ကျနော်နှင့် Game (Chapter 2)
Nintendo game ကို ကျနော် (၈) တန်းနှစ်လောက်မှာ စကစားဖူး၏။ Family game များကိုတော့ (၄)၊ (၅) တန်းမှာ စကစားတတ်၏။ ကျောင်းပိတ်ရက် ကျူရှင် မရှိသည့် ရက်များ၊ ကျူရှင်ချိန်ပြီးနောက် အားသည့် အချိန်များတွင် Game ဆိုင်သို့ သွားပြီး game ဆော့၏။ တခါမျှ ကျူရှင်လစ်ပြီး game မကစားခဲ့ဖူးချေ။ ထိုစဉ်တုန်းက Game ဆိုင်က ခပ်များများ မရှိပေ။ တမြို့လုံး အနေနှင့် လက်ချိုးရေလို့ ရ၏။ ထို့အတူ Game ကစားသူ အရေအတွက်မှာလည်း အလွန်နည်းသေး၏။ ကျနော်တို့ ရပ်ကွက်ထဲမှာ သူငယ်ချင်း တစုလောက်ပဲ ရှိ၏။ ကျနော်တို့ သွားဆော့နေကြ game ဆိုင်သည် အိမ်နှင့် မနီးလှပေ။ Game ဆိုင်က မြို့လည်ခေါင်မှာ ရှိ၏။ ထိုအချိန်က ကျနော်တို့ သူငယ်ချင်း တစုတွင် စက်ဘီး မရှိသေး။ ထို့ကြောင့် Game ဆော့ရန် Game ဆိုင်နေရာသို့ တပျော်တပါး လမ်းလျှောက်သွားကြရ၏။
ထိုစဉ်က တပတ်ကို အနည်းဆုံး တခေါက်လောက်တော့ Game ဆိုင်သို့ သွားပြီး Game ဆော့ကြ၏။ သူငယ်ချင်း (၃) ယောက် တပတ်တာအတွင်း ရသည့် မုန့်ဖိုးလေးများကို Game ဆော့ဖို့ ဖဲ့ဖဲ့ပြီး စုထားကြ၏။ ပြီးလျှင် (၃) ယောက်သား ရှုံးထွက်ဆော့ကြ၏။ မာရီရို၊ နပန်း၊ လမ်းပေါ် တိုက်ပွဲ (street fighter) တို့သည် ကျနော်တို့ တခုတ်တရနှင့် ဆော့ကစားဖြစ်သည့် Game များ ဖြစ်၏။ ကျနော်တို့ (၉) တန်းအရောက်မှာတော့ Play Station (PS 1) game များ စတင် ၀င်ရောက်လာပြီ ဖြစ်၏။ အချိန်ခဏလေးအတွင်းမှာပင် Nintendo game စက်များနေရာတွင် PS1 game စက်များ ၀င်ရောက် နေရာယူလာတော့၏။ PS1 game များသည် Nintendo game များထက် ရုပ်ထွက်ပိုင်းကော၊ စိတ်ကျေနပ်မှုရရှိစေမှု အပိုင်းမှာကော သာလွန်လာခဲ့၏။ ထို့ပြင် PS1 game ခွေများသည် ယခင်လို Floppy disk များ မဟုတ်တော့ပဲ CD disk များ ဖြစ်သွား၏။
photo from Google
ထို PS1 game များသည် တဖြည်းဖြည်းနှင့် တွင်ကျယ်လာ၏။ ယခင် ကျနော်တို့ ဆော့ကစားနေကြ Nintendo game ဆိုင်လေးကပင် Nintendo စက်များ အစား PS1 စက်များကို ပြောင်းလဲ လိုက်၏။ Game ဆော့ကစားချိန် အဖိုးအခလည်း ပြောင်းသွား၏။ ယခင် Nintendo တနာရီ (၃၀) ကျပ်မှသည် PS1 မှာတော့ တနာရီ (၅၀) ဖြစ်သွား၏။ ထို့ကြောင့် ထို PS1 game ကစားနိုင်ဖို့ တပတ် တပတ် ကျနော်တို့ ပိုပြီးတော့ ပိုက်ဆံစုရတော့၏။ ထိုစဉ်က တရက်မှ မုန့်ဖိုးက (၅) ကျပ်၊ (၁၀) လောက်ရသည်ကိုး။ တဖြည်းဖြည်း မုန့်စားရ နည်းလာ၏။ ကျနော်တို့သည် ရုပ်အာဟာရ ဖြည့်ဖို့ထက် စိတ်ပျော်ရွှင်မှု ရဖို့ ပိုမို အလေးပေးလာမိတော့၏။
PS1 game ဆိုင်များလည်း ဟိုမှာ ဒီမှာ တွေ့လာရတော့၏။ ကံကောင်းသည့် အချက်မှာ ကျနော်တို့ ရပ်ကွက်တွင်းမှာ PS1 game ဆိုင် ရှိလာသောကြောင့် ဖြစ်၏။ ရပ်ကွက်ထဲမှာ ငွေကြေးတတ်နိုင်သည့် ရပ်မိရပ်ဖ လူကြီးတဦးမှ သူ့ ကုန်စုံဆိုင်ဘေး နေရာလွတ်မှာ အနှီ game ဆိုင်ကို ဖွင့်ခြင်း ဖြစ်၏။ PS1 စက် လေးလုံး ရှိ၏။ ကျနော်တို့လည်း Game ဆော့ဖို့ရန် မြို့ထဲထိ သွားနေစရာမလိုတော့။ လမ်းလျှော်ရချိန် သက်သာသွားသောကြောင့် game ဆော့ချိန် ပိုထွက်လာတော့၏။ ထို့ပြင် ထို game ဆိုင်က ရပ်ကွက်ထဲမှာပင် ဖြစ်သည့်အပြင် ကျူရှင်သွားရသည့် လမ်းနှင့်လည်း သင့်၏။ တလမ်းထဲပင်။ ပြောရလျှင် အိမ်နှင့် ကျူရှင်ကြား အလယ်ဗဟိုမှာ ရှိနေသည်ဟု ဆိုလို့ရ၏။
ကျနော်တို့ သူငယ်ချင်း တစုသည် (၉) တန်း မှာ game သိပ်မဆော့ ဖြစ်ပဲ (၁၀) တန်းမှာ အတော်ဆော့ ဖြစ်၏။ ကျောင်းနှင့် ကျူရှင်က သိပ်မဝေးလှ။ (၅) မိနစ်လောက် လျှောက်ရုံနှင့် ရောက်၏။ ကျူရှင်ကနေ game ဆိုင်ကိုက (၁၀) မိနစ်နှင့် ရောက်၏။ (ကျနော်တို့အဖို့ (၁၀) မိနစ်ပင် မကြာပေ။ အကြောင်းမှာ ပြေးသွားသောကြောင့် ဖြစ်၏။) game ဆိုင်ကနေ အိမ်ကို (၁၀) မိနစ် ထပ်လျှောက်ရ၏။
photo from Google
(၉) တန်း တုန်းက ကျောင်းဆင်းပြီး ကျူရှင်ရောက်၊ ကျူရှင်မတက်ခင် (၁၅) မိနစ်လောက်ကို ဘောလုံးကန်နေကြ။ (၁၀) တန်း တက်စ ကျောင်းဖွင့်စတုန်းကလည်း ကန်ဖြစ်ကြသေး၏။ သို့သော် နောက်ပိုင်းလများတွင်တာ့ game ကစားရတာကို နှစ်သက်နေပြီ ဖြစ်သော ကျနော်တို့ ဘောလုံး မကန်ကြတော့။ ကျောင်းဆင်းလာပြီး ကျူရှင်ရောက်သည်နှင့် ဘောလုံးမကန်တော့ပဲ စာသင်ခန်းထဲဝင်ပြီး စာတန်းလုပ်တော့၏။ ညနေကျူရှင်ချိန်က သချာင်္ အချိန် ဖြစ်၏။ မနေ့က ဆရာမ ရှင်းပြ၊ တွက်ပြထားသည့် example များကို ကြည့်ပြီး မိမိကိုယ့်ကို exercise များကို တွက်ကြတော့၏။ ကျောင်းက ညနေ (၃) နာရီ (၁၅) မိနစ်မှာ ဆင်း၏။ ကျူရှင်က (၄) နာရီစ၏။ ညနေ (၃) နာရီ မခွဲခင် ကျနော်တို့ ကျူရှင် ရောက်၏။ ထိုကတည်းက စထိုင်ပြီး တွက်ကျသဖြင့် တကယ် ကျူရှင် စချိန် (၄) နာရီထိုးလျှင် ကျနော်တို့က စာတွေ အများကြီး တွက်ပြီးနေပြီ ဖြစ်၏။
ဆရာမ ကျူရှင်ခန်းထဲ ၀င်လာလျှင် တွက်ပြီးသမျှကို အလုအယက်ပြကြ၏။ ဆရာမ တရက်စာသင်ဖို့ ရည်ရွယ်ထားသမျှကို ကျနော်တို့က တွက်ပြီးနေပြီးသား။ တခါတလေ ပို၍ သာပြီးတော့တောင် များနေတတ်သေး၏။ Game ဆွဲအားက ဤမျှ ကြီး၏။ ထိုစဉ်က ကျူရှင်မှာ (၁၀) တန်းကျောင်းသူ၊ ကျောင်းသား အနေဖြင့် ကျနော်တို့ သူငယ်ချင်း (၄) ယောက်နှင့် ဆရာမ တူမ (၁) ယောက်၊ ပေါင်း (၅) ယောက်သာ ရှိ၏။ ဆရာမ တူမက (၄) နာရီမှ ဆရာမနှင့် အတူအတူ ကျူရှင်ခန်းသို့ ၀င်၏။ သူမက ဘာမျှ မတွက်ရသေး သဖြင့် ကြိုကြိုတွက်နေ၊ တွက်ထားကြသော ကျနော်တို့ကို သူမသည် လွန်စွာမှ စိတ်စိုး၏။ စိုးလည်း စိုးကွာ ဆိုပြီး ကျနော်တို့ကလည်း နေ့စဉ် ထိုသို့သာ လုပ်နေကြ၏။ သတ်မှတ်ထားသည့် သင်ခန်းစာတွေ ပြီးသဖြင့် ဆရာမကလည်း (၄) နာရီ (၁၅) မိနစ်၊ မိနစ် (၂၀) လောက်နေလျှင် ကျနော်တို့ကို ကျူရှင် ဆင်းပေးလေ့ ရှိ၏။
ကျူရှင်ဆင်းလျှင် သိတဲ့ အတိုင်း ဘယ်သူမှ အိမ်ချက်ချင်း မပြန်ပေ။ game ဆိုင်သို့ ချီတက်ကြ၏။ နေ့လည်က မုန့်မစားပဲ စုထားသော မုန့်ဖိုးများကို စုပေါင်းကြပြီး game ဆိုင်သို့ ဆက်ကြေး မှန်မှန် သွားသွားပေးတော့၏။ ထိုစဉ်က မုန့်စားရ ရေးထက် မိမိလက်ထဲ PS1 game ခလုတ်လေး ကိုင်ထားနိုင်ခွင့် ရရေးက ကျနော်တို့ အတွက် ပိုပြီး အရေးကြီးလို့နေတော့၏။
ဆက်ပါဦးမည်
Don Jaun
MSC 31
Game တော်တော်ဝါသနာပါတာပဲကိုး
ဟီး နည်းနည်းပါဗျ။ အရိုက်ခံရရုံ လောက်လေးပါ 😁
မိုက်ဟ အာ့တေ မဆော့ဖူးခဲ့ဘူး😊
အင်း ဆော့ကြည့်ခဲ့ရမှာ
ကျွန်တော်တော့ game ဆော့တာ အချိန်ဖြုန်း သက်သက်ပဲဟု
ထင်မြင်ကာ တက္ကသိုလ် ကျောင်းသားဘဝက မဆော့ပဲ နေခဲ့ပါတယ်။ ဒါကြောင့် ခေတ်နည်းပညာ နည်းနည်းတာ့ အ သွားတာပေါ့။
အချိန်ဖြုန်းတာလည်း ဟုတ်တော့ ဟုတ်ပါတယ်။ ဒါကြောင့် ကျနော်တို့က အားချိန်လေးပဲ ရွေးဆော့တာ။
ခုကော ဆော့သေးတယ်လားဆာဒွန်
တခါတရံတော့ မျက်စောင်းထိုးမိပါရဲ့
ဂိမ်း ခရေဇီပေါ့။ယခုကော ဆော့သေးလားကိုဒွန်။
ခုတော့ သိပ် မဆော့ဖြစ်တော့ဘူးဗျ
ကျနော်ကတော့ p2 ခေတ်ကစမှီတာဘဲ 😁
ဝိုး ...
ဂြိုလ်သားစကားတွေလားဗျာ... 😄😄
အဟီး
တကယ့်Ganerကြီးဆိုတာသိလိုက်ရပြီ
ကိုယ်တွေလည်း ကျောင်ဆင်းချိန်ဆို အပြေးပဲ Game ဆိုင်ပြေးတော့တာ မှတ်မိသေးတယ် 😁😁
game တွေကလည်း တော်တော်လေး စိတ်ဝင်စားစရာတွေဖြစ်ခဲ့ တာပါ။ဒါပေမယ့် အစ်ကိုကတော့ game ဝါသနာအိုးဖြစ်မယ်ထင်တယ်။