ခရစ္စတီယာနိုရော်နယ်ဒို vs လီယွန်နယ်မက်ဆီ

in #good-karma6 years ago

Screenshot_20180619_163450.jpg

ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲအစမှာပဲ စီရော်နယ်ဒိုက ပရိသတ်အားလုံးရဲ့ အာရုံတွေကို ဖမ်းစားလိုက် သည်။ တစ်ဆက်တည်းမှာပဲ အားလုံးရဲ့ မချင့်မရဲစိတ်တွေက မက်ဆီ ဆီသို့ဦးတည်နေခဲ့သည်။

ဒီအဖြစ်အပျက်တွေမတိုင်ခင်မှာ စီရော်နယ်ဒိုဟာ လက်ရွေးစင်အသင်းအတွက် ဖရီးကစ် (၄၄)ကြိမ် ကန်သွင်းခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါပေ။ (၄၅) ကြိမ်မြောက် ဖရီးကစ်ကိုတော့ အုပ်စုအဖွင့် စပိန်အသင်းနဲ့ပွဲစဉ်အတွင်း ပွဲချိန် (၈၈)မိနစ်မှာ စီရော်နယ်ဒိုကပဲ ဆက်လက်ကန်သွင်းခဲ့ပါတယ်။

ဝန်ခံပါတယ်။ ကျွန်တော်တို့အားလုံး သူ့ကို စူးစိုက်မိတယ်။ ဒီလောက်တောင် ဖရီးကစ် လွဲချော်လာခဲ့တာကို ဘာလို့ ဆက်ကန်နေဦးမှာလဲ? ဘာလို့ တခြားတစ်ယောက်ကို ပေးမကန်တာလဲ? ဘာနက်ဒိုဆေးလ်ဗား ၊ မော်တင်ဟို စသဖြင့် တခြားကစားသမားတွေ ကန်လို့ ရနေတာပဲလေ။ တခြားကစားသမားတွေကန်ရင် ဂိုးရဖို့ ပိုနီးစပ်မယ်လို့ ပရိသတ်အားလုံးက ထင်ခဲ့ကြပါတယ်။

တကယ်လို့သာ ဖရီးကစ်နဲ့ပတ်သက်တဲ့ သူ့ရဲ့ မှတ်တမ်းဆိုးတွေကို ပြန်စဉ်းစားခဲ့ရင် စီရော်နယ်ဒို ကိုယ်တိုင်လည်း (၄၅)ကြိမ်မြောက် ဖရီးကစ်ကို ကိုယ်တိုင်ကန်ချင်မှကန်ပါလိမ့်မယ် ။

တကယ်လို့သာ သူ့ရဲ့ ဖရီးကစ်ကန်သွင်းမှုစွမ်းရည်ကို ဝေဖန်နေတဲ့ ဘင်နီတက်ဇ်ရဲ့ ပြောဆိုမှုကို နားယောင်လိုက်ရင် ၊ ဘောလုံးသုံးသပ်သူတွေရဲ့ ပြောဆိုမှုကို နားယောင်လိုက်ရင် ၊ ပရိသတ်တွေရဲ့ အမျိုးမျိုးပြောဆိုမှုကို နားထောင်လိုက်မိရင် … သေချာပါတယ် စီရော်နယ်ဒို ဒီဖရီးကစ်ကို ကန်လိုက်မှာမဟုတ်ပါဘူး။

သိတဲ့အတိုင်းပဲလေ ။ စီရော်နယ်ဒိုဆိုတဲ့ ကစားသမားက သူများတွေဘာပြောပြော ဂရုမစိုက်ဘဲ ကိုယ့်လမ်းကြောင်းကိုယ်လျှောက်လို့ ဒီလိုမျိုး ဘဝတစ်ခုကို တည်ဆောက်နိုင်ခဲ့သည်မဟုတ်ပါ လား။ ဖရီးကစ်ကနေ ဂိုးရယူနိုင်ခဲ့သည်။

ဒါကိုကာကွယ်ခဲ့တဲ့ ဒီဂီယာကိုလည်းကြည့်ပါဦး။ သူသည်လည်း ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲ ကတစ်ယောက်။ ဘောလုံးက သူ့ဆီဦးတည်လာမယ် ။ ဖြစ်နိုင်လောက်တဲ့ အနေအထားကနေ နေရာယူထားမယ်။ ဂိုးဝင်ဖို့ လက်မ အနည်းငယ်အလိုလောက်မှာပင် ကာကွယ်လိုက်နိုင်သည်။ ဒါက ပရိသတ်တွေ ရင်သပ်ရှုမောဖြစ်နေကျ သူ့ရဲ့ လက်စွမ်း ။

ဒါပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ ဒီဂီယာ မလုပ်လိုက်နိုင်ခဲ့ပါဘူး။ ဒီဂီယာ ဘာဆိုဘာမှ လက်နဲ့ ရွယ်လိုက်ချိန်ပင်မရဘဲ ဂိုးထဲဝင်သွားတာကို လိုက်ကြည့်နေခဲ့ရတဲ့ အခြေအနေပါ။

ကစားသမားဘဝ (၅၁) ကြိမ်မြောက် ဟက်ထရစ်ဂိုးသွင်းယူပြီးချိန်မှာတော့ စီရော်နယ်ဒိုဟာ အဲဒါငါကွ ဆိုတဲ့ စကားကို ဖော်ပြတဲ့ အမူအရာမျိုးနဲ့အောင်ပွဲခံခဲ့ပါတယ်။ သူ့ရဲ့ သွင်းဂိုးကြောင့် ပေါ်တူဂီအသင်းကလည်း ရမှတ်တစ်မှတ် ပြန်ယူနိုင်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းနဲ့ အိုက်စ်လန်အသင်းတို့ရဲ့ပွဲစဉ် (၆၂)မိနစ်အရောက် အိုက်စ်လန် နောက်ခံလူ ဟော်ရာမက်ဂ်နက်ဆင် တစ်ဖက်ကစားသမားကို တွန်းသလိုဖြစ်သွားချိန်မှာ အားလုံးရဲ့ အားပေးသံတွေ တစ်ခဏ ဆိုင်းငံ့သွားသည်။ ချက်ချင်းပဲ ကွင်းလယ်ဒိုင်က ပင်နယ်တီ သတ်မှတ်ပေးလိုက်သည်။ တစ်ဖက်တစ်ဂိုးစီသရေဖြစ်နေပါလျက်နဲ့ မက်ဂ်နက်ဆင် ရဲ့ တစ်ခဏတာ အပြုအမူကြောင့် ဂိုးပေးဖို့ သေချာသလောက်ဖြစ်နေပြီ။ ဒီပွဲရှုံးရင် သူတရားခံ ဖြစ်ပြီလေ။

တစ်ဖက်မှာ ပင်နယ်တီကိုကန်သွင်းဖို့ ရည်ရွယ်ထားသူက မက်ဆီ။ သွားပြီ။ ဒါဂိုးပေးရပြီပဲ။ အာဂျင်တီးနားအတွက် ကံဆိုးသည်လား အိုက်စ်လန်အသင်းအတွက် ကံကောင်းသည်လား မပြောတတ် .. မက်ဆီကန်သွင်းလိုက်တဲ့ ဘောလုံးက အိုက်စ်လန် ဂိုးသမား ဟောလ်ဒေါ်ဆင် နေရာယူထားသည်နှင့် အံကိုက်ဖြစ်ပြီး ပုတ်ထုတ်လိုက်နိုင်သည်။ မက်ဆီ သူ့ကိုယ်သူပင် ယုံနိုင်မည် မဟုတ်။ စိတ်ရှုပ်ခဲ့ရသည်။

မက်ဆီအတွက် ဒီပင်နယ်တီက ဘာလို့ ဂိုးမဝင်သွားခဲ့တာလဲ? မက်ဆီကိုယ်တိုင် ပြန်မေးမိမှာ ဖြစ်သလို ပရိသတ်တွေလည်း အားမလိုအားမရခြင်းများဖြင့် မေးခွန်းထုတ်နေမိမည်မှာ အသေအချာ။

အာဂျင်တီးနား ပြည်သူတွေအားလုံးမျှော်လင့်ထားတဲ့ ဂိုး.. ဆိုတဲ့ အသံတွေက တကယ်တမ်းမှာ လေထဲသို့ထွက်မလာခဲ့။ တကယ်တမ်းတော့ ဒီပင်နယ်တီ မတိုင်ခင်မှာ မက်ဆီဟာ အာဂျင်တီးနား အတွက် ပြယုဂ် ၊ စံပြကစားသမားဖြစ်နေနှင့်ပြီးသားပါ။ ခြေစစ်ပွဲစဉ်တွေမှာ ပြသခဲ့တဲ့ သူ့ရဲ့စွမ်းဆောင်ရည်တွေကို တကယ်တမ်း ကမ္ဘာ့ဖလားမှာလည်း မြင်တွေ့ခွင့်ရမည်ဟု အားလုံးက မျှော်လင့်ခဲ့ကြသည်။

အာဂျင်တီးနားအသင်းအပေါ် မချင့်မရဲဖြစ်မှုတွေကို သူ့ရဲ့ခြေစွမ်းများဖြင့် ငြိမ်းအေးစေခဲ့ဘူးသည်။ အခုတော့ ဒီပင်နယ်တီလွဲချော်မှုနဲ့အတူ သူမလုပ်နိုင်ခဲ့ပေ။

ဒီနေ့ပွဲစဉ်အတွက်တော့ သူသည်လည်း အရှုံးသမားတစ်ဦးလို။

သူလိုခြေစွမ်းရှိသည့်ကစားသမားတစ်ဦးကို ဘယ်သူကမေးမေး ပင်နယ်တီ (၁၁)ကြိမ် ကန်လျှင် (၁၁)ဂိုး ဝင်မည်ဟု ဖြေမှာ ကြိမ်းသေသည်။

ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ စိတ်ပျက်လက်ပျက်နဲ့ ကွင်းထဲမှ ထွက်ခွာလာတဲ့မက်ဆီကို တွေ့ခဲ့ရပါတယ်။
ဒီနေ့ခေတ်ဘောလုံးလောကမှာ တစ်ဦးချင်းအားပြိုင်မှုပြင်းထန်တဲ့ ကစားသမား (၂)ဦးကိုပြပါ ဆိုရင် မက်ဆီနဲ့ စီရော်နယ်ဒိုကိုသာ ပြရမယ်ဆိုရင် …

စီရော်နယ်ဒို Vs မက်ဆီ
မက်ဆီ Vs စီရော်နယ်ဒို …

ဒါကိုငြင်းမည့်သူရှိလျှင် မြင်ဖူးချင်လှသည်။

အခုတင်မဟုတ် နောင် (၁၀)စုနှစ်တစ်ခုလောက်ထိ ဒီမှတ်တမ်းက ကျန်ရှိနေဦးမှာဖြစ်သည်။

စီရော်နယ်ဒိုဆိုသည်က ဘောလုံးဂုဏ်ကြီးမားလွန်းသူ .. ချန်ပီယံဆုများစွာသိမ်းပိုက်ထားသူ … သူ့ရဲ့ အောင်မြင်မှုကို သိပ်တန်ဖိုးထားတတ်သူဖြစ်သည်။ စီရော်နယ်ဒိုဟာ သူ့ရဲ့ လှုပ်ရှားမှု အလိုက် ပြောစကားတွေကို ဖွင့်ဟပြောဖို့ လိုအပ်တဲ့ကစားသမားမျိုး။ စကားတွေ သိပ်ပြီးအများကြီးသူမပြော။

မက်ဆီသည်လည်း ခေသူမဟုတ်။ ကြောက်စရာကောင်းသည့် အောင်နိုင်သူတစ်ဦး။ သူလည်း စီရော်နယ်ဒိုလိုပဲ သူ့အောင်မြင်မှုတွေကို တန်ဖိုးထားသည်။ သေချာပါတယ် ။ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာမှာ သူတို့လို စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကစားသမား မပေါ်ပေါက်သေး။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ မက်ဆီတစ်ယောက် ပင်နယ်တီလွဲချော်ခဲ့ခြင်းက အမှားကြီးအမှား။

စပိန်နဲ့ပွဲမှာ စီရော်နယ်ဒိုရဲ့ခြေစွမ်းက ပုံမှန် ရီးယဲလ်မက်ဒရစ်အသင်းမှာ မြင်တွေ့နေကျ စီရော်နယ်ဒိုထက် ပိုကောင်းနေသည်။ အကောင်းဆုံးဝင့်ဝင့်ကြွားကြွားနဲ့ ဦးဆောင်ကစားပြီး အကောင်းဆုံးဆိုတာတွေကို ဘယ်လိုဦးဆောင်ရမယ်ဆိုတာ သူကောင်းကောင်းသိနေသည်။ ယခင်ကလည်း ဖိအားတွေကို ဖြတ်ကျော်ဖူးသူတစ်ယောက်ဖြစ်လို့ ဖိအားတွေကပင် သူ့ကို ခြေစွမ်းပိုကောင်းအောင် လုပ်ပေးနေသလိုပင်။

တစ်ဖက်က မက်ဆီကလည်း သူ့အသင်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူပွဲထွက်လာသူ။ ပင်နယ်တီလွဲတာက သူ့အမှားလို့တော့ မဆိုသာ။ ပင်နယ်တီဆိုတာ လူတိုင်း ဝင်အောင် ကန်သွင်းနိုင်တာမှ မဟုတ်တာ။ သူ့ရဲ့ခြေစွမ်း ၊ အသက်အရွယ်နဲ့ အတွေ့အကြုံက အာဂျင်တီနားအသင်းအတွက် အကောင်းဆုံး ဦးဆောင်သူအဖြစ် သံသယဖြစ်စရာ မလိုပါဘူး ။ မာရာဒိုနာတို့လို ပြိုင်ဘက်ကိုမြင်တာနဲ့ လွှမ်းမိုးနိုင်တဲ့ မှော် တစ်ခု သူ့မှာရှိသည်။
ကလပ်အသင်းနဲ့ရော နိုင်ငံအသင်းနဲ့ပါ အောင်မြင်မှုအတိုင်းအတာတစ်ခုထိ ရယူပြီးတဲ့ မက်ဆီ အဖို့ ကျန်ရှိနေတဲ့ တစ်ခုတည်းသော လိုအပ်မှုက ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ဖို့ဖြစ်သည်။ ဒါမှ သူ့မှာ ရှိနေတဲ့ဖိအားတွေ လွတ်မြောက်နိုင်မှာဖြစ်ပါတယ်။ ဒီအတွက် ပွဲဦးထွက် ခြေလှမ်းအစမှာ အမှားကိုသူကြုံတွေ့ခဲ့ရသည်။

ပွဲအပြီး သူလမ်းလျှောက်လာတဲ့အချိန်မှာ ခေါင်းကိုငိုက်စိုက်ချ ဖိနပ်ကိုကြည့် ထွက်လာခဲ့ပေမယ့် ပွဲကြည့်စင်ပေါ်က မာရာဒိုနာအပါအဝင် ပရိသတ်တွေက သူ့ကို အားပေးနေဆဲဖြစ်ပါတယ်။ သူတို့ အားလုံးရဲ့ နောက်ဆုံးစံ တိုင်းတာမှုကလည်း မက်ဆီကို ကမ္ဘာ့ဖလားကိုင်မြှောက်ခွင့်ရတာကို မြင်လိုခြင်းဖြစ်သည်။

မက်ဆီအတွက် ဒီလိုဖြစ်ရပ်မျိုးကတော့ နောက်ထပ် ထပ်လုပ်လို့မရတော့ပါဘူး။

ဘာပဲဖြစ်ဖြစ် မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားနဲ့ စီရော်နယ်ဒိုဦးဆောင်တဲ့ ပေါ်တူဂီအသင်းတွေ ဟာ ရမှတ် တစ်မှတ်နဲ့တင် ကျေနပ်ခဲ့ရပြီဖြစ်ပါတယ်။ ပထမဆုံးပွဲစဉ်အရ တစ်ဦးချင်း စွမ်းရည်ကို ကြည့်ရင် စီရော်နယ်ဒိုနိုင်ပြီး မက်ဆီရှုံးနိမ့်ခဲ့ပါတယ်။ လက်ရွေးစင်အသင်းနှစ်သင်းရဲ့ ရလဒ်တွေ ဘာဖြစ်မလဲစောင့်ကြည့်ရမှာဖြစ်သလို ဒီကစားသမားနှစ်ယောက် ဘာလုပ်ပြနိုင်မလဲ စောင့်ကြည့်ရပါ မယ်။

မက်ဆီကတော့ လက်ရွေးစင်အသင်းရဲ့ကံကြမ္မာကို ပြန်လည် ရေးထိုးဖို့ စွမ်းအားတစ်ခုရှိနေပြီး စီရော်နယ်ဒိုဟာလည်း ပေါ်တူဂီအသင်းရဲ့ အားကိုးအားထားပြုရတဲ့ ယုံကြည်မှုတစ်ခု ရယူထားနိုင် ပါတယ်။

သူတို့နှစ်ယောက်ရဲ့ တစ်ဦးချင်းစွမ်းရည်အားပြိုင်မှုကလည်း ပရိသတ်တွေကို ဖမ်းစားထားတယ် ဆိုတာ ငြင်းမရပါဘူး။ ရုရှားကမ္ဘာ့ဖလားကတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာများဖြင့် ပြည့်နှက်နေဦး မည်သာ။

လောလောဆယ်တော့ စီရော်နယ်ဒို ၁ - ၀ မက်ဆီ ဆိုတဲ့ ရလဒ် ထွက်ပေါ်နေပါတယ်။

Ref : OPINIONS AND FEATURES

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 70118.25
ETH 3744.50
USDT 1.00
SBD 3.84