ကျွန်တော်သိသော I2wan ( Henry Aung )

in #myanmar6 years ago

henry Aung.jpg

အချိန်ကာ ၁၉၆၀ ကျော်ကာလဝန်းကျင် တောင်နှင့် မြောက်ကိုးရီးယား စစ်ပွဲ ဖြစ်ပွားပြီးနောက် တောင်ကိုးရီယားတို့ နိုင်ငံ ပြန်လည် ထူထောင်ရေးကာလ အတွက် အားတွန်ခွန်စိုက်ကြိုးပမ်း နေကြချိန် ။ အရာရာ ရှားပါးပြီ ချွတ်ချုံ ကျနေချိန် ဖြစ်၍ စာရိတ္တများ ပျက်စီးနေကြချိန်။ တခုသော မိုးရာသီ တည မိဘမဲ့ ကလေးကျောင်း ကို အုပ်ချုပ်နေရသော Sister Mary Grandnol ( မေရီ ဂရန်းနောလ် ) နံနက် ၂ နာရီ ထိ သည် အထိ မအိပ်နိုင်သေးပါ။

အကြောင်းမှာ တနေ့ထက် တနေ့ ပိုပို များလာနေသော မိဘမဲ့ ခလေးများ ၊ ဘုရားကျောင်း ရှေ့တွင် လာရောက်စွန့်ပစ်ထားသော မွေးကင်းစခလေးများ ၏ ရှေ့ရေး အတွက် တွေးတော နေမိသော ကြောင့် အိပ်မပျော်နိုင် ဖြစ်နေရသည်။ ရုတ်တရက် ကျောင်းဝင်း အတွင်းမှ ခွေးဟောင်သံကြား လိုက်သောကြောင့် ပြတင်းပေါက်မှ အပြင် ဘက်ကို လှမ်းကြည့်လိုက်သည်။ မိုး ရွာနေသေးသော်လည်း ဖွဲဖွဲလေးသာ ကျနေသည်။

ရုတ်တရက် ဘုရားကျောင်း လမ်းမပေါ်သို့ ကြည့်လိုက်သောအခါ ခြင်းတောင်းလေးတခု ။ ထိုခြင်းတောင်းလေးအား ထီးစုတ်လေး တခုမိုးထားပေးသည်။ Sister Grandnol သိလိုက်ပါပြီ။ ဒီတည အတွက် သူမကောက်ယူ မွေးစား ရမည် ဖြစ်သော တတိယမြောက် မွေးကင်းစခလေးလေး တယောက် ။ Sister Grandnol ထိုခလေးလေးအား ပွေ့ချီရန်ပြင်လိုက်သော အခါ ခလေးလေးမှ တခစ်ခစ်နှင့် ရယ်မောနေပါတော့သည်။

ထိုကလေးလေး ပါးတွင် အနီရောင် အမှတ်အသားရှိ၍ ခလေးလေး ၏ လက်ထဲတွင် လော့ကသီးလေးတခု ကိုင်ထားပါသည်။ Sister Grandol ထိုလော့ကသီးလေးအား ဖွင့်ကြည့် လိုက်သော အခါ အမေရိကန် စစ်သားတဦး၏ ပုံကို တွေ့ရပါတော့သည်။ ဘာပဲ ဖြစ်ဖြစ် Sister Grandnol ၏ ရင်ထဲတွင်တော့ ဘုရားပေးသော သားသမီးတယောက် ရပြန်ပြီ ဟု သာမှတ်ထားလိုက်ပါတော့သည်။

001.jpg

I2wan နှင့် ကျွန်တော် စတင်သိကျွမ်းခွင့်ရခဲ့သော နေရာမှာ သူ၏ သင်တန်းကျောင်းတွင် ဖြစ်ပါသည်။ ထိုအချိန်က ကျွန်တော် သင်္ဘောကျင်းတွင် Supervisor ဖြစ်ကာစဖြစ်၍ သူသင်ကြားနေသော Effective Supervisory Skill သင်တန်းအား တက်ရောက်နေသော အချိန်ဖြစ်ပါသည်။

ကျွန်တော် ယခင်က ဖေါ်ပြပြီး ဖြစ်သည့် အတိုင်း ထိုသင်တန်းမှာ မေးခွန်း မေးရင် လက်တွေ့လုပ်ရင်း သင်ကြားရသော သင်တန်း ဖြစ်၍ ကျွန်တော့ အနေဖြင့် အလွန်အမေးအမြန်းထူလွန်းသောကြောင့် သူနှင့် သိကျွမ်းခဲ့ရခြင်း ဖြစ်ပါသည်။ အမှန်မှာ သင်တန်းတွင် သင်ကြားခဲ့ရသော သင်ခန်းစာ အကြောင်း ကြောင့် မဟုတ်ပဲ ထိုအချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည် နှင့်ပါတ်သက်ပြီး မြန်မာနိုင်ငံရေး ကြောင်း ဆွေးနွေးငြင်းခုံကြရင်း သူနှင့် ပိုမို ရင်းနှီးသွားခဲ့ရခြင်း ဖြစ်ပါသည်။

( သူနှင့် ဆွေးနွေးငြင်းခုံခဲ့ကြသော မြန်မာနိုင်ငံရေး အကြောင်းများအား နှောင်အလျင်သင့်လျင် ဖေါ်ပြပေးပါမည်။ ) အချိန်ရတိုင်း ကျွန်တော့ အခက်အခဲများအား သူနှင့် တိုင်ပင် ရင်း တစစ ပိုမို ရင်းနှီးသွားခဲ့ရခြင်း လည်း ဖြစ်နိုင်ပါသည်။ သူနှင့် အတော်အတန် ရင်းနှီး လာသော အခါ သူ့အကြောင်း တစွန်းတစအား ကျွန်တော်မေးမိပါသည်။

အဓိကအားဖြင့် သူအဘယ့်ကြောင့် အိမ်ထောင်မပြုရခြင်း အကြောင်း များ ထို့ နောက် သူ၏ ဘဝ အကြောင်းများ။ ကျွန်တော်နှင့် တွေ့သော အချိန်တွင် I2wan မှာ အသက် ၄၀ ကျော် ခန့်ရှိပြီ ဖြစ်၍ အိမ်ထောင်မရှိသော အပျိုကြီး ဖြစ်ပါသည်။ အချော အလှ ကြီးသော အမျိုးသမီး မဟုတ်သော်လည်း အမျိုးသမီးတိုင်း၏ ရှိသင့် ရှိထိုက်သော အလှ ရှိသူ အမျိုးသမီး တယောက်ဖြစ်ပါသည်။

002.png

သူပြောပြသော သူ့ဘဝအကြောင်းတွင် သူအိမ်ထောင် မပြုရခြင်း အကြောင်း အရင်းမှာ သူ၏ တသက်သာလုံး အလုပ်လုပ်ရင်း သူ့မိဘဖြစ်သူများအားရှာဖွေနေခဲ့ခြင်း ဖြစ်ပါသည်။ ဤ သို့ အလုပ်လုပ်ရင်း ပညာသင်ရင်းဖြင့် နိုင်ငံတော်တော်များများသို့လည်း ရောက်ဘူးကြောင်း သိရပါသည်။

မြန်မာနိုင်ငံ အပါအဝင် အာဖရိက ကင်ညာနိုင်ငံ အထိ ရောက်ဘူးကြောင်းလည်းပြောပြပါသည်။ အတိုချုပ်ပြောရလျင် သူရှာဖွေနေသော သူ့မိဘများ တွင် ဖခင်ဖြစ်သူ အမေရိကန်စစ်သားအား ရှာဖွေတွေ့ရှိခဲ့ပါသည်။ သို့သော် အုတ်ဂူ တခုအဖြစ်သာ။ မိခင်ကိုတော့ မည်သို့မျှ ရှာဖွေ တွေ့နိုင်တော့မည်မဟုတ်ကြောင်း ပြောပြခဲ့ပါသည်။

ကျွန်တော့ အနေဖြင့် သူ့အား မည်သို့ နှစ်သိမ့်ရမည်မှန်း မသိခဲ့ပါ။ မိဘများနှင့် ပါတ်သက်၍ သူပြောပြခဲ့ သင်ပြပေးခဲ့သော အကြောင်းအရာအချို့အား ဝေမျှပေးလိုပါသည်။ သူပြောပြခဲ့သည်မှာ ကျွန်တော်ကဲ့သို့ မိစုံဖစုံ ရှိသေးသူများသည် အလွန်ကံကောင်းသူများ ဖြစ်ကြောင်း မိမိတို့ ကိုးကွယ်နေသော ဘုရားအား သက်ရှိထင်ရှား မြင်နေရသူများဖြစ်ကြောင်း ပြောပြပါသည်။

ထို့နောက်သူသင်ပေးသည်မှာ မိမိဘဝ အောင်မြင်ရေးတွင် မိဘမေတ္တာ သည် အလွန်အရေးကြီးကြောင်း နှင့် မိမိ ၏ နေ့စဉ် အသက်တာတွင် မိဘအား ရှိခိုးဦးချ၍ မိမိပြုလုပ်သော အလုပ်များအား မိဘများအား အသိပေးသူသည် မည်သို့သော အခက်အခဲ တွေ့စေအုံးတော့ မိဘမေတ္တာ အစွမ်းကြောင့် အကူအညီပေးမည့်သူများ ရောက်လာကြလိမ့်ဖြစ်ကြောင်း ပြောပြသင်ပြပေးပါသည်။

" Henry အနေနဲ့ ခရီးသွားရင် ဖြစ်စေ ဒါမှမဟုတ် မြို့ထဲသွားလို့ သူငယ်ချင်းများနှင့် လျှောက်လည် ကြသည် ဖြစ်စေ အိမ်ပြင်ထွက်မယ်ဆိုလျင် Henry ရဲ့ မိဘတွေကို အသိပေးသွားပါ။ အဲဒီခရီးလမ်းမှာ ဘယ်လိုဒုက္ခမျိုးမှ မတွေ့နိုင်ဘူး။ ဒုက္ခတွေ့တယ် ဆိုရင်တောင် Henry ကို ကူညီမဲ့သူနဲ့ တနည်းမဟုတ်တနည်း တွေ့လိမ့်မယ်" ။

003.jpg

ဤအကျင့် မှာ လက်ရှိကျွန်တော် မိဘများနှင့် ဝေးသော နေရာသို့ ရောက်နေသည့်တိုင် ဆက်လက်ကျင့်သုံးပါသည်။ မိမိ အပြင်ထွက်မည် ဆိုလျင် အတူနေသော အစ်မဖြစ်သူအား ဘယ်သွားမည် ဘယ်လာမည် ဖြစ်ကြောင်း အသိပေးသွားပါသည်။ အဆိုးဆုံး ကျွန်တော် သူငယ်ချင်း များ ဖြင့် ကလပ်တွင် သောက်စားနေလျင်တောင် အစ်မဖြစ်သူအား ကျွန်တော် ဘယ်ကလပ်တွင် ရောက်နေကြောင်း ဘယ်အချိန် အိမ်ပြန်လာမည် ဖြစ်ကြောင်း အစ်မဖြစ်သူအား ဖုန်းဆက်၍ အကြောင်းကြားပါသည်။

ထို့အပြင် ကျွန်တော် မည်မျှ မူးနေသည် ဖြစ်စေ မူးလွန်း၍ ဒူးထောက် ဆုတောင်း နိုင်သော အခြေအနေမရှိလျင်တောင် ပက်လက်လှဲ၍ လက်အုပ်ချီပြီး မိဘများအား အောက့်မေ့၍ အိပ်ပါသည်။ ဤ အကြောင်းနှင့် ပါတ်သက်ပြီး ကျွန်တော် အလုပ်သမား အဆောင်တွင် နေစဉ်က အတူနေ သူငယ်ချင်းများက ကျွန်တော့အား မေးဘူးပါသည်။

" ကချင် ၊ နင့်ဟာက ဘာတုန်းကွ အိပ်ရာဝင်ဆုတောင်းတော့ ခရစ်ယန်လို ဆုတောင်းတယ် ပြီးတော့ မြန်မာလို ဦးသုံးကြိမ် ချတယ် ၊ ဘာလဲကွ နင့်ဥစ္စာ" ။ ဆုတောင်းခြင်းမှာ ခရစ်ယန် ဘာသာဝင်ဖြစ်သဖြင့် ဝတ္တရားမပျက် ဆုမွန်ကောင်း တောင်းခြင်း တနေ့တာကုန်ဆုံးခြင်း အတွက်ဘုရားအား ကျေးဇူးတင်ခြင်းသာ ဖြစ်၍ ဦးသုံးကြိမ် ချခြင်း မှာ ကျွန်တော့မိဘများအား အောက်မေ့၍ မိဘကျေးဇူးအား ဂါရဝပြုခြင်း ဖြစ်ပါသည်။ နည်းလမ်း မှန်မမှန်ကျွန်တော်မသိပါ။ သို့သော် I2wan ပြောသကဲ့သို့ ယနေ့အချိန်ထိ ကျွန်တော့ အတွက် ဖြေရှင်း၍ မရနိုင်အောင် ဒုက္ခတွေ့သည် ဟူ၍ မရှိခဲ့ပါ။

004.jpg

I2wan သင်ပြပေးသော အခြားအကြောင်းအရာတခုမှာ အမျိုးသမီး များနှင့် ပါတ်သက်၍ ဖြစ်သည်။ အမျိုးသမီးများအား လေးစားရန် နှင့် မည်သို့သော အကြောင်းကြောင့် ဖြစ်စေအမျိုးသမီးများအား အနိုင်မယူ ရန် သင်ပြပေးပါသည်။ အဆိုးဆုံး မိမိချစ်သူ မိန်းခလေးဖြင့် အခြေအနေအမျိုးမျိုး ကြောင့် လမ်းခွဲရလျင် ပင် တဖက်မိန်းခလေးအား နာကျင်စေသော ထိခိုက်နစ်နာစေသော လမ်းခွဲမှုမျိုး မဖြစ်စေရန် သင်ပြပေးခဲ့ပါသည်။

သူပြောပြသည့် အတိုင်း ပြန်ရေးပြရလျင် “ Henry အနေနဲ့ အညှိုးအတေးကြီးတဲ့ မိန်းမတယောက်နဲ့ ရန်သူ ဖြစ်ရပြီဆိုလျင် တဘဝစာအတွက် လုံလောက်တဲ့ ဒုက္ခ ရသွားပြီလို့သာ အောက်မေ့ပါ" ဟူ၍ ဖြစ်ပါသည်။ ဤသို့ ဖြင့် ကျွန်တော့အား ဘဝနေနည်း များ ၊ မေတ္တာ တရားများ ၊ အောင်မြင်ရေးများ သင်ပြပေးခဲ့သော I2wan ဟူသော အမျိုးသမီးမှာ မိဘမဲ့သူတယောက်ဖြစ်၍ အလွန်အံ့သြစရာ ကောင်းသည်မှာ ခရစ်ယန် မိဘမဲ့ ဂေဟာမှ ကြီးပြင်းလာသူ တယောက် ဖြစ်သော်လည်း ခရစ်ယန်ဘာသာဝင်တယောက် မဖြစ်ခဲ့ပါ။

Free thinker ဟုခေါ်သော ဘာသာမဲ့ သူအဖြစ်သာ အသက်ရှင် နေထိုင်သူဖြစ်ပါသည်။ သို့သော် လူသားတို့ စံထားထိုက်သော လောကနိတိတရားများအား လိုက်နာနေထိုင်ရင်း လူ့လောကကို အကျိုးပြုချင်နေသူသာဖြစ်ပါသည်။ သူပြောပြခဲ့သော ဝမ်းနည်းစရာ စကားတခုမှာ " Henry ငါလူ့လောက ထဲကို ရောက်လာတာ အဖေဘယ်သူမှန်း မသိ ၊ အမေဘယ်သူမှန်းမသိ ဆွေမျိုးသားချင်း ဘယ်သူမှန်းမသိ တိတ်တိတ်လေး ရောက်လာခဲ့သလို ငါပြန်ထွက်သွားရင်လည်း တိတ်တိတ်လေး ပဲ ပြန်ထွက်သွားချင်တယ် " ဟူသော စကား ဖြစ်ပါသည်။

005.jpg

ကျွန်တော့ဘဝတွင် ပြန်တွေးမိတိုင်း ကျွန်တော့အား နောင်တရစေသော အကြောင်း အရာ ၂ ခုရှိပါသည်။ အခြားတခုအား မဖေါ်ပြလိုသော်လည်း ကျွန်တော် I2wan နှင့် အတူရှိနေချိန်များတွင် သူ၏ email လိပ်စာအား မတောင်းထာမိခြင်း မှာ ပြန်တွေးမိတိုင်း ကျွန်တော့အား အလွန်ဝမ်းနည်းစေပါသည်။

သူပြောခဲ့သည့် အတိုင်း I2wan မှာ ကျွန်တော့ ဘဝထဲမှ တိတ်တိတ်လေးသာ ပြန်ထွက်သွားခဲ့ပါသည်။ ယခုအချိန်ထိ သူ ကိုးရီးယာ နိုင်ငံတွင် ရှိနေရင်း လူသားဆန်စွာ နေထိုင်နေမည်ဟုအောက်မေ့မိပါတော့သည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : Original source
Author : Henry Aung ( Kachin )
MSC : 001

Sort:  

ဖတ်လို့အရသာအရှိဆုံးစာတပုဒ်ဖြစ်နေတယ်..
မြှောက်ပြောခြင်း.လုံးဝမဟုတ်ပါ။
ယူတတ်ရင်ရမဲ့..အသိတွေအမျာကြီးပါတယ်..မြင်တတ်ဖို့တော့လိုတယ်။လူသားတစ်ဦးရဲ့Respectဆိုသောစကားလုံးရဲ့အနှစ်သာရကိုပြည့်ပြည့်ဝဝနားလည်ပီး.ကျင့်သုံးမူ့သွားမူ့ကိုမြင်တွေ့လိုက်ရပါတယ်..မျှဝေခြင်းကိုလုပ်ဆောင်သွားတာကိုလည်း.လေးစားစွာမြင်လိုက်ရပါတယ်။
နိုင်ငံခြားသားတစ်ယောက်ရဲ့အမေစုအပေါ်အမြင်ကိုလည်း.အရမ်းဖတ်ချင်ပါတယ်။အန်တီ.သိလိုက်တာက..
ဒီစာစုကိုဖတ်ပီး..ဟင်နရီဆိုတာ.ဒါကြောင့်.ဟင်နရီဖြစ်နေတာပါလားဆိုတာပါဘဲ...။လေးစားပါတယ်..သား။

ဟုတ်အန်တီ... ကျွန်တော်လည်း သူနဲ့ ဆွေးနွေးခဲ့တဲ့ မြန်မာနိုင်ငံရေး အကြောင်း ရေးချင်ပါတယ်။ အဲဒီလို ပြောသမျှ ဆွေးနွေးခဲ့သမျှ ချရေးလိုက်လျင်လည်း မြန်မာနိုင်ငံကို နှစ် ၃၀ လောက်အုပ်ချုပ်တော်မူသွားကြတဲ့ ကျေးဇူးရှင် ညာဏ်ကြီးရှင် တွေရဲ့ အကြောင်းတွေ ထွက်လာကြမှာမို့ ရေးရမှာ လက်တွန့်နေတာရယ်။

အဲဒါလည်းဟုတ်တာဘဲ..
ဒါပေမဲ့..အဖြစ်အပျက်အပေါ်..အမြင်တစ်ခုအနေနဲ့ရေးရင်တော့.ဖြစ်ပါတယ်..အဖြစ်အပျက်ရဲ့တရားခံကိုတော့
by name မတပ်နဲ့။မတပ်လည်း.
သိနေတာဘဲ..။အန်တီကလေ..စတီးမစ်မှာ.အဲဒါတွေရေးချင်တာ..စည်းကမ်းချက်ကရှိနေတော့.ခက်တယ်။ဒါတောင်မှ
ပါးပါးလေး.ရေးနေတာ။ကြာတော့..မျိုသိပ်ရတာ.ပင်ပန်းတယ်။

မည်သည့်ဘာသာဝင် ဖြစ်စေ မိဘကိုကား အလေးထား ကျေးဇူးသိ ဦးညွှတ် ဂါရဝပြုသင့်ဆုံး ဖြစ်ပါသည်။
အကျင့်ကောင်းရှိသူထံမှ အကျင့်ကောင်း လက်ဆင့်ကမ်းရရှိသော
သူသည်လည်း ကောင်းမြတ်ပါပေသည်။

ကျွန်တော်လည်း ဆက်လက်ဝေမျှနေပါသည်။

I2wan အကြောင်းက တကယ့်ကို စိတ်ဝင်စားစရာပါ။ သူ့ ဖြတ်သန်းမှု၊ တပါးသူ အပေါ် လမ်းကြောင်းပေးပုံလေးတွေက တကယ်ပဲ သိမှတ်ဖွယ် အတုယူဖွယ်ပါ။ ကိုဟင့်အတွက်တော့ ဆရာတယောက်လည်း ဖြစ်သလို မိတ်ဆွေ တယောက်လည်း ဖြစ်မယ် ထင်ပါ့။

တသက်မှာတခါ ကြုံရတဲ့ သင်ဆရာ၊ ကြားဆရာပေါ့ ကိုဒွန်။

တန်ဖိုးရှိသော မိတ်ဆွေ တစ်ဦး ပါလားဗျာ လောကဓံ ရိုက်ချက်တွေကို ကောင်းကောင်းခံထားရပုံ ပဲ စကားပြောပုံ ကြည့်ရတာလေ စိတ်ထဲမကောင်းလိုက်တာဗျာ
ဒုက္ခ ဒုက္ခ သတ္တဝါ တိုင်းဟာ ဒုက္ခ ပါလား

သူ့ဘဝ ဇါတ်ကြောင်း ကြားရတာ ဝမ်းနည်း စရာဖြစ်ပေမယ့် အဲဒီ အကြောင်းအရာတွေကနေ ခွန်အား အများကြီးရခဲ့ပါတယ်။

ဟုတ်ကဲ့

ဖတ်ရင်း ဖတ်ရင်းနဲ့ email address တောင်းမထားမိလိုက်ဖူးဆိုတဲ့နေရာလည်းရောက်ရော ရင်ထဲဟာခနဲဖြစ်သွားတယ်။

အဲဒါကြောင့် ကျွန်တော်လည်း ဝမ်းနည်းနေရတာ

အကြောင်းအရာဖေါ်ပြချက်ကလေးကကောင်းလိုက်တာကိုဟင်ရေ၊ ဇာတ်ညွှန်းရေးလို့ကောင်းပေါ့။

ကျွန်တော်လည်း စိတ်ကူးယျဉ် အချစ်စာပေ ၊ စိတ်ကူးယျဉ် ဘဝသရုပ်ဖေါ်တွေကြိုးစားရေးကြည့်တာ ဖြစ်မလာသေးဘူး။ အတွေးအား မကောင်းလို့နဲ့တူတယ်။ အခုထိ Realism ဆောင်းပါးတွေ ရေးတာပိုအားသန်းနေတယ်။

ကျွန်တော် မေတ္တာ ဂရုဏာတရားနှင့် ပတ်သက်ရင် ခရစ်စယာန်တွေကို လေးစားအားကျမိပါတယ်ဗျာ

ကိုထွေးပြောမှ မြန်မာပြည်ကို သာသနာပြုရင်း စောင့်ရှောက်သွားကြတဲ့ နိုင်ငံခြားသား ဘုန်ကြီး သီလရှင်တွေ အကြောင်း ရေးပြဖို့ သတိရမိတယ်။

အော် I2wan အကြောင်းသိရတာ စိတ်ထဲမကောင်းလိုက်တာ ကိုဟင်ရာ။ သူ့ဘ၀ကို မလျော့သောဇွဲနဲ့ မိဘပျောက်ရှာပုံတော်ဖွင့်ခဲ့တာ လေးစားစရာပါပဲဗျာ။

ဘဝမှာ အလိုချင်ဆုံးအရာက ကိုယ့်မှာ မရှိတဲ့ အရာတွေလေ ကိုရွှေ.... သူ့အဖေရဲ့ အုတ်ဂူကို တွေ့တဲ့ အခန်းလေး မြင်ယောင်ကြည့်ပါအုံး။

ငယ်ဘဝတွေမှာ လောကဓံခံရပြီး ကြီးပြင်းလာတဲ့သူတွေဟာ သာမာန်လူတွေထက် ပိုပြီး ရင့်ကျက်တဲ့ အတွေးအခေါ်ရှိတာ တွေ့ရတယ် ကိုဟင်နဲ့ ပြန်မတွေ့ကျတော့ဘူးပေါ့ စိတ်မကောင်းစရာ ကောင်းလိုက်တာ

ကိုးရီယားမှာရှိတဲ့ ကျွန်တော့သူငယ်ချင်းတွေကိုတော့ ရှာခိုင်းကြည့်တယ်။ ဒါပေမယ် တနိုင်းငံလုံး အတိုင်းအတာနဲ့ လူတယောက်ရှာဖို့ဆိုတာ အတော် မလွယ်တဲ့ အလုပ်ပါ။ သူက I2Wan လို့သာ ပြောခဲ့ပေမယ် သူ့နာမည် အရင်း ဟုတ်ချင်မှလည်း ဟုတ်မယ်လေ။

ကိုဟင်‌က မိတ်‌‌ဆွေ‌ကောင်းတစ်‌‌ယောက်‌နဲ့ ‌တွေ့ဆုံခွင့်‌ ရခဲ့တာပါ။အစ်‌ကိုတို့နှစ်‌‌ယောက်‌ တစ်‌‌နေ့ ပြန်‌ဆုံမယ်‌လို့ ထင်‌တယ်‌။ ပြန်‌ဆုံပါ‌စေလို့ ဆု‌တောင်းလိုက်‌ပါတယ်‌။

ကျေးဇူးအများကြီးတင်ပါတယ် ကိုမဟော်။ ကျွန်တော်လည်း မျော်လင့်ပါတယ်။

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60991.61
ETH 2921.47
USDT 1.00
SBD 3.56