တက္ကသိုလ် ကျောင်းသား (Final Chapter)
အများသူငှာ (၅) နှစ်သာ (ယခု ၆ နှစ်) တက်ပြီး BE ဘွဲ့ရသည့် နည်းပညာ တက္ကသိုလ်ကို ကျနော်က (၈) နှစ်တက်ပြီးမှ ရ၏။ (၈) နှစ်တာ ကာလအတွင်း ဘာတွေ သင်ယူခဲ့ရသနည်းဟု မေးလျှင် ကျနော့်မှာ ပြန်ဖြေရတော့ အတော်ခက်ပေလိမ့်မည်။ နည်းပညာပိုင်းနှင့် ပတ်သက်ပြီး သီအိုရီ (စာတွေ့ပိုင်း) အရတော့ အတော်အတန် တီးမိ ခေါက်မိပေမယ့် လက်တွေ့ပိုင်းရတော့ သုည သာသာလောက်လေးသာ ရခဲ့၏။ ကျောင်းစာနှင့် မဆိုင်ပဲ ပြင်ပ လူနေမှု၊ အတွေ့အကြုံများဆိုလျှင်တော့ အများကြီး သင်ယူလေ့လာ ဖြစ်ခဲ့၏။ တက္ကသိုလ် ဆိုသည်မှာ ကျောင်းစာ တခုပဲ သင်ပေးသည့် နေရာမဟုတ်ဟု ကျနော် ခံယူထား၏။
(၂၀၀၃) ခုနှစ်မှ (၂၀၁၁) ခုနှစ်အထိ တက္ကသိုလ်တွင် ကျနော် အချိန်ယူ၊ အချိန်တွေ ပေးခဲ့ရ၏။ ဆရာ၊ ဆရာမ အချို့၊ သူငယ်ချင်း အချို့နှင့် သိကျွမ်းခင်မင်ခွင့် ရ၏။ ပျော်ခွင့်ရခဲ့၏။ စိတ်ကျေနပ်ခဲ့ရ၏။ ပညာရပ်ပိုင်းအနေဖြင့်တော့ စိတ်ကျေနပ်မှု မရှိခဲ့ပေ။ ကျောင်းသူ၊ ကျောင်းသားများ အားထုတ်ဖို့လိုတာကော မဟုတ်ဘူးလားဟု မေးစရာ ရှိ၏။ ကျောင်းသူ၊ ကျောင်းသားများ စိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်သော သင်ကြားရေးနည်းလမ်း၊ သင်ထောက်ကူ ပစ္စည်းများ မရှိသော ပညာရေးစနစ်မှာ မည်သို့သော ကျောင်းသားက ကြိုးစားလိုပါမည်နည်း။ မရှိဟုတော့ ကျနော် မဆိုလိုပါ။ ရှိတော့ ရှိ၏ သို့သော် နည်း၏။
ကျောင်းပြီးသွားပြီး ဘွဲ့ရသွားပြီးနောက် မိမိသင်ယူခဲ့ရသည့် ဘာသာရပ်ဖြင့် အသက်မွေးသူများ ဘယ်နှယ်ယောက်ခဲ့ ရှိမည် ထင်ပါသနည်း။ ကျနော်တို့ နှစ်ကာလများတုန်းကတော့ ကျောင်းပြီးပြီ ဆိုသည်နှင့် တကျောင်းလုံးရှိ ကျောင်းသူ၊ ကျောင်းသား တ၀က်လောက်က ရန်ကုန်ဆင်း သင်တန်းတက်ပြီး စလုံး သွားဖို့သာ ဦးတည်ကြ၏။ တ၀က်လောက်က တခြားအသက်မွေးဝမ်းကျောင်း အလုပ်များ လုပ်ကိုင်ကြ၏။ အသက်မွေးမှု အတတ်ပညာရပ်ဆိုင်ရာ ကျောင်းမှ ဘွဲ့ကိုယူလာခဲ့ပြီးမှ ထိုဘွဲ့နှင့် အသက်မမွေးကြခြင်းက တကယ်တမ်းမှာတော့ ရင်နာစရာပင် ဖြစ်၏။ ဘွဲ့ဓါတ်ပုံသည် အလှချိတ်ထားဖို့ သတ်သတ်၊ ဘွဲ့လက်မှတ်သည် ဒီအတိုင်း print ထုတ်ထားပေးလိုက်သည့် စာရွက်သာသာ ပဲ ဖြစ်သွားခဲ့ရ၏။
ရေရှည် ရပ်တည်နိုင်ဖို့ရာမှာ ကျောင်းက သင်ကြားပေးလိုက်သလောက်နှင့် မလုံလောက်ပေ။ ထို့ကြောင့်ပင် ကျောင်းသူ၊ ကျောင်းသားတို့မှာ သင်တန်းတွေ ထက်ပြီး တက်ရတော့၏။ ကျောင်းမှာကော ထိုသို့ မသင်ပေးနိုင်လို့လားဆိုတော့ သင်ပေးနိုင်ပါသည်။ ကျနော်တို့၏ ဆရာ၊ ဆရာမများသည် လူညံ့များ မဟုတ်ကြပေ။ မှားယွင်းနေသော စနစ်၏ အောက်မှာ ဆရာ၊ ဆရာမတို့၏ အရည်အချင်းများသည် မီးခဲ ပြာဖုံးခဲ့ရ၏။ အလွန်မှပဲ နှမြောမိ၏။ လူ ဘယ်လောက်ကောင်းကောင်း၊ စနစ်မကောင်းလျှင် အလာကားပင်။ ဒါဖြင့် စနစ်ကောင်းပြီး လူမကောင်းရင်ကောဟု အတွန့်တက်စရာ ရှိ၏။ စနစ်ကောင်းလာပြီ ဆိုမှတော့ လူမကောင်းစရာ အကြောင်းကို မရှိပေ။ စနစ်ကောင်းများကို လူကောင်းများက စီမံတီထွင်ပြီး ထိုစနစ်မှ လူကောင်း၊ လူတော် မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်မည် မဟုတ်လော။
ကျနော် ကျောင်းပြီးစမှာ အမေ ကျနော့်ကို မေး၏။ မင်းကော သူများတွေလို စလုံး သွားမလားတဲ့။ အမေ့မှာ ရှိသည့် မြေကွက်ရောင်းပြီး ပို့ပေးမယ်ဟု အမေဆို၏။ ဘာမှ မစဉ်းစားနေပဲ မသွားဘူးဟုသာ ကျနော် ဖြေလိုက်၏။ ကျနော်သည် ပျော်ရာမှာ နေလိုသူသာ ဖြစ်၏။ ပထမနှစ် ထိပြီးကတည်းက နည်းပညာတက္ကသိုလ်ကို ကျနော် အနည်းငယ် စိတ်ပျက်သွား၏။ အမယ်လေး ကိုယ့်ကို မကြိုးစားလို့ ဖြစ်တာကိုဟု ပြောလိုက ပြောနိုင်၏။ ကျနော် စိတ်မဆိုးပေ။ သို့သော် First Year တုန်းက ကျနော် ဘယ်လောက် စာလုပ်ကြောင်း ကျနော်သာ အသိဆုံး ဖြစ်၏။
ကျနော်တို့သည် စနစ်တခု၏ အစမ်းသပ်ခံ သားကောင်များ ဖြစ်ခဲ့ရ၏။ ၀မ်းနည်းဖို့ ကောင်း၏။ ဒီပုံစံ၊ ဒီစနစ်နှင့် အာရှကျားဟု (ကန်တော့) ဖင်ပြဲအောင် အော်နေလည်း ဖြစ်လာမည် မဟုတ်ပေ။ မအော်ဘူး တကယ်လုပ်မှာ ဆိုလျှင်တောင် စနစ်ကို အရင် ပြင်ဆင်ဖို့လိုမည်။ စနစ်မကောင်းလျှင် ဘယ်လောက်လုပ်လုပ် တလွဲတွေပဲ ဖြစ်နေဦးမည် ဖြစ်၏။ ယခုနောက်ပိုင်းတွင်တော့ သင်ကြားပုံ နည်းစနစ်များ ပြောင်းလည်လာပြီ ဟု ဆို၏။ နောက်တက်သည့် ကလေးများအတွက် ၀မ်းသာ ပီတိ ဖြစ်ရ၏။
အပေါ်မှာ မေးခဲ့သည့် မေးခွန်းကို ကျနော် ပြန်ဖြေရလျှင် တက္ကသိုလ် တက်ခဲ့ရလို့ ကျနော် ဘွဲ့ရခဲ့၏။ သို့သော် ဘွဲ့ရတိုင်း ပညာတတ် ဖြစ်သည် မဟုတ်ပေ။ ထမင်းစား လက်မှတ်ရပြီ ဟုလည်း တထစ်ချ ပြောမရပေ။ သင်ယူခြင်း၊ လေ့လာခြင်းသည် ဘယ်တော့မှ မပြီးဆုံးပေ။ ပညာရပ်ပိုင်းနှင့် ပတ်သက်ပြီး စိတ်ကျေနပ်မှု မရခဲ့သော်လည်း၊ စိတ်ရှည် သည်းခံ၊ အနစ်ခံပြီး မရ ရအောင် သင်ကြား ပြသ ပေးသော ဆရာ၊ ဆရာမများနှင့် ဆုံခွင့် ရခဲ့ခြင်း၊ ဆိုးတူကောင်းဖက် အတွဲညီခဲ့သော် သူငယ်ချင်းများနှင့် ခင်မင်ခွင့် ရခဲ့ခြင်း တို့ကတော့ ကျနော့်အတွက် အမြတ်ပင်။ ထို့ပြင် Nano စာစဉ်လေးနှင့် ကဗျာ စာအုပ်ထုတ်ဝေခြင်း စသည့် မဖြစ်စလောက် စာပေလှုပ်ရှားမှုလေးများကြောင့်လည်း ကျနော့် အမြတ်ပေါ် အပျော်ဆင့်ခွင့် ရခဲ့၏။
ဝမ်းနည်းဖို့ ကောင်းသည်က ကျနော်လည်း ကျောင်းပြီးသွားရော Nano စာစဉ်ကို ဆက်လုပ်မည့်သူ မရှိသဖြင့် ရပ်နားလိုက်ရခြင်းပင် ဖြစ်၏။ လမ်းကြောင်းပေးမည်၊ လိုအပ်လျှင် ကိုယ်တိုင် ကိုယ်ကျ တာဝန်ယူပြီး ကူညီပေးမည် ဆိုနေသည့်တိုင် လက်ပြောင်းယူမည့်သူ မရှိခဲ့ပေ။ ပေးကားပေး၏ မရ ဆိုသလိုပေါ့။ ကိုယ်က ပေးသော်လည်း ယူမည့် သူမရှိပေ။ သို့နှင့် ကျနော်တို့၏ Nano စာစဉ်လေးသည် (၂) နှစ်သာ သက်ဆိုးရှည်ခဲ့၏။ ကျနော်လည်း ကျောင်းပြီးသွားရော Nano စာစဉ်လေးကော ဇာတ်သိမ်းသွား၏။ ဤ ကိစ္စရပ်သည် ကျနော်၏ တက္ကသိုလ်ကျောင်းသားဘ၀ ၀မ်းအနည်းရဆုံး ကိစ္စရပ် ဖြစ်၏။
ပြီးပါပြီ
Don Jaun
MSC 31
ME ဆက်တတ်ဘူးလားဗျ
Posted using Partiko Android
တက်တော့ဘူး
ခဏနေ ပါမောက္ခ ဖြစ်နေမှာ စိုးလို့
😁
ကျောင်းတောင် ပြီးသွားပါပေါ့ ကိုဒွန်
Posted using Partiko Android
ဟီး အမှန်တော့ ဆက်တက်ချင်သေးတာ 😁
အတွေ့အကြုံတွေ အများကြီး ရခဲ့မှာဘဲနော် ။စာစဉ်ထုတ်တာ နှစ် နှစ်ဆိုတာ မနည်းဘူးဗျ။
ဟုတ် အကို
၁၅ ရက် တကြိမ်ဆိုတော့ တလကို ၂ စောင်တော့ ထုတ်ဖြစ်တယ်
စာစဉ်လေး ပျက်သွားတာစိတ်မကောင်းစရာဗျာ
Posted using Partiko Android
ဟုတ်တယ်ဗျာ
Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
BE ဘွဲ့တောင်ကိုယ့်ဘာသာမတတ်သလို့ခံစားရရင်ရိုးရိုးဘွဲ့ဆိုပြီးရောပဲ
Posted using Partiko Android
တကိုယ်တော် ခံစားမိတာလေးပါ ဦးမင်း
bro က စာတွေ့ ပိုင်း ရသေးတယ်ဗျာ။ ကျနော်ကတော့ ဘာမှ ရလိုက်တယ်ကို မရှိပါဘူးဗျာ။ 👍
Posted using Partiko Android
ဝေး ဟေး ဟေး ဒီပို့စ်အကြိုက်ဆုံးပဲ ☺