သံသယ

in #myanmar5 years ago

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ဒီနေ့တော့ သံသယဆိုတဲ့အကြောင်းလေးကို စဉ်းစားမိတဲ့အတွက် အဲဒီအကြောင်းကိုပဲ ရေးတင်လိုက်ပါတယ်။ သံသယဆိုတာက ယုံမှားမှုပဲ ယုံကြည်မှု မရှိတာပဲလို့ ထင်ပါတယ်။ လောကလူ့ဘ၀ကြီးထဲမှာကျင်လည်နေရသမျှကာလပတ်လုံး လူအချင်းချင်းဆက်ဆံကြရာတွင် မရှိသင့်ဆုံး သောအရာတစ်ခုဟာ သံသယ ဆိုတဲ့အရာပဲဖြစ်လိမ့်မယ်။ ငယ်စဉ်ကပင် သံသယဆိုတာ မကောင်းဘူးလို့ မကြာခဏကြားဖူးပါတယ်။ သံသယဟာ အလွန်ဆိုးရွားသော အကျိုးကိုဖြစ်ပေါ်စေတတ်ပါတယ်။ အဲဒီသံသယဆိုတာ ဘယ်သူ့ကိုမှ အကျိုးမပြုတဲ့အပြင် ချစ်ခင်သူတွေတောင်မှ ကွဲကြ ပြဲကြ ဖြစ်တတ်ပါတယ်။ လင်မယားအချင်းချင်း၊ မိသားစုဝင်အချင်းချင်း၊ ညီအစ်ကိုမောင်နှမအချင်းချင်း၊ မိတ်ဆွေသူငယ်ချင်းအချင်းချင်း ပြဿနာဖြစ်စေတာက လည်း အဲဒီ သံသယကနေစဖြစ်တတ်ကြတာပါပဲ။ တကယ်ကို မကောင်းတဲ့ အရာတစ်ခုပါပဲ။ နောက်ဆုံးကုန်ကုန်ပြောရရင် ကိုယ်လုပ်နေတဲ့လုပ်ငန်းမှာ၊ ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ သံသယ ၀င်မိပြီဆိုရင်တောင် အလွန်ဆိုးရွားတဲ့အကျိုးဆက် ကို ခံစားကြရတတ်ပါတယ်။ လောကကြီးကနေ ပျောက်ကွယ်သွားသင့်တဲ့အရာတွေထဲမှာ ဒီသံသယကို ထိပ်ဆုံး ကထားသင့်တယ်လို့ထင်တယ်။ သံသယဆိုတဲ့အရာကြီးတစ်ခုက တစ်နေရာရာကိုများ ရောက်လာခဲ့မယ်ဆိုရင် အဲဒီနေရာဟာ မငြိမ်းချမ်းတော့တဲ့နေရာဖြစ်သွားပါတော့တယ်။ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတွေ ပျက်ကွယ်ကုန် ကြရာနေ လုပ်ငန်းတွေပါ ထိခိုက်ကုန်ကြတော့တာပါပဲ။ သံသယ၀င်ပြီဆိုရင် ဘယ်ရှု့ထောင့်ကပဲကြည့်ကြည့် သံသယနဲ့ကြည့်နေတဲ့အတွက် ယုံကြည်စရာတစ်ခုမှ မရှိတော့တာကိုလည်း သိနိုင်ပါလိမ့်မည်။ ဘယ်လိုအလုပ် ကိုပဲလုပ်ကိုင်နေတာပဲဖြစ်ပါစေ။ သံသယဆိုတဲ့အရာကြီးကိုတော့ တတ်နိုင်သလောက် ရှောင်ရှားသင့်ပါတယ်။ အဲဒီ သံသယဆိုတာကြီးက ဘယ်နေရာမှာမှ အဆင်မပြေနိုင်ပါဘူး။ သံသယ၀င်နေတဲ့သူဟာ တမင်သက်သက် အပြစ်ရှာနေသူနဲ့အတူတူပဲဖြစ်လိမ့်မယ်။ တမင်သက်သက်အပြစ်ရှာနေသူဟာလည်း ဘာတွေပဲ ကောင်းအောင်လုပ်လုပ် အပြစ်ပဲမြင်နေတတ်သလိုပဲ သံသယ၀င်နေပြီဆိုရင် ထိုင်နေရင်လည်း သံသယနဲ့ကြည့်၊ ထရင်လည်းသံသယပဲ၊ လမ်းလျှောက်ပြန်ရင်လည်းသံသယဆိုတော့ ဘာလုပ်လုပ်အဆင်မပြေဖြစ်တတ်ပါတယ်။


02.png


သံသယဆိုတာကြီးကို ရင်ဘတ်ထဲကို ထည့်လိုက်တဲ့အချိန်ကစပြီး ပူလောင်နေစေတတ်ပါတယ်။ တစ်စုံ တစ်ယောက်ကို သံသယဖြစ်မိပြီဆိုရင် အဲဒီလူက ဘာတွေပဲလုပ်နေလုပ်နေ အကောင်းမြင်တတ်တော့ပါဘူး။ ထိုင်လည်း အပြစ်၊ ထလည်းအပြစ်မြင်နေတတ်တော့တာပါပဲ။ လူမှုဆက်ဆံရေးနယ်ပယ်မှာ သံသယဆိုတာက အတော်ဒုက္ခပေးတတ်တဲ့အရာလို့ပဲမြင်ပါတယ်။ လုပ်ငန်းစပ်တူလုပ်သူအချင်းချင်းအလွယ်တကူ ပြဿနာ ဖြစ်စေနိုင်တာလည်း ဒီသံသယပါပဲ။ အောင်မြင်မှုရရှိနေသူတွေကိုမေးကြည့်ချင်တာက မအောင်မြင်ခင်ကာလ မှာရော အောင်မြင်ပြီးတဲ့အချိန်မှာရော သံသယဆိုတာကိုလက်တွဲဖော်အဖြစ် ထားရှိသလားလို့ပါ။ အောင်မြင်သူ တွေက စေ့စပ်သေချာတာတော့သိသာပါတယ်။ စေ့စပ်သေချာတာနဲ့ သံသယနဲ့တော့ မတူပါဘူး။ သံသယဆိုတာက ယုံကြည်မှုဆိုတာနဲ့ ဆန့်ကျင်ဘက်ဖြစ်ပါလိမ့်မယ်။ သံသယလာပြီဆိုတာနဲ့ ယုံကြည်မှု မရှိတော့ဘူးဆိုတာ ပြောစရာမလိုလောက်ပါဘူး။ ဘယ်လိုလူတွေကို လူအများစုက သံသယ ၀င်တတ်သလဲ ဆိုရင်တော့ အမြဲလိုလို သူတစ်ပါးကို လိမ်လည်လှည့်ဖျားတတ်သူတွေ၊ အခွင့်အရေးကို အလွဲသုံးစား လုပ်တတ်သူတွေကိုပဲဖြစ်လိမ့်မယ်ထင်တယ်။ အခြားသူတစ်ယောက်ကို လိမ်လည်တာကို သိနေရင် ငါ့ကိုလည်း လိမ်မှာပဲဆိုတဲ့အတွေးက လူတိုင်းတွေးကြမှာပဲ။ ဒီတော့ အဲဒီလိုလိမ်လည်တတ်တဲ့သူတွေကို ဘယ်လိုအချိန်မှာ ပဲဖြစ်ဖြစ် သံသယ၀င်နေတတ်ကြတာလည်း အမှားမဟုတ်ပါဘူး။ ယုံကြည်မှုကင်းမဲ့သွားပြီဖြစ်တဲ့အတွက် သံသယက အလိုအလျောက်နေရာဝင်ယူသွားမှာပဲဖြစ်ပါတယ်။


03.png


တစ်ခါတစ်ရံမှာ မိမိတို့ရဲ့ ပစ္စည်းပျောက်ဆုံးသွားတတ်ကြပါတယ်။ “ပစ္စည်းပျောက် ငရဲရောက်” ဆိုသလိုပဲ ပစ္စည်း ပျောက်ပြီဆိုတာနဲ့ ဟိုလူကို သူခိုးထင်၊ ဒီလူ့ကိုသူခိုးထင်နဲ့ မြင်မြင်သမျှ သူခိုးအဖြစ် မြင်နေတတ်ကြတယ်။ ဒါကလည်းအတော်ထူးဆန်းတဲ့ကိစ္စတစ်ခုပဲဖြစ်ပါလိမ့်မယ်။ လူတစ်ယောက်အပေါ်မှာ သူခိုးလို့ သံသယ၀င်မိပြီ ဆိုရင် အမှန်ကိုမသိရမခြင်း အဲဒီလူကို ဘယ်ရှု့ထောင့်ကပဲကြည့်ကြည့် သူခိုးမှ သူခိုးပဲဖြစ်နေတတ်တယ်။ အခြားဘယ်သူတွေက ဘယ်လိုအကြောင်းပြချက်တွေနဲ့ ၀င်ရောက်ဖြေရှင်းပေမယ့်လည်း သံသယစိတ်က လွှမ်းမိုးထားတတ်တာကြောင့် ဟုတ်မဟုတ် မှန်မမှန် သေချာမသိသေးသမျှ သူခိုးထင်ကောင်းတုံးပဲ ဖြစ်တတ်ပါတယ်။ အမှန်ကိုသိရလို့ ကိုယ်က သူခိုးလို့ထင်နေတဲ့သူက တကယ်ခိုးယူတဲ့သူမဟုတ်မှန်းသိသွားတဲ့ အချိန်ကျပြန်တော့လည်း အဲဒီလူကို ဘယ်ရှု့ထောင့်ကြည့်ကြည့် လူကောင်းတစ်ယောက်အဖြစ် မြင်နေတတ် တော့တာပါပဲ။ စိတ်ကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့ သံသယဖြစ်ပါတယ်။ အဆိုးကို အကောင်းချက်ချင်းဖြစ်စေ သလို အကောင်းကိုလည်း ချက်ချင်းအဆိုးဖြစ်စေနိုင်ပါတယ်။ သံသယဆိုတဲ့အရာက ၀င်လာပြီဆိုတာနဲ့ အမှန်တရားကို မသိရမချင်း ပြန်ထွက်မသွားတတ်ပါဘူး။ သေသည်အထိ အမှန်တရားမသိခဲ့ရင် သေသည်အထိ သံသယနဲ့ သေသွားကြရတတ်ပါတယ်။ မိမိကအခြားသူတစ်ယောက်အား ယုံကြည်မှုထားလျှင် ထိုသူကလည်း မိမိအားယုံကြည်မှုပေးပေလိမ့်မည်။ ယုံကြည်မှုမထားပဲ သံသယ ထားလျှင်လည်း ထိုအတူတူပင်ဖြစ်ပေလိမ့် မည်။ တစ်ခါတစ်ရံမှာ အခြားသူကိုမှမဟုတ်ပဲ မိမိကိုယ်ကိုလည်း သံသယ ၀င်တတ်ပါတယ်။ ငါလုပ်နိုင်ပါ့မလား၊ ဖြစ်နိုင်ပါ့မလားဆိုတာတွေက ကိုယ့်ကိုယ်ကို မယုံကြည် သံသယ၀င်တာပါပဲ။


04.png


လူမှုပေါင်းသင်းဆက်ဆံရေးတွင် သံသယဆိုသည့်အရာကို မထားသင့်၊ မထားအပ်ဟုထင်မှတ်မိပါသည်။ အခြားသောနေရာများတွင် သံသယအား ထားရှိသင့်က ထားရှိကြမည်ဖြစ်ပေသည်။ ဥပမာအားဖြင့် ရောဂါရှိ နေသည်ဟု သံသယထားလျှင် ရောဂါ ရှိမရှိအား စစ်ဆေးဖြစ်ပေလိမ့်မည်။ ထိုသို့ရောဂါ ရှိမရှိ စစ်ဆေးဖြစ်လျှင် အဖြေမှန်ကို သိပြီး ကာကွယ်သင့်က ကာကွယ်၊ ကုသသင့်ပါက အချိန်မီ ကုသနိုင်ပေလိမ့်မည်။ သံသယမရှိ သင့်ဘူးဆိုတဲ့နေရာမှာ နေ့စဉ်ဆက်ဆံနေရတဲ့ လူမှုဆက်ဆံရေး၊ စီးပွားဆက်ဆံရေး၊ အလုပ်ခွင်ဆက်ဆံရေး စတဲ့နေရာတွေမှာ သံသယနဲ့မဆက်မိစေဖို့ကို ပြောဆိုလိုခြင်းဖြစ်ပါတယ်။ ဒီလိုတွေရေးပြနေတော့ လူအားလုံးကို သံသယမ၀င်ရတော့ဘူးလားဆိုတာကိုမေးနိုင်ပါတယ်။ လူအားလုံးကိုမဆိုလိုပါဘူး။ မိမိနဲ့ဆက်ဆံ နေရတဲ့ လုပ်ငန်းခွင်၊ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းများအပေါ်မှာ သံသယနဲ့မဆက်ဆံမိစေဖို့ကို အဓိကအနေနဲ့ ပြောလိုတာပါ။ တွေ့ကရာလူကို သံသယကင်းကင်းနဲ့ ယုံကြည်ရမယ်လို့တော့မဆိုလိုပါဘူး။ ဘယ်ကမှန်းမသိ၊ ဘာလုပ်မှန်းမသိ၊ ဘယ်သူမှန်းမသိ ဆိုတဲ့လူတွေကို သံသယကင်းကင်းနဲ့ ယုံကြည်ပေးရမယ် လို့မဆိုပါဘူး။ ကိုယ်နဲ့နေ့စဉ် နေ့တိုင်း ထိတွေ့ဆက်ဆံနေရတဲ့သူတွေကို သံသယနဲ့မဆက်ဆံကြစေလိုတာပါ။ မိမိကိုယ်ကိုယ်လည်း သံသယမရှိ အကြွင်းမဲ့ ယုံကြည်မှုရှိပြီး လုပ်ငန်းများကို လုပ်ကိုင်နေစေချင်တာပါ။ ဒီတော့ လူ့လောကမှာ ချစ်ခင်သူအချင်းချင်းကို သံသယ၀င်စေဖို့ သွေးထိုးစကားတွေကို ယုံကြည်လောက်အောင် ပြောတတ်တဲ့သူတွေရှိတတ်ပါတယ်။ ချစ်ခင်စွာဆက်ဆံနေတဲ့မိတ်ဆွေတွေကို သွေးခွဲစကား အကြိမ်ကြိမ်ပြောပြီး သံသယစိတ်တွေဝင်လာအောင် အမျိုးမျိုးကြံစည်ပြုလုပ်သူတွေ ရှိနေတတ်ပါတယ်။ အမျာားးဖြင့် စီးပွားရေးလုပ်ငန်းတွေ၊ အပြိုင်အဆိုင်လုပ်ငန်းလုပ်နေသူတွေ၊ ၀န်ထမ်းတွေကြားမှာ အဲဒီလို သံသယ၀င်စေဖို့သွေးထိုးတတ်တဲ့သူတွေရှိနေတတ်တာကြောင့် ကိုယ်တိုင်ယုံကြည်မှုကိုတည်ဆောက်ပြီး သံသယကင်းနိုင်သလောက်ကင်းအောင်နေထိုင်နိုင်ကြပါစေကြောင်း ဆုမွန်တောင်းရင်း ရပ်နားလိုက်ပါတယ်။


ရေးသားသူ(Author) ___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

11-Oct-2018 ကြာသပတေးနေ့(Thursday)

Sort:  

ကိုစိုးရဲ့ စာအရေးအသားနဲ့ စာရေးအားကိုတော့ တကယ်အားကျတယ်

Posted using Partiko Android

ကျေးဇူးပါ မတ် မတ် စု ရယ် အဖတ်များတော့ အတွေးများ အရေးများလာတာပါဗျာ

သံသယစိတ်​က​ကြောက်​စရာပါ...သံသယနဲ့စိတ်​ထင်​တိုင်းပြုလုပ်​မိ​တော့မမှားသင့်​တဲ့အမှား​တွေဖြစ်​လာမှာပါ...

Posted using Partiko Android

ဟုတ်ပါတယ်ဗျာ တစ်ဦးနှင့်တစ်ဦး သံသယကင်းကင်းနဲ့ဆက်ဆံနိုင်ရင်အကောင်းဆုံးပါ

ဟုတ်ပါတယ် သံသယဆိုတာ မရှိသင့်မထားအပ်တဲ့အရာပါ။သံသယနဲ့ ဆက်ဆံလုပ်ကိုင်နေပြီဆိုရင်တော့ မကောင်းဖို့က အများကြီး ဖြစ်နေပြီး အပျက်ဘက်ကိုသာ ဦးတည်သွားမှာပါ။သတိထားစရာလေးကို ပြောပြပေးထားတာ ကောင်းလှပါတယ်ခင်ဗျာ။

သံသယရှင်းရှင်းနဲ့ ပေါင်းသင်းဆက်ဆံနိုင်ရင်ကောင်းတာပေါ့ခင်ဗျာ

‌ပေါင်းသင်းဆက်‌ဆံ‌ရေးမှာ သံသယ ဟာ အက်‌ကွဲ‌ကြောင်း ဖြစ်‌‌စေပါတယ်‌။

သံသယ၀င်ပြီဆိုရင် မြန်မြန်ဖြေရှင်းနိုင်လေကောင်းလေပဲဗျို့

အဲ့ဒီ သံသယဆိုတာကြိးက အ​တော်​​ကြောက်​စရာ​ကောင်းတယ်
တ​ယောက်​နဲ့တ​​ယောက်​ ယုံကြည်​မှူ ကိုပြက်​​စေတယ်​​လေ

ဆက်ဆံရေးတင်မကဘူး ကျန်တာတွေပါပျက်ကုန်တတ်တာပဲ ဦးယုရေ

သံသယ သံသယ ဒင်းကြောင့် လူတွေကို မယုံမရဲနဲ့ ကောင်းကောင်း လက်မတွဲနိုင်ကြပါလား

Posted using Partiko Android

တွဲလက်မမြဲနိုင်တာ ဒင်း ဆက်ဆံရေးပျက်တာ ဒင်း

သံသယဆိုသည်မှာ အလကား၊ သံသယပျောက်ပါစေ၊ အမှန်ဘဝရောက်ပါစေ..လေ မကြာခင်ကမှ မြဝတီက ဒီသီချင်းလွှင့်သွားသေးတယ်။

2 year ကြရင် ဆာတင်ကိုဆိုခိုင်းမယ် ☺

နားထောင်ဖို့ အဆင်သင့်ပါ ။

အားလုံးသဘောတူရင် အစီအစဉ်တစ်ခုထည့်ကြတာပေါ့နော ☺

သံသယကြောင့် ကောင်းတာ ဘာများ ရှိလဲဗျာ
ပြောပြကြစမ်းပါ

Posted using Partiko Android

ပြောထားတယ်လေ ရောဂါ ရှိမရှိ သံသယ၀င်မိတယ်ဆိုရင်တော့ အမှန်ကို မြန်မြန်သိရတယ်လေ ☺

သံသယ ကင်းကင်းနဲ့ ရှေ့ဆက်ကြပါစို့ ဦးစိုးရေ။
သံသယနဲ့ညိတွယ်ခဲ့ဖူးတယ် အရမ်းပူတယ်ဗျာ။

သေချာတာပေါ့ ပူတာကြာတော့ လောင်တာပေါ့ လောင်တာကြာတော့ ကျွမ်းတာပေါ့ ကျွမ်းတာကြာသွားတော့ ဂွမ်းတော့တာပေါ့ ☺

သံသယစိတ်ကြောင့် တိုင်းပြည်တောင် ပျက်ကာင်း ပျက်နိုင်ပါတယ်
လူလူချင်းလည်း သံသယကြောင့် အမုန်းတရား အာဃာတတွေ ဖြစ်ပွားနိုင်ပါတယ်

ရှောင်ရှားသင့်ပါတယ်ဗျာ

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.039
BTC 70310.43
ETH 3568.34
USDT 1.00
SBD 4.73