တချို့လူတွေကိုကြည့်ပြီး ကျွန်မတော့ ကျိတ်ရယ်မိတယ်

in #life6 years ago

ဘယ်နေရာမဆို သူတို့ပဲ
ရောက်ဖူးတယ်
သွားဖူးတယ်
စားဖူးတယ်
ပိုက်ဆံလဲသူတို့ပဲသုံးနိုင်တယ်
ဈေးကြီးတာတွေလဲသူတို့ပဲဝယ်နိုင်တယ်
ဝတ်နိုင်တယ်
လှုနိုင်တန်းနိုင်တယ်
သူတို့သာလျှင် ဘယ်သူနဲ့သိတယ် ဘယ်ဝါနဲ့သိတယ်
အသိုင်းအဝိုင်းကောင်းတယ်
အဆက်အသွယ်ကောင်းတယ်
ပစ္စည်း ပြိုင်
ကားပြိုင်
လင်ပြိုင်
သားပြိုင်
ကျွန်မလိုလူ အဲဒါမျိုးတွေနဲ့တွေ့မိလို့ကတော့
အင်မတန် စကားများပြီး အပြောင်အပျက်ရွှတ်တတ်တဲ့ ကျွန်မပါးစပ်ကြီးပိတ်ပြီးသားပဲ
ဘာမှကိုပြောမထွက်တော့တာပါ
တချို့က လူရှေ့သူရှေ့မှာ အဲလို အာကျယ် အာကျယ် လုပ်ရတာကိုးကို အရသာတွေတာ
Insecurity လို့ခေါ်တဲ့စိတ်မလုံခြုံမှုတစ်ခုပါ
ကြွားတယ်ဆိုတာဟာ တကယ်တော့ ကိုယ့်ရဲ့မပြည့်စုံတဲ့အားနည်းချက်ကို လှစ်ပြနေတာပါ
ကျွန်မ တလောလေးကပဲ လူကြီးတစ်ယောက်နဲ့တွေ့တော့ အမှတ်မထင်စကား ပြောမိကြရင်း သူက သူအမေရိကားကို သွားမှာ ဘယ်လောက်ကြာမယ်ဆိုတာနဲ့ သူပြောတဲ့ထဲမှာ အောင်မလေး
ဆန်ဖရန်စစ်စကိုတို့ နယူးယောက်တို့ ဆိုတဲ့ မြို့ကြီးပြကြီးတွေပေါ့လေ
သူပြောချင်တာတွေအကုန်ပြောပြိးမှ
ကျွန်မကိုလေ
ရောက်ဖူးလားတဲ့
ကျွန်မလဲ ဟုတ်ကဲ့ ရောက်ဖူးပါတယ်ဆိုတော့
ဘယ်ဘက်တွေရောက်ဖူးလဲ
ဘယ် state တွေလဲတဲ့
ကျွန်မဖြေလိုက်ပါတယ်
ကျွန်မတော့...တောဘက်ပါ အန်ကယ်လို့.....
သူ ဘာမှပြန်မပြောတော့ပါ
သြစတေးလျတို့ အမေရိကားတို့ ရောက်ဖူးရင် ကောင်းပါတယ်
ဒါပေမဲ့ မရောက်ဖူးလဲ ဘာမှမဖြစ်ပါ
ကိုယ့်နိုင်ငံမှာ စစ်တွေမဖြစ်ဘဲ အေးအေးချမ်းချမ်း အဆင့်အတန်းရှိရှိ နေနိုင်ရင်ပြီးတာပဲမဟုတ်လား
ကားအကောင်းစားဝယ်စီးနိုင်တာ
ဝမ်းသာစရာပါ
ဒါပေမဲ့ မစီးနိုင်တော့လဲဘာမှမဖြစ်ပါ
ဆိုက်ကားဖြစ်ဖြစ် သုံးဘီးဖြစ်ဖြစ်
ကျွန်မစီးနိုင်ပါတယ်
အဓိက ကတော့ သွားချင်တဲ့နေရာလေးကို အန္တရာယ်ကင်းစွာ ရောက်ဖို့ပါပဲ
သိန်းဆယ် ရာချီနေတဲ့ ပိုက်ဆံအိတ်တွေ ကိုင်နိုင်တယ်ဆိုတာ ဂုဏ်ယူစရာမဟုတ်ပါ
အရေးကြီးတာ ကိုယ့်အိတ်ထဲမှာ ကိုယ်သုံးချင်တာလေးသုံးနိုင်ဖို့ လုံလုံလောက်လောက်ပိုက်ဆံလေးပါ
နေရင် ပြီးတာပဲမဟုတ်လား
တချို့အပေါင်းအသင်းတွေထဲမှာ မင်္ဂလာဆောင်တွေ ပွဲတွေလမ်းတွေသွားရင် ကိုယ့်နားရွက်မှာ လက်ချောင်းတွေမှာ ဘာဝတ်ထားလဲ လိုက်ကြည့်တတ်တဲ့ သူတွေရှိပါတယ်
စိန်တွေအတုံးလိုက်မဝတ်နိုင်တော့ရော ဘာဖြစ်လဲ
အရေးကြီးတာ အများကြားမှာကိုယ်ပိုင်အလင်းရောင်နဲ့ တောက်ပထွန်းလင်းနေဖို့ပဲမဟုတ်လား
အဝတ်အစား အကောင်းစားတွေ မဝတ်တော့ရောဘာဖြစ်လဲ
အရေးကြီးတာ သက်တောင့်သက်သာနဲ့တင့်တယ်
နေဖို့ပဲမဟုတ်လား
အိုင်ဖုံးမကိုင်ရတော့ရော ဂုဏ်ငယ်သွားစရာလား
ဘယ်ဖုံးကိုင်ကိုင် ကိုယ်လိုချင်တဲ့ဆီ connection ကောင်းကောင်းဆက်နိုင်ဖို့ကအဓိကပါ
သူဌေးတွေ နာမည်ကျော်တွေနဲ့ အသိဖြစ် ဓါတ်ပုံရိုက်ပြီးဖွဘုတ်မတင်ရတော့ရော ဘာဖြစ်လဲ
ကိုယ့်အနားမှာ ကိုယ့်ကို ချစ်တဲ့ ကိုယ် ဒုက္ခရောက်ရင်ကူညီတဲ့ သူငယ်ချင်းတွေရှိရင်ပြီးတာပဲမဟုတ်လား
ကိုယ့်ယောကျာ်းက ရာထူးရာခံလဲရှိ ပိုက်ဆံလဲရှာနိုင်တယ်ဆိုကောင်းပါတယ်
ဒါပေမဲ့ ယောကျာ်းယူတာသူ့ကို ခိုင်းစားဖို့လား သူနဲ့တစ်ဘဝစာလက်တွဲချင်လို့လား
ယောက်ကျားက ပိုက်ဆံတွေအများကြီးမရှာနိုင်လဲ
ဘာဖြစ်လဲ
အရေးကြီးတာကိုယ့်အပေါ်သစ္စာရှိပြီးချစ် နေဖို့ပဲမဟုတ်လား
မိသားစု အကြွေးမရှိပဲ ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ ရှိနေကြဖို့အဓိကမဟုတ်ဖူးလား
စားသောက်ဆိုင်အကောင်းစားကြီးတွေ အသစ်ဖွင့်တိုင်းသွားမစားဖူးတော့ရော ဘာဖြစ်လဲ
အဲဒီမှာ အပေါ်ယံကြောတွေနဲ့ ရယ်မောဟန်ဆောင်ပြောဆိုရင်း စားသောက်နေရမဲ့အစား
ကိုယ်ကြိုက်တဲ့ဟင်းလေး တလုတ်တလွေးစားရင်းဗိုက်ပြည့်သွားဖို့ကို ကျွန်မပိုမက်မောမိတာပါ
သိန်းချီလှူနိုင်တာသာဓုခေါ်စရာပါ
ဒါပေမဲ့အဲလိုမလှူနိုင်တော့ရော ဘာဖြစ်လဲ
လမ်းဘေးခွေးလေးတစ်ကောင်ကို
ကျွေးလိုက်မွေးလိုက်ရင်တောင် စေတနာထားတတ်ရင်ကုသိုလ်တွေ အများကြီးရသွားတာပဲမဟုတ်လား
ကိုယ့်သားသမီးက သူ့သားသမီးလိုဖြစ်မလာတာ့ရော
ဘာအရေးလဲ
ကျွန်မတို့ဘဝတွေရဲ့ ကုသိုလ်ကံ အကျိးပေးခြင်းတူမျှကြတာမှမဟုတ်တာ
သားသမီးဆိုတာလဲလူပဲမို့
သူ့ကံအတိုင်းသွားမှာပါ
ကိုယ်ကမိဘနေရာဆို သူ့အပေါ်ကိုယ်တတ်နိုင်သလောက်
အကောင်းဆုံး လုပ်ပေးဖို့ပါ
ဘဝမှာ အဓိကနဲ့သာမညကို မခွဲခြားနိုင့်သရွေ့
ကျွန်မတို့ဟာ စိတ်ညစ်နေကြရမှာပါ
သူများလိုမလုပ်နိုင်တာ မဖြစ်နိုင်တာ
မလုပ်ရတာ မဖြစ်ရတာကိုတွေးပြီး အပေါ်ယံအတုအယောင်လေးတွေ ခဏတာသာယာမှုအတွက်လိုက်လုပ်ရင်း နေ့တဓူဝဖြတ်သန်းနေမယ်ဆိုရင်တော့ အလကားအချည်းနှီးသောဘဝမျိုးပဲ
ဖြစ်နေမှာပါ
သေတော့လဲကိုယ့်နောက်ဘာမှမပါပါဘူး
အဲဒါမျိုးတွေလိုက်လုပ်မှ ကျွန်မကို ခင်ကြမယ် ချစ်ကြမယ်ဆိုရင်လဲ ကျွန်မ ဘယ်တော့မှ အပေါင်းအသင်းရမှာမဟုတ်
အဲလို အပေါ်ယံကြောတွေနဲ့ လည်းကျွန်မ ဘယ်တော့မှအပေါင်းအသင်းဖြစ်မှာ မဟုတ်
စကားအလွန်များ အင်မတန် ရွှတ်တတ်နောက်တတ်တဲ့ ကျွန်မ
တခါတလေ တချို့စကားဝိုင်းတွေမှာ
ဟက်ဟက်ပက်ပက်မရှိတော့ဘဲ နားထောင်ရုံသက်သက် ခေါင်းညိတ်ရုံသက်သက် ဖြစ်နေပြီဆိုရင်
စင်္ကာပူကို အပျင်းပြေဈေးဝယ်ထွက်ပြီး အင်္ကျီချုပ်ဆိုင်မှာ ချုပ်ခ ၃သိန်းလောက်ပေးလိုက်ရတယ်ဆိုတဲ့ ခပ်ကြွားကြွားခပ်ကြောင်ကြောင် အပေါ်ယံ ခေါင်းစဉ်တွေထဲ ကျွန်မစိတ်ဝင်တစား ဝင်ရောက်ပြောဆိုခြင်းမပြုလိုကြောင်း သဘောပေါက်နားလည်ပေးပါ
အသက်ကြီးလာတာနဲ့အမျှ ကျွန်မဟန်မဆောင်နိုင်တော့ပါ
ဟန်ဆောင်တဲ့အတတ်ပညာတကယ်ကိုလျော့နည်းလာပါပြီ
တချို့လူတွေအတွက် သိပ်အရေးကြီးနေသောအရာများ ကျွန်မအတွက်ဘာမှမဟုတ်ဘူးဆိုတာ သိစေချင်လိုက်တာ

image
Image Credit

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 61497.12
ETH 2932.17
USDT 1.00
SBD 3.62