောင်ပါ”

image

ကောင်လေးက ကောင်မလေးပေးသည့် လက်ဆောင်ကိုယူပြီး ပြန်လာသည်။ ထိုညတွင် ကောင်လေး ကွယ်လွန်သွားပါသည်။

ကောင်လေး အသုဘချအပြီးတွင် DVD အရောင်းဆိုင်မှ ကောင်မလေးသည် ကောင်လေးအိမ်သို့ရောက်လာသည်

“လာ သမီး … သားသူငယ်ချင်းနဲ့တူတယ်”

“DVD အရောင်းဆိုင်ကပါ”

“သြော် … ဟုတ်လား … သမီး ခဏလောက် လိုက်ကြည့်ပါလား”

ကောင်လေးမိခင်က ကောင်မလေးကို ကောင်လေးအခန်းသို့ ခေါ်သွားသည်။ ကောင်လေး အခန်းထဲတွင် ခန်းလုံးပြည့်နီးပါး DVD ခွေတွေကို စင်ပေါ်တွင် တွေ့ရသည်။

“ဒါတွေ အားလုံး သမီးတို့ဆိုင်က ဝယ်တာဖြစ်မယ်”

“ဟုတ်မယ်ထင်တယ်။ နေ့တိုင်း တစ်ခွေတော့ လာဝယ်တယ်”

ကောင်မလေးက ကောင်လေး နောက်ဆုံး အိပ်သွားသည့် အိပ်ရာဘေးတွင် သူလက်ဆောင်ပေးလိုက်သော ပန်းရောင်ဖဲကြိုးလေးချည်ထားသည့် DVD အခွေလေးကို တွေ့လိုက်ရသည်။

“သူ ဒီဘူးလေးကို ဖွင့်တောင် မသွားဘူးနဲ့တူတယ်”

“သားက DVD ခွေတွေကို ဝယ်သာလာတာကွယ့်။ တစ်ခုမှ ကြည့်တာမဟုတ်ဘူး။ ဒီအတိုင်းပဲ ဖွင့်တောင် မဖွင့်ဘဲထားတာပဲ”

ကောင်မလေးက ဝမ်းနည်းသွားသည်။

သူနောက်ဆုံး ပေးလိုက်သည့် DVD အခွေဘူးထဲတွင် စာလေးတစ်စောင် ထည့်ပေးလိုက်သည်။ သူဖွင့်မကြည့် သွားသဖြင့် သိသွားဟန်မတူ။

တကယ်တော့ ကောင်မလေးကလည်း ကောင်လေးကို ချစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီ။

(Silent And One Side)

တင်ညွန့်

photo : facebook

image

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 70130.51
ETH 3786.12
USDT 1.00
SBD 3.78