တက္ကသိုလ် ကျောင်းသား (Chapter 4)
ဤသို့ဖြင့် ဒုတိယနှစ် ကျောင်းသားဘ၀ကို ရောက်လို့လာခဲ့၏။ ကျနော်တို့ ကျောင်းသားဘ၀တုန်းက နည်းပညာ ကျောင်းသည် ယခုကဲ့သို့ (၆) နှစ် မဟုတ်ပေ။ (၅) နှစ်သာ တက်ရခြင်း ဖြစ်၏။ ဒုတိယနှစ်နှင့် စတုတ္ထနှစ်သည် အရေးကြီးသည့် နှစ်များအဖြစ် သတ်မှတ်လို့ ရ၏။ ပေါင်းကူးလို့ ခေါ်လို့ရသည့် နှစ်များ ဖြစ်၏။ သတ်မှတ်ထားသည့် ပေါင်းကူးမှတ် မရပါက ရိုးရိုးအောင် အနေဖြင့် ဒီပလိုမာ လက်မှတ်သာ ရ၏။ စတုတ္ထနှစ်ဆိုလျှင်တော့ ဒီပလိုမာ မဟုတ်ပဲ ဘွဲ့လက်မှတ် ရ၏။ အောင်မှတ် မရလျှင်တော့ ဒုတိယနှစ်ကို ပြန်တက်ရပြီး ပေါင်းကူးအမှတ် မမီလျှင်တော့ ဆက်တက်ခွင့်မရပေ။ ရှေ့လည်း တိုးမရ၊ နောက်လည်း ဆုတ်မရ နှင့် အတော်ပင် ဆိုးလှ၏။ ပေါင်းကူး ၀င်ခွင့် စစ်ဆေးသည့် စာမေးပွဲ ရှိမှသာ အခွင့်အရေး ရနိုင်မည် ဖြစ်၏။ ထိုစာမေးပွဲကို အောင်မြင်ပါက တတိယနှစ်ကို တက်ရမည် ဖြစ်၏။ သို့သော် အနှီ ပေါင်းကူး ၀င်ခွင့် စာမေးပွဲကလည်း နှစ်စဉ် ကျင်းပပေးခြင်း မဟုတ်ပေ။
တချို့တွေက ဒီတနှစ် ပေါင်းကူးမပါပေမယ့် ၀င်ခွင့်စာမေးပွဲ ပြန်လည် စစ်ဆေးသည့် အချိန်နှင့် ကြုံလျှင်တော့ အချိန်အများကြီး မစောင့်ရပေ။ တချို့မှာတော့ နှစ်တွေ အများကြီး စောင့်လိုက်ရသူတွေလည်း ရှိ၏။ လုပ်ငန်းခွင်ထဲ အသီးသီး ၀င်ကုန်ကြပြီးမှ ပေါင်းကူး ၀င်ခွင့် စာမေးပွဲ ရှိသဖြင့် ပြန်လာ ဖြေကြရသူများလည်း ရှိ၏။ တချို့ဆိုလျှင် ကျောင်းတွင် ဆရာ၊ ဆရာမ အဖြစ်တောင် ပြန်လည် လုပ်ကိုင်နေကြပြီးမှ ထိုဝင်ခွင့် စာမေးပွဲက ရောက်လာလေ့ ရှိ၏။ ထိုစဉ်က ထိုစနစ် နှိပ်စက်မှုဒဏ်ကို ကျောင်းသူ၊ ကျောင်းသား တချို့ တော်တော် ခံလိုက်ရ၏။ ကျနော်က ပေါင်းကူးနှစ်များမှာ မခံပဲ ပထမနှစ်နှင့် တတိယနှစ်တွေမှာ ခံခြင်း ဖြစ်၏။
ဒုတိယနှစ်သည် ထွေထွေထူးထူး သိပ်မရှိလှပဲ ပြီးဆုံးသွား၏။ အတန်းလည်း သိပ်မလစ်တော့ပေ။ ဂိမ်းဆော့ခြင်းကိုလည်း လျှော့ချလိုက်၏။ ကျောင်းစာကို အာရုံစိုက်၏။ ယခုနှစ်သည် အရေးကြီးသည် မဟုတ်လား။ ကဗျာစာအုပ်တော့ ထုတ်လိုက်သေး၏။ ဒုတိယနှစ် အောင်စာရင်းများ ထွက်တော့ ပထမနှစ် စတက်တော့လည်း အတူ၊ ပထမနှစ် မအောင်လို့ ပြန်တက်တော့လည်း အတူ၊ ဒုတိယနှစ်မှာလည်း တပူးတတွဲ အတူ ဖြစ်သော သူငယ်ချင်း ပေါင်းကူး ပါမလာခဲ့ပေ။ ရိုးရိုးအောင် နှင့်သာ တခန်း ရပ်သွားတော့၏။ လွန်စွာမှပဲ စိတ်မကောင်း ဖြစ်ရ၏။ အတွဲညီသည့် သူငယ်ချင်းတယောက်နှင့် ကျောင်းအတူ တက်ခွင့် ဆုံးရှုံး ရပြီ ဖြစ်၏။
ထိုသူငယ်ချင်းသည် ကျနော့်ထက်လည်း စာတော်၏။ လက်တွေ့ပိုင်းမှာလည်း ကျနော့်ထက် အခြေခံ သာ၏။ သူနှင့် ကျနော် တူသွားသည့် အချက်မှာ ပထမနှစ် မအောင် ဖြစ်ပြီးသွားသည့်နောက် ကျောင်းစာကို စူးစူးနစ်နစ် မလုပ်တော့ပေ။ စာရွက်ပေါ် ပညာရေး စနစ်နှင့် အသားကျအောင် နေထိုင်တော့၏။ အခန်းတွင်း စစ်ဆေးသည့် စာမေးပွဲများကို ကျနော်က မှန်မှန် ဖြေသလောက်၊ ထိုသူငယ်ချင်းကတော့ အာရုံ သိပ်မထားတော့ပေ။ ပေါင်းကူးကို ထိုသူငယ်ချင်းမှ မဟုတ် အခြား ကျနော်နှင့် ပထမနှစ်ကတည်းက အတူတက်လာသည့် သူငယ်ချင်း (၂) ယောက်လည်းမပါပေ။ ပထမနှစ် Repeater (၄) ယောက်ထဲတွင် ကျနော် တယောက်သာ ပေါင်းကူးသို့ တက်လှမ်းခွင့် ရခဲ့၏။
ပထမနှစ်မှာ အကြီးကျယ် ၀မ်းနည်းခဲ့ရပြီး ယခု ဒုတိယနှစ် အောင်စာရင်း ထွက်သည့်အခါမှ နောက်တကြိမ် ၀မ်းနည်းရပြန်၏။ ရဲဘော်ရဲဖက်ကြီး မရှိတော့ပေ။ အငြင်းအခုန်လုပ်ရမည့်သူ မရှိတော့ပေ။ ကန်တင်းသွားဖော် မရှိတော့ပေ။ စာကြောင်းပေကြောင်း ပြောရမည့်သူ မရှိတော့ပေ။ ရိုးရိုးအောင်သူက အောင်သွားလေပြီ၊ ကျန်နေခဲ့ပြီး ပေါင်းကူးဆက်တည်မည့်သူကလည်း ဆက်တက်ရပေလိမ့်မည်။ တခုခံသာသည်က ကျနော်တို့ မေဂျာသည် ယောက်ျားလေး နည်း၏။ ထို့ကြောင့် မေဂျာမှာ ရှိသည့် ယောက်ျားလေး အားလုံး တယောက်နှင့် တယောက် ခင်မင်ကြ၏။ တရင်းတနှီးကို ခင်မင်ကြ၏။ တတိယနှစ်မှာတော့ ကျနော့်ထက် ငယ်သည့် ညီငယ်လေးများ၊ ညီမငယ်လေးများနှင့် ဆက်လက် ချီတက်ရပေလိမ့်ဦးမည်။
ဆက်ပါဦးမည်
Don Jaun
MSC 31
တက္ကသိုလ်ကျောင်းက ငွေလမင်းလေးများ ရှိခဲ့ဘူးလား
Posted using Partiko Android
မရှိခဲ့ပါဘူး ကိုဟိန်း
ကျနော့် ဘဝက လမိုက်ညမှာ စမ်းတဝါးဝါးပါ
ပေါင်းကူးအောင်သွားတာဝမ်းသာတစ်ဝက်၊၀မ်းနည်းတစ်ဝက်ပေါ့...
Posted using Partiko Android
ဟုတ်ပါ့ဗျာ
ဟိုမလျောက်သာ ဒီမလျောက်သာနဲ့ နေရတာပေါ့
Posted using Partiko Android
အမှန်ပဲ
နောက်အပိုင်းတွေ စောင့်မျှော်လျှက်
Posted using Partiko Android
ဟုတ်