စွဲမှုဒဏ်

in #msu6 years ago

ပြောရရင် စွဲလမ်းမှုတခုကြောင့်လို့ပဲ ပြောရမယ်ထင်တယ်။ ကိုယ်က အစွဲအလန်း သိပ်ကြီးတာရယ်။ တစုံတခုကို စွဲလမ်းမိပြီဆိုရင် တော်တော်နဲ့ကို ဖျောက်လို့မရ ဖျက်လို့မရ။ တခါတခါဆို နှစ်ရှည်လများ ခံစားနေတတ်သေးတာ။ မကောင်းတော့လည်း မကောင်းဘူး။ တခါက ကိုယ့်အရှေ့မှာ ခွေးလေးတကောင်ကို ကားတိုက်တာမြင်လိုက်ရပြီးကတည်းက အဲ့ခွေးလေးကို စွဲလမ်းလိုက်ရတာဆိုတာ မပြောပါနဲ့တော့။ ခွေးမြင်တိုင်း ဒီခွေးလေးကိုပဲ သတိတွေရနေတတ်တာ။ အော် သေခါနီး သူဘယ်လောက်တောင် ခံစားသွားရမလဲပေါ့။ အိပ်မက်ထဲအထိတောင် သွေးသံတရဲရဲနဲ့ ခွေးလေးက အလည်ရောက် ရောက်လာတတ်သေးတာ။ ကိုယ်ဆိုတာလေ ဘယ်လောက်စွဲလမ်းသလဲဆိုရင် အဲ့ခွေးလေးကို တခါမှမမြင်ဖူးဘဲ အဲ့ဒီ့ကားတိုက်တဲ့နေ့မှ မြင်ဖူးတာတောင်မှ သနားလိုက်တာဆိုတာ တွေးတိုင်းမျက်ရည်ကျရတယ်။ အဲ့ဒီ့လို။ နောက်တခါလည်း အဲ့လိုပဲ။ မြွေပွေးတကောင်ကို ကားကြိတ်သွားတာ။ မြွေပွေးခဗျာ ဗိုက်ကြီးပေါက်ထွက်ပြီး ဗိုက်ထဲက မြွေသေးသေးလေးတွေက အစီအရီ အပြန့်အကျဲနဲ့ လမ်းမကြီးထက်မှာ သွေးတွေအိုင်ထွန်းလို့။ ကိုယ့်အရှေ့မှာတင်ပဲဖြစ်သွားခဲ့တော့ ကိုယ်ဟာ ကျောက်ရုပ်တရုပ်လိုပဲ အသံတွေတိမ်ဝင်ပြီး မျက်လုံးက အကြောင်သား။ ရပ်နေတဲ့နေရာကမရွေ့ ဘေးဘီလည်းလှည့်မကြည့်။ လူတွေအုံပြီးလာကြည့်နေတာလည်း သတိမထားမိ ကိုယ်ဟာ မျက်လုံးအပြူးသားနဲ့ မျက်ရည်တွေတသွင်သွင်စီးလို့။ နေ့စေ့လစေ့ မြွေပွေးမကြီးခမျာ ဘယ့်နှယ့်ကြောင့် ကားလမ်းမပေါ်ကို တက်လာရသလဲ။ ကားလမ်းဘေးက ခြုံထဲကိုသွားမွေးဖို့များ ကားလမ်းကိုဖြတ်ကူးခဲ့လေသလား။ အတွေးများစွာနဲ့ကိုယ်ဟာ အဲ့ဒီ့ညက တညလုံးတရေးမှတောင် အိပ်မပျော်ခဲ့ဘူး။ တွေးမိတိုင်းလည်း ရင်ထဲမှာ မွန်းမွန်းကျပ်ကျပ်ဖြစ်လို့။ ဘယ်လောက်ပဲမေ့ထားတယ်ပြောပြော မြင်ယောင်မိတဲ့အချိန်တိုင်းမှာ ကိုယ်ဟာ မျက်ရည်တွေအဝိုင်းသား။ အဲ့ဒီလို အစွဲအလမ်းကြီးတာ။

တခါက သူငယ်ချင်းအိမ်ကိုသွားတော့ အိမ်ရှေ့မှာမွေးထားတဲ့ ကြက်သားပေါက်လေးကို ကိုယ့်ခြေထောက်နဲ့ တိုက်မိပြီး ကြက်ပေါက်လေးသေသွားတယ်။ ကြက်ပေါက်ဆိုတာ တရက်သားလေးပဲ ရှိသေးတဲ့ တကယ့်ကြက်ပေါက်လေး။ ပိကျိပိကျိနဲ့ အော်ပြီး အမေနောက်ပြေးလိုက်နေကြတဲ့ ကြက်ပေါက်အများကြီးထဲမှာ အဲ့ဒီ့ကြက်ပေါက်ကလေးက ကံဆိုးခဲ့လေခြင်း။ ကိုယ့်မှာလေ ကိုယ့်ခြေထောက်ကို ရိုက်ချိုးချေမွပစ်ချင်လောက်အောင်ကို စိတ်ထဲမှာတနုံ့နုံ့နဲ့။ ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်ဘူး။ အဲ့ဒီ့ကြက်ပေါက်လေးဟာ ကိုယ့်ကြောင့်သေသွားရတယ်ဆိုတာကို သူငယ်ချင်းကမသိရှာဘူး။ ကိုယ်ကလည်း ယုတ်မာလွန်းစွာနဲ့ မျက်နှာပြောင်တိုက်ပြီး ခပ်တည်တည်နေခဲ့သေးတယ်မဟုတ်လား။ သူငယ်ချင်းလေးခမျာ မျက်နှာလေးမှိုင်းပြီး ငိုမဲ့မဲ့နဲ့။ ကိုယ့်ဘဝရဲ့ အမဲစက်လို ကိုယ့်ပရောဂနဲ့သေသွားတဲ့ကြက်ပေါက်လေး အပေါ်မှာ တသက်လုံးလိပ်ပြာမလုံခဲ့တာ ဒီနေ့အထိပဲ။ တခါတခါသတိရမိတဲ့ညတွေမှာ ကြက်ပေါက်လေးဟာ ကိုယ့်ညာဘက်ခြေထောက်ကို နှုတ်သီးချွန်ချွန်နဲ့ ကိုက်စွဲထိုးဆိတ်နေသလို ထုံတုံတုံကြီး ခံစားရတဲ့အထိ ကိုယ်စွဲလမ်းလွန်းခဲ့ရတယ်။ အဲ့ဒီ့လို ကြက်ပေါက်လေးတွေမြင်တိုင်း ကိုယ်ထိတ်လန့်တုန်လှုပ်နေမိတာ လူမသိသူမသိ။

အဲ့ဒီ့လိုနဲ့ ကိုယ်ကြက်သားမစားဖြစ်တော့တဲ့ နှစ်ကာလရှည်တွေဆီကို အကြောင်းတိုက်ဆိုင်စွာနဲ့ ရောက်ဖြစ်ခဲ့တယ်။ ကိုယ်စားချင်လွန်းလို့ ကိုယ့်အတွက်ရည်စူးပြီး သတ်ပေးခဲ့ရတဲ့ ကြက်မတကောင်ကြောင့် ကိုယ်ဟာ နှစ်ရှည်လများ ကြက်သားဖိုဘီးယားဝင်ခဲ့ရတယ်။ တကယ်ဆိုရင် ဘူးသီးနဲ့ကြက်သားစားချင်တာများ ဆိုင်ကဝယ်စားလည်းရရဲ့သားနဲ့ အိမ်မှာ စပါယ်ရှယ်ချက်တဲ့ဟင်းကို အားရပါးရစားချင်တဲ့စိတ်ကြောင့်လို့ ယိုးမယ်ဖွဲ့မိတော့တယ်။ ကိုယ့်ကို အပြင်မှာစောင့်နေလို့ပြောတဲ့ကြားက ကိုယ့်သတ္တိကိုကိုယ် အရောင်တောက်လှပြီအမှတ်နဲ့ တံခါးဝမှာ သွားချောင်းကြည့်ခဲ့မိတယ်။ ထွန့်ထွန့်လူးနေတဲ့ကြက်မဟာ သွေးအိုင်ထဲမှာ မမြင်ရက်စရာ။ အသိမရှိတော့တာသိပေမယ့် ကြက်မ နာကျင်နေရလေလိမ့်မလားလို့ ကိုယ်ကဝင်ရောက်ခံစားပေးတဲ့နေ့ကစလို့ ကိုယ်ကြက်သားရှောင်ဖြစ်ခဲ့တော့တယ်။ အဲ့ဒါဟာ နှစ်တော်တော်ကြာတဲ့အထိ ကိုယ့်စိတ်ကို စွဲကိုင်လှုပ်နှိုးနေတုန်းပဲ။ ကိုယ့်မမေ့နိုင်ခဲ့ဘူး။ ကိုယ့်ခန္ဓာရဲ့လိုအပ်တဲ့ပရိုတိန်းတွေကို ဘယ်အရာနဲ့ပဲဖြစ်ဖြစ်ဖြည့်မယ်။ ကြက်သားတော့မပါဝင်စေရပေါ့။ အဲ့ဒီ့လိုစွဲလမ်းဖူးခဲ့တာ။ နှစ်တွေကြာလာတော့ အရာအားလုံးဟာ နှင်းမှုန်ထဲက ဘူတာရုံလိုပဲ ဝေဝေဝါးဝါးနဲ့ဖြစ်ကုန်တယ်။ အဲ့ဒီ့လိုနာကျင်မှုတွေကို မေ့ပျောက်ထားပါပြီဆိုနေမှပဲ နောက်ထပ်ဒဏ်ရာတခုက ထပ်ပိုးလာတော့တယ်။

အဲ့ဒါကတော့ ကြက်ဥပဲ။ ကိုယ်ဟာ ကြက်နဲ့ပတ်သက်ရင် အကောက်ပေါက် အကောင်ကြီးကနေ ဥအထိကို အကျိုးပေးဆိုးလွန်းတယ်လို့ပြောရမယ်။ ဟိုးတလောက အိမ်မှာကြက်ဥချဉ်ဟင်းချက်ဖို့ ကြက်ဥတွေ ပြုတ်ဖြစ်တယ်။ ကြက်ဥစုစုပေါင်း ရှစ်လုံးပြုတ်တဲ့အထဲမှာ ကံဆိုးစွာနဲ့ တလုံးတည်းသောကြက်ဥမှာ အကောင်ဖြစ်ကာနီး သွေးချည်မျှင်အဆင့်မကတဲ့ အခြေအနေနဲ့ကြုံလိုက်ရတယ်။ ကြက်ဥပြုတ်တွေကို အခွံခွာနေရင်းနဲ့မှ အဲ့ဒီ့အလုံးအလှည့်ရောက်တော့ ကိုယ်ဟာ ရင်တွေတလှပ်လှပ်ခုန်ပြီး အသံကုန်အော်လိုက်မိတဲ့အထိ ဖြစ်သွားတော့တယ်။ စိတ်ထဲမှာလည်း ကြက်ဥအဆင့်မဟုတ်တော့ဘူး ကြက်ဥအဆင့်မဟုတ်တော့ဘူးလို့ ထပ်တလဲလဲပြောနေမိတယ်။ ခြေမကိုင်မိလက်မကိုင်မိ။ ကိုယ်ဆိုတာကလည်း တွေးရင် တဆုံးထိတွေးတတ်တာမဟုတ်လား။ တကယ်လို့ ကြက်သားပေါက်ကလေးများဖြစ်တော့မယ့် အနေအထားဆိုရင် သူကလေးဟာ ရေနွေးပွက်ပွက်ဆူထဲမှာ ဘယ်လောက်တောင်ခံလိုက်ရမလဲ။ သူကလေး အသိရှိနေပါ့မလား။အစပထမမှာ ပူနွေးလာတဲ့အပူရှိန်ကို သူ့မိခင်ရဲ့ကိုယ်ငွေ့လို့များ ထင်မှတ်နေလေမလား။ သူအခွံထဲကနေလည်း ရုန်းမထွက်နိုင်တဲ့အခြေအနေမှာ သူဘာကိုရုန်းကန်နေရမှာပါလိမ့်။ တကယ်ရော နာကျင်မှုကိုခံစားနေရလေလိမ့်မလား။ အိုးးးး ကိုယ့်စိတ်ဟာ လေဟာနယ်ထဲမှာ လွင့်လွင့်ဝဲဝဲနဲ့ တထိတ်ထိတ်။ အဲ့ဒီ့နောက်တော့ ကိုယ်ဟာ ကြက်ဥစားခြင်းကို ရပ်ပစ်လိုက်ပါတော့တယ်။ စွဲလမ်းခြင်းဟာ ကိုယ့်ကို နှိပ်စက်တတ်လွန်းတယ်။ ကိုယ့်စိတ်ကို အစိတ်စိတ်ခွဲနိုင်လွန်းတယ်။ အခြမ်းခြမ်းဖြတ်နိုင်လွန်းတယ်။ ကြာလာရင်တော့လည်း အရာအားလုံးဟာ နှင်းမှုန်ထဲက ဘူတာရုံလေးလိုပဲ ဝေဝါးပျောက်ကွယ်သွားမယ်လို့ မျှော်လင့်ရတာပဲ။ တချို့ဒဏ်ရာတွေက ရှိခဲ့ဖူးတယ်ဆိုတာကလွဲရင် အမာရွတ်တောင် မကျန်တော့တာမျိုးမဟုတ်လား။

စုမွန်သွယ်

MSU 057

Photo - Su Mon Thwe

13227209_10206496417510490_8389767784598352103_n.jpg

Sort:  

စွဲလန်းမှုက ဒုက္ခသစ္စာပါ
တရားနဲ့ ဖြေသိမ့်နိုင်ပါစေ ခင်ဗျာ

😢... ​ခွေး​တုန်းက ဘာမမဖြစ်​သေးဘူး။မြွေနဲ့ကြက်​ကိုကျ​တော့..
မမြင်​ရပဲ ခံစားမိတယ်​။ တခြားဟာ​ရေးပါဗျာ....ကျွန်​​တော်​လဲစိတ်​ကသိပ်​ခိုင်​တာမဟုတ်​ဘူး😪

ကြာလာရင်​လည်း အရာအားလုံးဟာ နှင်း မှုန်​ ထဲက ဘူတာရုံ​လေးလိုပဲ ​ဝေဝါး​ပျောက် ကွယ်​ သွားမှာပါ....😔

ဟုတ်ပါတယ်

ဖတ်တဲ့သူအတော်များများ အဲ့လိုခံစားကြရတယ်။ နောက်ဆုံး ကြက်ဥကိုတော့ စိတ်ထဲ တစ်မျိုးဖြစ်သွားတဲ့သူများသား :)

ဥပဒါန်​​ကြောင့်​ ဥပဒ်​မဖြစ်​​စေသင့်

တစ်ခါတစ်လေ စိတ်အစွဲဆိုတာလည်း ခက်သားလား ညီမရယ်

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64136.70
ETH 3128.20
USDT 1.00
SBD 3.94