ပညာနှင့် ဘဝရပ်တည်မှု

in #myanmar6 years ago

ပညာနှင့် ဘဝရပ်တည်မှု

image
ပညာရေးနဲ့ပတ်သတ်လို့ ကျွန်တော်တို့ ခလေးဘ၀ကတည်းက မူကြိုက စလို့ ကျောင်းဆိုတာတက်ခဲ့ရတယ် အဲဒီအချိန် ပညာရေးဆိုတာလည်းဘာမှမသိနားမလည်သေးတဲ့အချိန်ပေါ့ အမေက ဇွတ်လိုက်ပို့လို့ ငိုယိုပြီးတက်ခဲ့ရဖူးတယ်။ နည်းနည်းလေးကြီးလာတော့ အဖြူအစိမ်းလေးဝတ်လို့ သူငယ်တန်းဆိုတာစတက်ရတယ် အမေက ပြောတယ် ပညာတတ်ကြီးဖြစ်မှ ဆရာဝန်ကြီး၊ စစ်ဗိုလ်ကြီး၊ အင်ဂျင်နီယာဆိုတာကြီးဖြစ်မယ်လို့ ပြောခဲ့တယ်။ နေမကောင်းတဲ့အချိန် အကျီ င်္အဖြူကြီးနဲ့ ဆေးထိုးတဲ့ အန်တီကြီးကို သိပ်မုန်းတာပဲ အမေက ပြောခဲ့တယ် သား အဲဒါဆရာဝန်ကြီး သားကြီးလာရင်သူ့လိုဖြစ်အောင်လုပ်ရမယ်လို့ နားထဲမှာစွဲနေအောင်ရိုက်သွင်းတာ ခံခဲ့ရဖူးတယ်။ လေးတန်းကျောင်းသားလောက်အထိ ကြီးလာရင် ဘာလုပ်မှာလဲ မေးရင် ဆရာဝန်ကြီးလုပ်မှာ၊ အင်ဂျင်နီယာကြီးလုပ်မှာ၊ စစ်ဗိုလ်ကြီးလုပ်မှာ လို့ တစ်လှည့်ဆီ ဖြေခဲ့ဖူးတယ် အဲလိုဖြေမှပဲကြိုက်ကြတာကို မဟုတ်ဘူးလား။ ကြီးလာရင် မိန်းမယူမှာလားဆိုရင် မယူဘူး လူပျိုကြီးလုပ်မှာ အမေ့ကို ရှာကြွေးမှာလို့ ဖြေခဲ့တယ်။
image
တစ်ဖြည်းဖြည်းနဲ့ ကျွန်တော်တက်ခဲ့တဲ့ အ.မ.က ကျောင်းလေးမှာ သူငယ်ချင်းတွေလျော့လာကြတယ်၊ ကျောင်းတက်နေရင်းနဲ့ သူတို့မိဘတွေက အလုပ်လုပ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းထုတ်သွားတာလည်း တွေ့ခဲ့ရတယ်။ ကျွန်တော်ကတော့ ကျောင်းမှာ စာကြိုးစားပြရပါတယ် Report Card မှာ အဆင့် 1 to 3 မရရင် အဖေက ရိုက်လို့ပါ။ Report Card မှာ အဆင့်ကောင်းဖို့ထက် အဖေမရိုက်အောင် ကျွန်တော်စာကြိုးစားခဲ့ရတယ်။ထူးချွန်စာမေးပွဲမှာ ပထမရဖို့ ကျွန်တော် မနက်အစောကြီးတွေ စောင်လေးခြုံပြီး တစ်ရက်ကို ၅၀ တန် ဘတ္ထရီအိုးလေး ငှားလို့ကြက်တူရွေးလို စာကျက်ခဲ့ရတယ်။ ဆုပေးပွဲမှာ ပထမရတော့ အဖေ့အပြုံးတွေ ကို မှတ်မိနေပါသေးတယ်။ ကျောင်းသွားမယ်ဆိုတာနဲ့ ကြိုးပြတ်လုမတတ်ဖြစ်အောင် ဖောင်းကားနေတဲ့ လွယ်အိပ်ထဲစာအုပ်တွေ ဆန့်အောင်သွပ်ပြီး နေ့တိုင်းလွယ်ကာ ကျောင်းသွားခဲ့ရတယ် လေးတယ်ဆိုတာသိပေမယ့် စာအုပ်မစုံရင် ဆရာမ ရိုက်မှာစိုးလို့ပါ။ ကလေးတစ်ယောက်အတွက် ငယ်ရွယ်စဉ်မှာ လေးလံတဲ့ လွယ်အိပ်တွေဟာ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အနည်းနဲ့အများ ထိခိုက်စေတယ်ဆိုတာ မသိခဲ့ပါဘူး။
image
အတန်းကြီးလာတာနဲ့အမျှ ကြီးလာရင်ဘာလုပ်မှာလဲဆိုတဲ့ မေးခွန်းတွေရဲ့အဖြေမှာ ဆရာဝန်ကြီးဆိုတာ မရှိတော့ဘူး Report Card တွေမှာလည်း အဆင့်က 1 to 10 ဒါပေမယ့် နောက်ဆုံးက စရေရတဲ့အခြေအနေဖြစ်လာပြီ။ ထိုးရတာလွယ်တဲ့ အဖေ့လက်မှတ်လည်း ကိုယ်တိုင်ထိုးတတ်နေပြီလေ။ ၁၀ တန်းကျောင်းသားကြီးဖြစ်တဲ့အချိန်မှာ စာမေးပွဲအောင်ရင် ဘာလုပ်မှာလဲမေးရင် ဖြေခဲ့တယ် ကျွန်တော် ၁၀ တန်းအောင်ရင် DSA ဖြေမယ်လို့။ အိမ်ကိုပြောခဲ့တယ် ယောင်္ကျားလေးဆိုတာ အမှတ်ကောင်းဖို့မလိုဘူး အောင်တာနဲ့ ဗိုလ်လောင်းသင်တန်းတက်လို့ရတယ် ပြောခဲ့ဖူးတယ်။ ဒီလိုနဲ့ ဆယ်တန်းကို ပွတ်ခါသီခါလေး အောင်ခဲ့ပါတော့တယ် ။ အောင်တဲ့အချိန် မှန်းထားသလို ဗိုလ်လောင်းသင်တန်းလည်း မတက်ဖြစ်လိုက်ရပါဘူး ။ နောက်ဆုံးတော့ ရိုးရိုးမေဂျာလေးနဲ့ပဲ ကျေနပ်လိုက်ရတယ် အခုတော့ ဘဏ်ဝန်ထမ်းပေါ့။ ကိုယ်ငယ်ငယ်က ခေါင်းထဲမှာစွဲနေခဲ့တဲ့ ရည်ရွယ်ချက်တွေ အိမ်မက်တွေဆိုတာကလည်း ကာလဒေသပေါ်မူတည်ပြီး အချိန်နှင့်အမျှ ပြောင်းလဲတတ်တယ်ဆိုတာ နားလည်လာတယ်။ ဆရာတင်လှိုင်ဦးပြောခဲ့သလို ကိုယ်ရောက်တဲ့နေရာမှာ ကိုယ်တတ်ထားတဲ့ပညာကို အကောင်းဆုံးအသုံးချပြီး ရပ်တည်ဖို့ပဲလိုတယ်ဆိုတာ သိလာရတယ်။ တစ်ခါတစ်လေ ကျွန်တော်တွေးမိဖူးတယ် တစ်ချို့တစ်ချို့သော သူငယ်ချင်းများက ကျွန်တော်စာမေးပွဲကျတဲ့အချိန်မှာ လစာကောင်းတဲ့အလုပ်တွေရလို့ ပျော်ပြီး ပြုစုတဲ့အချိန် သူတို့ကိုကြည့်ပြီးတော့ ငါတော့ နောက်ကျပါပြီ သူတို့ကတော့ ငါ့ထက်အများကြီးသာသွားပါပြီ လို့ တွေးမိပြီး ၀မ်းနည်းခဲ့ဖူးတယ်။ ခုထက်ထိလည်း ကိုယ့်ထက်သူတို့က ရာထူး၊ လစာ အများကြီးကောင်းပါတယ် ဒါပေမယ့် ဘ၀ရပ်တည်မှုမှာကျတော့ သူတို့က ကျွန်တော့်ကို အားကျနေရတဲ့အချိန်ဖြစ်နေခဲ့ပြီ ။သူတို့ လစာထုတ်တဲ့အချိန်အကြွေးများစွာနဲ့ လုံးပမ်းနေရတဲ့အချိန်မှာ ကျွန်တော်ကတော့ ငွေရေးကြေးရေးကိစ္စများကို ပေါ့ပါးစွာပဲ ဖြေရှင်းတယ်။ သူတို့ ရပ်တည်မှုနေရာလေး ပျောက်မသွားအောင် ရုန်းကန်နေရတဲ့အချိန်မှာ နောင်ရေးအတွက် ကြိုတင်စဉ်းစားရင်း ပျော်စရာကောင်းတဲ့ မိသားစုလေးတစ်ခု ဖန်တီးနေချိန်ရခဲ့ပြီ။ တစ်ချိန်တုန်းက ကျွန်တော် အလုပ်ရတဲ့အချိန်မှာ နေပူထဲမှာ Marketing ဆင်းနေရတဲ့ သူငယ်ချင်းတွေကြည့်ပြီးတော့ သနားခဲ့ဖူးတယ် လစာလေး သောင်းဂဏန်းနဲ့ဒီလောက် လုပ်ရတယ်ဆိုပြီးတော့။ အခုအချိန် သူတို့လစာထုတ်တဲ့အချိန် ကျွန်တော့ထက် လစာ နှစ်ဆလောက်ရတဲ့အချိန် မှာ အံ့သြရင်း ကိုယ့်ကိုကိုယ်ပြန်တွေးမိတဲ့အခါ ရှက်မိပြန်ရော။
image
ဒါကြောင့် ငယ်စဉ်က အရိုးစွဲနေခဲ့တဲ့ ပညာရေးဟာ ကိုယ်ရောက်နေတဲ့နေရာမှာ ကိုယ်အသုံးချတတ်တဲ့အပေါ် မူတည်ပြီး အကျိုးသက်ရောက်မှုရှိတယ် ဆိုတာ နားလည်ခဲ့ရပါတယ်။ တစ်ချို့ရှိတယ် ၁၀ တန်းမအောင်ဘူး၊ ဘွဲ့မရခဲ့ဘူး ပုံမှန် အောက်ခြေလူတန်းစားလုပ်တဲ့ အလုပ်မျိုးပဲလုပ်တတ်တယ် ဒါပေမယ့် တစ်လကို ၀င်ငွေ သိန်း(၃၀)အထက်မှာရှိတယ်။ ဘာလို့လဲ သူ နိုင်ငံခြားထွက်သွားတယ် သူတတ်တဲ့အသက်မွေးဝမ်းကြောင်းနဲ့ ရောက်နေတဲ့နေရာ အဆင်ပြေအောင် ချိန်ဆတတ်တယ် ဒါပေမယ့် ပေးဆပ်မှုကတော့ နေရာတိုင်းမှာရှိနေတာတော့ မဆန်းပါဘူး ကိုယ့်အတွက်အဆင်ပြေမယ့်နေရာလေး ရှာတတ်ဖို့တော့လိုတာပေါ့နော်။ ငယ်စဉ်ကအရိုးစွဲခဲ့တဲ့ ပညာရေးဟာ ကိုယ်မှန်းထားသလို ဖြစ်ချင်မှလည်းဖြစ်လာလိမ့်မယ် ဒါပေမယ့်လည်း အခွင့်ရေးတွေများစွာ ကတော့ မြင်အောင်ကြည့်တတ်မယ်ဆိုရင် ဘေးမှာရှိနေတာကို တွေ့ရမှာပါ။ ကျွန်တော်တို့လူဆိုတာကတော့ ရှင်သန်နေရတဲ့အချိန်လေးမှာ အမြဲရုန်းကန်နေရတာပဲမဟုတ်လားဗျာ ဒါကြောင့် ကိုယ့်ဘေးနားမှာရှိတဲ့ အခွင့်အရေးတွေကို အပြည့်အ၀ဆုပ်ကိုင်ပြီး ကိုယ်တတ်ထားတဲ့ပညာနဲ့ ပိုကောင်းတဲ့ဘ၀တွေ တည်ဆောက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ ။ အားလုံးကို အထူးကျေးဇူးတင်ပါတယ် ။
Photos credit ; google
Author by
@htinyarsai (2:20 pm)
MSC - 203

Sort:  

လူ့ဘဝမှာ ပညာ​ရေးက ၊​နေရာတစ်​ခုမှာပါဝင်​​နေတယ်​အစ်​ကို​ရေ good

ဘယ်လိုပညာပဲဖြစ်ဖြစ် အသုံးတည့်အောင် အသုံးချနိုင်ရင် အကျိုးရှိပါတယ် ဗျာ

ဘယ်ဘဏ် ဘယ်ဘဏ်ခွဲကလည်းဗျ ကိုစိုးမိုး ကြာပြီလား လုပ်နေတာ

CB (Meikhtila )မှာပါ လက်ရှိပေါ့ စ၀င်တာကတော့ 2013 ကဗျ

ကြာပြီပဲ ကျွန်တော်က KBZ ကျောက်တံတားနဲ့လမ်းမတော် ၈လမ်းမှာ လုပ်ဖူးတယ် 2013-2014 ပဲ

ရုန်းမထွက်နိုင်သေးဘူးဆိုပါတော့ဗျာ

ရေရှည်လုပ်နိုင်ရင် ကောင်းပါတယ်

တစ်သက်လုံးဝန်ထမ်းတော့ မလုပ်ချင်ဘူးဗျ ရုန်းထွက်ဦးမယ်

ကျွန်တော်လည်း KBZ မှာ လုပ်ဖူးတယ်။ ဝန်ထမ်းတော့ဟုတ်ဘူး ဘဏ်ရှေ့ကယ်ရီဆွဲတာ😁😁😁

ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေပေါ့ ဟဲ ဟဲ

အဆင်ပြေတာပေါ့ Working together

အဆုံးထိဖတ်မှဘဲ သဘောပေါက်သွားတယ့် hee hee

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 66021.84
ETH 2981.36
USDT 1.00
SBD 3.70