2018 ကမ္ဘာ့ဖလားနဲ့ ပဲ့ကိုင်သူတွေအကြောင်း

in #myanmar6 years ago

image

2018 ကမ္ဘာ့ဖလားနဲ့ ပဲ့ကိုင်သူတွေအကြောင်း

ရပ်ကွက်ထဲမှာ မိတ်ဆွေတစ်ယောက်ရှိပါတယ်။ ဘောလုံးကစားတာ ၀ါသနာမပါလှပေမယ့် ဘောလုံးပွဲကြည့်တာတော့ တော်တော်လေး ၀ါသနာကြီးသူပါ။ ကျွန်တော် အားကစားဂျာနယ်သမားစဖြစ် ကတည်းက လမ်းမှာဆုံတာနဲ့ မေးနေကျမေးခွန်းက “ဒီညဘာကောင်းလဲ” ဆိုတဲ့မေးခွန်းပါပဲ။ (မသိရင် ကိုယ် ကပဲ ဘိုးတော်လိုလို အတိတ်စိမ်းပေးတဲ့လူလိုလိုနဲ့ ကိုယ်တောင် တော်တော်ထိလို့ နားထားရတာကို မသိ ရှာလို့ပါ)။ အဲ...
ရပ်ကွက်ထဲမှာ မိတ်ဆွေတစ်ယောက်ရှိပါတယ်။ ဘောလုံးကစားတာ ၀ါသနာမပါလှပေမယ့် ဘောလုံးပွဲကြည့်တာတော့ တော်တော်လေး ၀ါသနာကြီးသူပါ။ ကျွန်တော် အားကစားဂျာနယ်သမားစဖြစ် ကတည်းက လမ်းမှာဆုံတာနဲ့ မေးနေကျမေးခွန်းက “ဒီညဘာကောင်းလဲ” ဆိုတဲ့မေးခွန်းပါပဲ။ (မသိရင် ကိုယ် ကပဲ ဘိုးတော်လိုလို အတိတ်စိမ်းပေးတဲ့လူလိုလိုနဲ့ ကိုယ်တောင် တော်တော်ထိလို့ နားထားရတာကို မသိ ရှာလို့ပါ)။ အဲ . . .မနေ့က သူနဲ့လမ်းမှာဆုံတော့ အရင်မေးခွန်းမမေးတော့ဘဲ ပြောင်းသွားပါတယ်။ (ဘောလုံး ပွဲတွေမှ မရှိတာကိုး)။ “ကမ္ဘာ့ဖလားမှာ ဘယ်ကစားသမားက အစွမ်းပြမလဲ”တဲ့။

တကယ်တော့ ဒီကမ္ဘာ့ဖလားမှာ ဘယ်ကစားသမား အစွမ်းပြမလဲဆိုတာ မေးစရာတောင်မလိုတဲ့ မေးခွန်းမျိုးပါ။ မက်ဆီ၊ ရော်နယ်ဒို၊ နေမာ၊ ဂရစ်ဇ်မန်း ဒီလို ထိပ်သီးကစားသမားတွေကဘဲ ပြိုင်ပွဲကြီးတွေမှာ ထင်ပေါ်နေကျမဟုတ်လား။ မထင်တဲ့လူတွေထဲက ဆာလက်စ်၊ မာကိုရုစ်၊ ဟယ်ရီကိန်း၊ ပေါ့ဂ်ဘာ၊ ဟာဇက် သူတို့လည်း သူတို့အတိုင်းအတာနဲ့သူတို့ ဖြစ်လာကြဦးမှာဘဲ။ ကလပ်မှာသူတို့ခြေစွမ်း အကောင်းဆုံးဆိုဘယ် လောက် အဆိုးဆုံးဆို ဘယ်ပုံ သိထားပြီးသားဖြစ်နေတော့ သိပ်ပျော်စရာမကောင်းလှပါဘူး။ ခြေစွမ်းသိပ်မမြင် ဖူးတဲ့ အာရှက ကစားသမားတွေ၊ ကွန်ကာကက်ဖ်ကစားသမားတွေလောက်ပဲ စောင့်ကြည့်ရမှာပါ။

နောက်ပြီး ကျွန်တော်က ဘောလုံးအသင်းတစ်သင်းရဲ့ အောင်မြင်မှု ကျရှုံးမှုမှာ အဓိကအကျဆုံးလူက ကစားသမားမဟုတ်ဘဲ နည်းပြ လို့ခံယူထားတဲ့လူဖြစ်ပါတယ်။ ဒီလိုအဆင့်ပြိုင်ပွဲမျိုးဆိုရင် နည်းပြတစ်ယောက် ရဲ့ နည်းစနစ်ပိုင်နိုင်မှု၊ ဥာဏ်ရည်ဥာဏ်သွေးကောင်းမွန်မှုနဲ့ ဖြတ်ထိုးဥာဏ် တီထွင်ဥာဏ်တွေက အသင်းကို အကောင်းဆုံးနေရာအထိပို့ပေးနိုင်တယ်လို့ ခံယူထားတဲ့လူပါ။

ကမ္ဘာ့ဖလားနဲ့ ပတ်သက်ပြီး သိထားရမယ့်အချက်တွေအများကြီးဖြစ်နေလို့ စာအုပ်တွေဖတ် အင်တာနက်ကနေ ရှာဖွေ စတဲ့ ပြင်ဆင်မှုတွေလုပ်တဲ့အချိန်မှာတော့ နည်းပြတွေအတွက် အချက်အလက် တွေကို စုစည်းဖော်ပြထားတာ ရှာမတွေ့ဘူးဖြစ်နေပါတယ်။ ပြည်တွင်းမှာသာမကဘဲ ပြည်ပ မီဒီယာကြီးတွေ မှာပါ ရှာဖွေလို့မရဘူးဖြစ်နေပါတယ်။ ဒါမျိုးတော့ဘယ်ရမလဲ။ ကိုယ့်ဟာကိုယ်ရှာ ကိုယ့်ဟာကိုယ်စုနဲ့ အချိန်ရော ဘေလ်ရော တော်တော်ကုန်သွားတဲ့အချိန်မှာတော့ လိုချင်သလောက်မဟုတ်ပေမယ့် လိုအပ်သလောက်တော့ စုဆောင်းမိခဲ့ပါပြီ။

ဒီနည်းပြစာရင်းမှာ ထူးခြားတဲ့အချက် တစ်ခုရှိပါတယ် ဥရုဂွေးနည်းပြ အော်စကာ တာဘာရက်ဇ်နဲ့ ဂျာမနီနည်းပြ ဂျိုအာချင်လို တို့ပဲဖြစ်ပါတယ်။ သူတို့ဟာ ၂၀၀၆ ခုနှစ်ကတည်းက ဒီအသင်းတွေကို ကိုင်တွယ်ခဲ့ တာဖြစ်ပြီး ဒီအသင်းမှာတင် နည်းပြသက်တမ်း (၁၂)နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။ အီရန်နည်းပြ ကားလို့စ်ကွီရော့ဇ်(၂၀၁၁)၊ပြင်သစ်နည်းပြ ဒေးရှမ့်ပ်(၂၀၁၂)၊ ကိုလံဘီယာနည်းပြ ပီကာမန်(၂၀၁၂)၊ အိုက်စလန်နည်းပြ ဟီဂီမာဆင် (၂၀၁၃)၊ ပိုလန်နည်းပြ ဝေါလ်ကာ စတဲ့နည်းပြတွေကလည်း (၂၀၁၄) World Cup မတိုင်ခင်က ဒီရာထူးကို ရခဲ့တာဖြစ်ပေမယ့် ဟီဂီမာဆင်ရဲ့ အိုက်စလန် နဲ့ ဝေါ်လ်ကာရဲ့ ပိုလန်တို့က ခြေစစ်ပွဲမအောင်ခဲ့လို့ (၂၀၁၄) ဘရာဇီးကမ္ဘာ့ဖလားမှာ ကိုင်တွယ်ခဲ့တဲ့နည်းပြတွေထဲက ၂၀၁၈ အထိ ရောက်လာခဲ့တာဆိုလို့ တာဘာရက်ဇ်၊ ဂျိုအာချင်လို၊ ဒေးရှမ့်ပ်၊ ကွီးရော့ဇ် တို့ (၄)ဦးပဲရှိပါတယ်။ အဲဒီ (၂၀၁၄) မှာ ချီလီအသင်းကို ကိုင်တွယ်ခဲ့တဲ့ ဆမ်ပါအိုလီ က အခုပြိုင်ပွဲမှာ အာဂျင်တီးနားကို ကိုင်တွယ်မှာဖြစ်ပြီး ၂၀၁၄ မှာ ဂရိအသင်းနဲ့ ရောက်ခဲ့တဲ့ ဖာနန်ဒိုဆန်းတို့စ်ကလည်း ပေါ်တုဂီအသင်းနဲ့ ကမ္ဘာ့ဖလားကိုပြန်လာနိုင်ခဲ့တာပါ။

ဒီအချက်အလက်ကိုကြည့်ရင် တာဘာရက်ဇ်၊ ဂျိုအာချင်လို၊ ဒေးရှမ့်ပ်နဲ့ ကွီးရော့ဇ်တို့ကလွဲရင် ကျန်တဲ့ နည်းပြ (၂၈) ယောက်ဟာ ဒီကမ္ဘာ့ဖလားကို နည်းပြသစ်နဲ့ လာခဲ့တာဖြစ်တယ်လို့ ကောက်ချက်ချရမှာပါ။ နည်းပြသစ်ခန့်တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ အမြဲကြားရတဲ့စကားက “အောင်မြင်အောင် ကြိုးစားပါ့မယ် အချိန်တစ်ခုတော့ပေးပါ” ဆိုတဲ့စကားပါ။ နိုင်ငံလက်ရွေးစင်အသင်းတစ်သင်းရဲ့ တည်ငြိမ်မှုဟာ နည်းပြတစ်ယောက်နဲ့ လက်တွဲထားတာ အချိန်ဘယ်လောက်ရှိပြီလဲဆိုတာနဲ့ တိုက်ရိုက်အချိုးကျတယ်ဆိုတာ ငြင်းလို့မရလို့ သက်တမ်းရင့်နည်းပြ(၄)ယောက်ရဲ့အသင်းတွေဟာ ကျန်တဲ့အသင်းတွေထက် တစ်မှတ်ပိုရတယ် လို့ပြောနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ အသက်အရွယ်နဲ့ နည်းစနစ်ပါ။ ကမ္ဘာ့ဘောလုံးလောကမှာ နည်းစနစ်အရွေ့ တစ်ခုဖြစ်လာခဲ့တာ (၁၀)နှစ်ဝန်းကျင်လောက်ပဲရှိပါသေးတယ်။ နောက်ပိုင်းပေါ်လာတဲ့ မော်ဒန်နည်းစနစ် တွေဟာ အရင်ကနည်းစနစ်တွေထက် ပိုမိုကောင်းတယ်မကောင်းဘူးဆိုတာ တိုင်းတာဖို့မလွယ်ပေမယ့် သေချာ တာကတော့ ခန့်မှန်းရခက်ခဲပြီး ရှုပ်ထွေးမှုပိုရှိတာ သေချာပါတယ်။ အခုကမ္ဘာ့ဖလားကိုလာမယ့် နည်းပြ (၃၂) ယောက်ထဲမှာ လူငယ်နည်းပြလို့ ပြောလို့ရတဲ့ နည်းပြ (၇)ယောက် (ဘယ်သူတွေလည်းဆိုတာတော့ ပုံမှာ ကြည့်လိုက်ပါတော့နော်)ရှိပြီး အသက်အငယ်ဆုံးနည်းပြက ဆီနီဂေါကိုဦးဆောင်လာတဲ့ ပို့စ်မောက် ကစားသမားဟောင်းအလူးဆစ်ဆီဖြစ်ပါတယ်။

အပေါ်မှာပြောခဲ့သလိုပဲ လူငယ်နည်းပြတွေဟာ မော်ဒန်ခေတ်နည်းစနစ်တွေ အခြေခံတွေနဲ့ ကမ္ဘာ့ဖလားမှာ တိုက်ပွဲဝင်ကြမှာဖြစ်ပြီး ၀ါရင့်နည်းပြကြီးတွေထက် နည်းစနစ်ပိုင်းမှာ အသာရမရဆိုတာ ပြောရခက်ပေမယ့် သူတို့ရဲ့ ရှုပ်ထွေးတဲ့ ခန့်မှန်းရခက်ခဲတဲ့ နည်းစနစ်တွေကိုမြင်တွေ့ရမှာပါ။ နောက်ပြီး အသက်အရွယ်ကြောင့် တိုက်ရဲခိုက်ရဲ စွန့်စားရဲမှုအပိုင်းမှာ လူကြီးပိုင်းတွေထက်ပိုပြီး သတ္တိကောင်းတတ်တာ ကြောင့် အတွေ့အကြုံနုနယ်တဲ့ သူတို့နည်းစနစ်ပိုင်းမှာ ဟာကွက်တွေတွေ့နိုင်ပေမယ့် သူတို့အလှည့်အပြောင်း လုပ်တဲ့လုပ်ဆောင်မှုတွေဟာ စိတ်လှုပ်ရှားဖို့ကောင်းနေမှာပါ။

ပုံမှာပါတဲ့ အချက်အလက်တွေအရ ဆက်ပြီးဆွဲထုတ်လို့ရတာတွေအများကြီးရှိနေသေးပါတယ်။ ဒါပေမယ့် စာရှည်နေပြီဖြစ်လို့ ဒီမှာပဲဒီဆောင်းပါးကိုရပ်နားပါမယ်။ စာဖတ်သူတွေစုဆောင်းထားတဲ့အချက် အလက်တွေဖြစ်စေ ကျွန်တော်မစဉ်းစားမိတဲ့ ရှုထောင့်က အတွေးတွေဖြစ်စေ ရှိခဲ့မယ်ဆိုရင်လည်း လေ့လာလို့ရ အောင်ဝေမျှပေးပါလို့ တောင်းဆိုချင်ပါတယ်။

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63900.40
ETH 3140.82
USDT 1.00
SBD 3.98