အချိုးအကွေ့ အလှည့်အပြောင်းများ

in #myanmar6 years ago

" အသက်တစ်ရာမနေရသော်လည်း အမှုတစ်ရာပွေရ " ဆိုသောစကားမှာ သူများတွေအတွက် မှန် မမှန်မသိသော်လည်း ကျွန်ုပ်အတွက်မူ တကယ်ပင်မှန်လှပေသည်။ လူသားတို့ဖြတ်သန်းခဲ့ကြရသော ဘဝဇာတ်ခုံအချိုးအကွေ့အလှည့်အပြောင်း ကလန်ကာအဖွင့်အပိတ်တို့ကတော့ တစ်ယောက်နှင့်တစ်ယောက်တူကြမည်မဟုတ်ပေ။
different_21034103.jpg
Image source
2017-2018 ခုနှစ်အတွင်းကျွန်တော်ကြုံတွေ့ခဲ့သော အချိုးအကွေ့ကမူ ကြီးမားလွန်းခဲ့ပေသည်။ 2017 ခုနှစ် နှစ်ဦးပိုင်းက ကျွန်တော့်အမျိုးသမီး၏ မိဘအိမ်တွင် အတူနေကြရင်းမှ သမက်နှင့်ယောက်ခမတို့ ထုံးစံအတိုင်း မတည့်ကြခြင်းကြောင့် မိန်းမဖြစ်သူနဲ့ပါ စကားများ၍ ထိုအိမ်ပေါ်မှ ကျွန်တော် ဆင်းလာခဲ့ပါတယ်။ ထိုအချိန်က ပိုက်ဆံသိန်းသုံးဆယ်ခန့်လည်း ယူလာခဲ့ပါတယ်။ ဘာအလုပ်မှလုပ်ချင်စိတ်မရှိအောင်လည်း စိတ်လေနေ၍ မြစ်ကြီးနား ဝိုင်းမော်မြို့နယ်ရှိ တောရွာလေးတစ်ရွာတွင် သီတင်းသုံးနေသော အကိုတော်စပ်သူ ဘုန်းကြီးကျောင်းသို့ ထွက်လာခဲ့ပါတော့တယ်။

ဘုန်းကြီးကျောင်းရဲ့ ဝေယျာဝစ္စ များလုပ်ကိုင်ပေးရင်းမှ ဘုန်းကြီးကျောင်းသား လုပ်နေခဲ့တယ် ဆိုပါတော့ဗျာ။ ထိုရွာလေးမှာ နှစ်လနီးပါးလောက် အနေကြာလာတဲ့အခါ ရွာရှိလူများနဲ့ ခင်မင်လာခဲ့သလို ရွာနီးချုပ်စပ်က ပါတ်ဝန်းကျင်နဲ့လည်း ထိတွေ့မှု များလာခဲ့ပါတယ်။ အဲဒီရွာလေးက " ကချင်အထူးဒေသ " " ဂွေထု " ရဲ့ အဝန်းအဝိုင်းထဲမှာ ပါပြီးတော့ ကချင်ပြည်သူ့ စစ်တွေကို နေရာပေးထားတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီနေရာဟာ အရင်ကတော့ ဘိန်းစိုက်တဲ့သူကစိုက် ရွှေရှာ တဲ့သူကရှာနဲ့ ရွှေအရမ်းထွက်ခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။

နောက်ပိုင်းမှာ ရွှေလုပ်ခွင့်တွေ ပိတ်ထားပြီး ဘိန်းလည်း စိုက်ခွင့်မရတော့ပါဘူး။ ကချင်ပြည်သူ့စစ်အမည်ပေးထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့ကို အဲဒီနေရာမှာ လုပ်ပိုင်ခွင့်တွေပေးထားပြီး ဘိန်းအစားထိုးသီးနှံ အဖြစ် တရုတ်ငှက်ပျော စိုက်ခင်းများစွာ စီးပွားဖြစ်စိုက်ပျိုးတဲ့ နေရာအဖြစ် ယခုအချိန်ထိ လုပ်ကိုင်လျက်ရှိကြပါတယ်။ အောက်ပြည်အောက်ရွာက အလုပ်သမားများစွာ လာရောက်လုပ်ကိုင်ကြပြီး ငှက်ပျောတွေ ခုတ်တဲ့ အချိန်ဆို တစ်ရက်ကို သောင်းကြီးသိန်းငွေ အထိ အလုပ်သမားတွေ ရကြပါတယ်။

ကျွန်တော်လည်း ဘုန်းကြီးကျောင်းအတွက် ဆိုင်ကယ်တစ်စီးဖြင့် ဆွမ်းချိုင့်တွေ လိုက်ကောက်ရင်း အဆိုပါဒေသက လက်နက်ကိုင် တပ်ဖွင့်က ဖွင့်ထားတဲ့ လောင်းကစားရုံကြီး တစ်ခုကို တွေ့တော့တာပါပဲ။ အဲဒီလောင်းကစားရုံမှာ လောင်းကစားနည်း များစွာကို ကစားလို့ရပြီး ဘယ်ရဲမှ အနားကပ်လို့ မရအောင် အဲဒီလက်နက်ကိုင် တပ်ဖွဲ့က လုပ်ပိုင်ခွင့်ရထားပါတယ်။ မြစ်ကြီးနားမြို့နှင့်လည်း သိပ်အလှမ်းမဝေးတဲ့ နေရာပါ။
images (2).jpeg
Image source
လောင်းကစား ဆိုရင် ဝါသနာကြီးလှတဲ့ ကျွန်တော်လည်း ကျောင်းကို ဆွမ်းချိုင့်တွေ ပြန်ပို့ပြီး ပိုက်ဆံနှစ်သိန်းယူ အဲဒီလောင်းကစားရုံကို သွားကစားပါတယ်။ လောင်းကစားရုံအထဲမှာ လာကစားကြသူတွေနဲ့ အတော်ကို စည်ကားလှပြီး တိုင်းစစ်ဌာနချုပ်က ဗိုလ်တွေ ဗိုလ်ကတော်တွေလည်း လာကစားနေကြတာကို တွေ့ရပါတယ်။ ပထမရက်ကတော့ ကံကောင်းထောက်မပြီး ငါးသိန်းလောက်နိုင်တာနဲ့ ပြန်လာခဲ့ပါတယ်။ အဲဒီအချိန်က ကျွန်တော် steemit မှာ စာရေးနေပြီး msc chat group ထဲတောင် နိုင်တာကြွားမိပါသေးတယ်။ " အစရှိတော့ နောက်နောင် " ဆိုသလို နေရာလည်းသိထားသလို နိုင်လည်းနိုင်ထားဖူးတော့ ခဏဏသွားကစားဖြစ်တယ် ဆိုပါတော့ဗျာ။ တိုတိုဆိုရရင် အစပိုင်းမှာ နိုင်ပေမဲ့ နောင်ကြာလာတဲ့အခါ အရှုံးနဲ့ရင်ဆိုင်ရပြီး အိမ်ကထွက်လာတုန်းက ပါလာတဲ့ပိုက်ဆံလေးတွေ အကုန်လုံး အဲဒီနေရာမှာ အကုန်လှူလိုက်ရပါတော့တယ်။

ပါတဲ့ပိုက်ဆံလည်း ကုန်ပြီဖြစ်သလို အဲ့ဒီနေရာမှာလည်း မနေချင်တော့တာနဲ့ဘုန်းကြီးကို ခွင့်ပန်ပြီး ဖားကန့်ကို ပြန်တက်ခဲ့ပါတယ်။ ကံလေးက ကောင်းချင်တော့ ဖားကန့်ရောက်ပြီး တစ်လမပြည့်ခင်မှာပဲ သိန်းငါးဆယ်တန် ရေမဆေးတစ်လုံးအောင်ပြန်တယ်။ ပင်ပင်ပန်းပန်းလုပ်စားရမဲ့ ဇာတာတော့ ပါဟန်မတူဘူးလို့ ကိုယ့်ကိုယ်ကို တွေးပြီးဘဝင်မြင့်မိပါသေးတယ်။ ဖားကန့်ဆိုတာကလည်း အရင်ကတည်းက နေနေကြဆိုတော့ ကျွန်တော့်အတွက်တော့ စိမ်းတဲ့နေရာတော့မဟုတ်ပေဘူးပေါ့ဗျာ။

အဲဒီကျောက်ရောင်းပြီး ရတဲ့ငွေလေးတွေနဲ့ အောက်ကျောက်ကလေးတွေ ပြန်ဝယ်ပြီး ရွှေလီကို သူများနဲ့ ကျောက်ရောင်းလိုက်ဖို့ လုပ်မိပြန်ပါတယ်။ ကံကောင်းလှပြီလို့ ကိုယ့်ကိုယ်ကို ထင်ထားမိတာ ကိုယ်လုပ်တဲ့အခေါက်မှ ပဲ ရွေလီကို ကျောက်ကယ်ရီအပ်ထားတဲ့ ကယ်ရီသမားက လမ်းကျောမှာ ကျောက်တွေနဲ့ အတူအဖမ်းခံရပါရောဗျာ။ ရှိသမျှ ပုံအောပြီး ရင်းထားတဲ့ ကျွန်တော့်ပိုက်ဆံလေးတွေ ရွှေလီတောင် မရောက်လိုက်ဘူး တပြားမှကုန်းကောက်စရာ မရှိတော့အောင် ဖြစ်သွားပြန်ပါရော။

အဲဒီလိုနဲ့ ဖားကန့်မှာပဲ ဝေလေလေ ပွဲစားယောင်ယောင် လောပန်းယောင်နဲ့ ယောင်ခြောက်ဆယ် လုပ်နေခဲ့တာ နည်းနည်းပြန်ကြာသွားပြန်တယ်။ တစ်ရက် မြေစာပုံမှာ 5000 လောက်နဲ့ ဝယ်တဲ့ ရေမဆေးတစ်လုံးက ထင်မှတ်မထားပဲ သိန်းနှစ်ဆယ်လောက် ရောင်းစားရပြန်ပါတယ်။ ရွှေလီကို အခဲမကျေသေးတဲ့ ကျွန်တော် ဒီတစ်ခါတော့ ကျောက်အများကြီး မဝယ်တော့ပါဘူး။ တစ်လုံးကောင်းပဲ ဝယ်ပြီး တင်လိုက်ပါတယ်။

IMG_20171210_075946.jpg
ဆယ့်ငါးသိန်းတန် တစ်လုံးတည်းပဲ ဝယ်တင်လိုက်ပါတယ်။ ဒီတစ်ခါတော့ ကံကောင်းထောက်မပြီး ကျောက်က ရွှေလီရောက်သွားပါတယ်။ ကျောက်ရောက်သွားပြီဆိုတော့ လူကိုယ်တိုင်လိုက်ပြီး သွားရောင်းပါတယ်။ ပထမဆုံးပြတဲ့ တရုတ်က အဲ့ကျောက်ကို တရုတ်ငွေ ငါးသောင်းပေးပါတယ်။ သိန်းငါးဆယ်ပေါ့ဗျာ။ ရောင်းရင် တော်တော်မြတ်နေပေမဲ့ အဲဒီထက် ပိုရချင်တာနဲ့ တင်းထားလိုက်တာ ကျောက်က ရွာလည်ပြီး ဈေးမထွက်တော့ဘူးဖြစ်သွားပါတယ်။

နောက်ဆုံးမှာတော့ သုံးဆယ်ငါးသိန်းပဲ ပေးတဲ့ တရုတ်တစ်ယောက်နဲ့ တွေ့ပြီး အဲ့ဒီဈေးနဲ့ပဲ ရောင်းလိုက်ရပါတော့တယ်။ ကျောက်လေးရောင်းပြီး ဖားကန့်ပြန်လာခဲ့တော့ အိမ်ကမိန်းမ က ဖုန်းဆက်ပါတယ်။ ကလေးကို ရှင်ပြုပေးမှာမို့ ပြန်ခဲ့တော့တဲ့လေ။ အဲဒါနဲ့ပဲ လေလွင့်နေတာတွေ အဆုံးသတ်ပြီး ပြည်တော်ပြန်ရပါတယ်။ တော်ပါသေးတယ် ကလေးရှင်ပြုတဲ့ အချိန် အိမ်ကထွက်သွားတုန်းက ယူသွားခဲ့တဲ့ ပိုက်ဆံလေး ပြန်ပါသွားပြီး အလှူထဲ အနည်းအကျဉ်းထည့်နိုင်ခဲ့လို့။

ကလေးက ငယ်သေးပေမဲ့ ယောက်ခမများက သူတို့မျက်ကွယ်မပြုခင် ကလေးကို ရှင်ပြုပေးခဲ့ချင်တယ်ဆိုပြီး သူတို့ပဲ လုပ်ပေးတာပါ။ ကျွန်တော်လည်း စိတ်ကူးမထားသေးပဲ အလှူ့ဒကါ ကြီး ဖြစ်သွားတယ်ပေါ့ဗျာ။ ကိုယ့် ဟာကိုယ်ဆို အလှူမပေးနိုင်သေးဘူးလေ။ ရှင်ပြုပြီးမကြာခင်မှာပဲ ယောက်ခမများက သူတို့ သားသမီးတွေကို အမွေခွဲပေးဖို့ လုပ်ကြပြန်ပါတယ်။ ဘယ်လောက်ရမလဲ မသိပေမဲ့ ကျွန်တော်လည်း စိတ်ကူးနဲ့ ဖဲရိုက်နေလိုက်သေးတယ်။ အမွေရတဲ့ပိုက်ဆံကို Steem coin တွေ ဝယ်စုထားလိုက်မယ်ပေါ့လေ စိတ်ကူးတာ။

ဟော အမွေခွဲပေးတဲ့နေ့ကျ ပိုက်ဆံမပေးဘူးခင်ဗျ။ ကျွန်တော့်အကြောင်းသိလို့ ဖြစ်မယ်။ သိန်းတစ်ရာ့ ရှစ်ဆယ်တန် အိမ်တစ်လုံးဝယ်ပေးပြီးတော့ အကုန်လုံးအကျေ ဝယ်ပေးတာလဲ ဟုတ်ဘူးဗျ။ တစ်ရာ့ခြောက်ဆယ်ပဲ သူတို့စိုက်ပေးပြီးတော့ နှစ်ဆယ်က ကျွန်တော်ရှာပေးရမယ်တဲ့။ တစ်သက်နဲ့ တစ်ကိုယ် အဲ့လောက်အကြွေးအများကြီး မတင်ဖူးပေမဲ့ ယောက်ခမဆီက အမွေရမှပဲ သိန်းနှစ်ဆယ် အကြွေးတင်သွားရတယ် ဆိုပါတော့ဗျာ။ အဲဒီလိုတဲ့ သိန်းနှစ်ဆယ်ကို တစ်နှစ်အတွင်း ပေးရမယ်ဆိုပြီး အိမ်ရောင်းတဲ့ သူနဲ့စာချုပ် ချုပ်ထားရတယ်ဗျာ။

သိပ်မကြာခင်မှာပဲ ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံး ပြောင်းလဲမှုကတော့ ကျွန်တော့်ရဲ့ မွေးသဖခင် ကျေးဇူးအဖေကို ဆုံးရှုံးရတာပါပဲ။ အခုကတော့ ဇာတိရပ်ရွာမှာ အဖေ့ရဲ့ ရက်လည်ပြီးဆုံးတဲ့ အချိန်ထိ နေရဦးမှာပါ။ တစ်နှစ်ကျော်ကျော် အချိန်လေးကတိုတောင်းလှပေမဲ့ ကျွန်တော့်အတွက်ကတော့ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့တယ်။

ပိုက်ဆံတွေကို ရာငွေကိုင်သုံးခဲ့ရသလို တစ်ပြားမှ မကျန်အောင်လည်း ဖြစ်ခဲ့ရတယ်။ ပိုက်ဆံ မရှိပဲနဲ့ အလှူ့ဒကါ တစ်ယောက်ဖြစ်ခဲ့ပြီး သားလေးကို ရှင်ပြုပေးနိုင်ခဲ့တယ်။ တစ်သက်နဲ့ တစ်ကိုယ် ကိုယ်ပိုင်ဆိုင်တဲ့အိမ်ဆိုတာကို ရခဲ့ပြီးတော့ အကြွေးကလည်း အမွေရမှ အကြွေးတင်နေရပြန်တယ်။ မြင့်မိုရ်တောင်ဦး မကကျူးတဲ့ ဖခင်တစ်ယောက်ကို ဆုံးရှုံးခဲ့ရပြန်ပါတယ်။ တစ်နှစ်အတွင်း အလျော်အစားကြီးနေတဲ့ ကျွန်တော့်ဘဝ ကို ဖခင်ရဲ့ ရက်လည်အတွက် စောင့်ဆိုင်းနေရင်း စာစီကြည့်မိတာပါဗျာ။ ဘာတွေ ဆက်ပြီးကြုံတွေ့ရဦးမလဲ ဆိုတာတော့ ဘုရားမှ တစ်ပါးမသိနိုင်တော့ပြီပေါ့ဗျာ။
DQmdhiWRYGy1Q2hMBKQpbdc2jFuZTM9FfZ77fXtvzUW6X4e.jpeg

Author>>>@aungzawhtwe

MSC : 014

Sort:  

လူ့ဘ၀ဆိုတာ ဒီလိုပါပဲဗျာ နိမ့်ချည်မြင့်ချည်နဲ့ လောကဓံတရားကို ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားထားပါ ကိုထွေးရေ။

ဟုတ်ကဲ့ကွီးရွှေ။

အင်းး နိမ့်​ချည်​တစ်​ခါ သာချည်​တစ်​လှည့်​နဲ့ ​  ​​...

ရေစီးတစ်ခါ ရေသာတစ်လှည့်နဲ့ပေါ့ဗျာ။

လောကဇာတ်ခုံ စုံအောက်ကပြနေရတယ်ပေါ့လေ

ကျရာနေရာ အစုံပါပဲ။

ဘ၀ကတော့ ဒီလိုဘဲ ဖြတ်သန်းနေကြရတာပါဘဲ

ဟုတ်ကဲ့။

မမြင်ရတာကို မှန်းမျှော်လို့ မရပါဘူးဗျာ ရှိတာလေးကို ဂရုစိုက်ပေးရတာပေါ့

ဟုတ်ကဲ့ရှိတာလေးပဲ ဂရုစိုက်ရတော့မှာပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ကိုထွေးက လမ်းကြောင်းတစ်ခုပေါ်ကိုရောက်ပြီးသားပါ။
ဆက်ပြီးတော့ သွားယုံပါပဲ။ ဖိုက်တင်းပါ ဘဒိုရေ။

ကျေးဇူးပါကိုစိုင်း။

စိတ်မကောင်းပါဘူးဗျာ

အင်း ဘာမှတတ်နိုင်ဘူးလေ။

ကိုထွေးရဲ့ လောကဇာတ်ခုံကြမ်းတမ်းတယ်ဆိုပေမယိ့ ဖြတ်သန်းမှုတွေက လေးစားစရာကောင်းပါတယ်
ကိုထွေး

ဒီလိုပါပဲဗျာ။

တစ်နှစ်အတွင်းအပြောင်းအလဲကလည်းများလှပါလားကိုထွေးရာ

အပြောင်းအလဲ ဗလောင်းဗလဲတွေက များမှများပါပဲ။

စုံလိုက်တာ အကိုရယ် ကျွှန်တော်တို့ကတော့ဘအိမ်တွင်းလေးကျောင်းတွင်းလေထဲလောက်ပါဘဲ ။

စုံဆို လျှောက်သွား လျှောက်လုပ်နေခဲ့ရတာဆိုတော့ အနည်းအကျဉ်းတော့ စုံတာပေါ့။

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 63861.47
ETH 3215.28
USDT 1.00
SBD 3.84