ယနေ့ Hong Kong - အပိုင်း (၃ ) (Henry Aung )

in #myanmar4 years ago (edited)

henry Aung.jpg

မင်္ဂလာပါ။ ဟောင်ကောင်၏ ဆန္ဒပြပွဲများ အကြောင်းမဆက်မှီ တရုတ်နိုင်ငံ၏ ပထဝီနိုင်ငံရေး အနေအထားအား အနည်းငယ်လေ့လာကြည့်ကြပါစို့။ ဒုတိယ ကမ္ဘာစစ် ကြီး ဖြစ်ပွားပြီးနောက် တွင် ကမ္ဘာ့ နိုင်ငံ အသီးသီးတွင် ကွန်မြူနစ်ဝါဒ နှင့် ဒီမိုကရေစီ စနစ်တို့ အားပြိုင်ခဲ့ကြပါသည်။

အများသိပြီး ဖြစ်သည့်အတိုင်း တရုတ်ပြည်သည် ကွန်မြူနစ်ဝါဒအား ကျင့်သုံးသော်လည်း ထိုအချိန်က တရုတ်ဒီမိုကရေစီအင်အားစုများ ရှိခဲ့ပါသည်။ မော်စီတုန်း ခေါင်းဆောင်သော ကွန်မြူနစ် တပ်နီများ နှင့် ချန်ကေရှိတ်ခေါင်းဆောင်သော ( အမေရိကန် အထောက်အပံ့ခံ ) ကူမင်တန် တရုတ်ဖြူတို့ အားပြိုင်ခဲ့ကြပါသည်။

ဤအားပြိုင်မှုတွင် တရုတ်ဖြူတို့ ရှုံး နှိမ့်၍ တိုင်ဝမ်ကျွန်းသို့ ထွက်ပြေးသွားကြပါသည်။ တိုင်ဝမ်ကျွန်းတွင် အမေရိကန် ကျောထောက်နောက်ခံဖြင့် ယနေ့တိုင် တရုတ်ပြည်မကြီးအား ဆက်လက်အာခံလျက်ရှိနေပါသေးသည်။ ဆိုခဲ့သည့် အတိုင်း တရုတ်ပြည်၏ ပထဝီနိုင်ငံရေး အရ မဟာ အင်အားကြီး တရုတ်နိုင်ငံထူထောင်ရန် အရေးကြီးသော ပြဿနာ သုံးခု ဖြေရှင်းရန် ရှိနေပါသည်။

HK1.jpg

Original Source

ထိုပြသနာ များမှာ မကာအို ၊ တိုင်ဝမ် နှင့် ဟောင်ကောင် တို့အား တရုတ်နိုင်ငံ အတွင်းသို့ ထည့်သွင်းရန် ဟူသော ပြသနာဖြစ်ပါသည်။ မကာအို အနေဖြင့် တရုတ်ပိုင် ဖြစ်သွားခဲ့ပြီ ဖြစ်သော်လည်း ဟောင်ကောင်နှင့် တိုင်ဝမ် မှာ ပြသနာများစွာ ရှိပါသေးသည်။ ဟောင်ကောင် အနေဖြင့် ၂၀၄၇ တွင် တရုတ်ပြည်မကြီး လက်အောက်သို့ လုံးဝကျ ရောက်သွားတော့မည် ဖြစ်သော်လည်း တိုင်ဝမ်မှာ ထိုသို့ မဟုတ်ပါ။

ယနေ့တိုင် အမေရိကန်အား မဟာမိတ် ပြုထား၍ ပြည်မကြီးအား အာခံလျက်ရှိနေပါသေးသည်။ တရုတ်ပြည်မကြီးကလည်း တိုင်ဝမ် ကျွန်းသားတို့ ယနေ့ လွတ်လပ်ရေး ကြေညာလျင် ယနေ့ချက်ချင်းပင် စစ်ပြုမည်ဟု ခြိမ်းခြောက်ထားသလို အမေရိကန်ကလည်း သူ၏ မဟာမိတ်အား ထိလျင် တရုတ်ပြည်သည် စစ်မျက်နှာပြင် ဖြစ်သွားလိမ့်မည်ဟု ပြန်လည် တုံ့ပြန်ခဲ့ပါသည်။

ထို့ကြောင့် ယနေ့အချိန်ထိ တိုင်ဝမ်သည် လွတ်လပ်သော တိုင်းနိုင်ငံ တခုအဖြစ် မကြေညာနိုင်သေးပါ။ ထို့ အတူ တရုတ်တို့ကလည်း စစ်ရေး ၊ စီးပွားရေး များ အမေရိကန် နှင့် တန်းတူ ယျဉ်ပြိုင် နိုင်သည့် အချိန်ရောက်လျင် တိုင်ဝမ်အား စစ်ကြေညာမည်သာ ဖြစ်ပါသည်။ ဤသည်မှာ မဟာအင်အား ကြီး တရုတ်နိုင်ငံထူထောင်ရန် ကြံစည်နေသော တရုတ်တို့၏ ပထဝီနိုင်ငံရေး အနေအထား အား ဖေါ်ပြပေးရခြင်း ဖြစ်ပါသည်။ ဟောင်ကောင် ဆန္ဒပြပွဲများ အကြောင်း ဆက်ပါအုံးစို့။

HK2.jpg

Original Source

ယခင် ဆောင်းပါးတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်သည့် အတိုင်း ဟောင်ကောင် နိုင်ငံသား Chan Tong-kai မှာ တိုင်ဝမ်ကျွန်းတွင် လူသတ်မှုကျူးလွန် ခဲ့သော်လည်း ဟောင်ကောင်သို့ ပြန်လာခဲ့ပါသည်။ သူ တိုင်ဝမ်တွင် လူသတ်မှု ကျူးလွန်ခဲ့ကြောင်း ဟောင်ကောင် ရဲစခန်းတွင် လာရောက် အဖမ်းခံခဲ့ပါသည်။ ပြသနာက ဤတွင် စခြင်း ဖြစ်ပါသည်။

Chan Tong အား ဟောင်ကောင်ရဲတို့က အရေးယူ၍ မရပါ။ ဥပဒေအတိုင်း သွားရလျင် မှုခင်း ဖြစ်ပွားခဲ့ရာ တိုင်ဝမ် သို့ လွဲပြောင်းပေး၍ တိုင်ဝမ် ဥပဒေအတိုင်း ပြစ်ဒါဏ်ကျခံစေရမည် ဖြစ်ပါသည်။ သို့သော် ဟောင်ကောင်နှင့် တိုင်ဝမ်မှာ အကျဉ်းသား လွဲပြောင်းပေးရေး တရားဝင် သဘောတူညီထားခြင်း မရှိသလို ဟောင်ကောင် အခြေခံ ဥပဒေတွင်လည်း အကျဉ်းသား လွဲပြောင်းနိုင်သော ဥပဒေ ထည့်သွင်းထားခြင်း မရှိပါ။

ဤအချိန်တွင် ဟောင်ကောင် အုပ်ချုပ်ရေးမှုး Carrie Lam ( ကယ်ရီလမ် ) မှ ဥပဒေမူကြမ်း တခုအား အတည်ပြုရန် ဖြစ်လာပါသည်။ ထိုဥပဒေမူကြမ်းမှာ အကျဉ်းသားလွဲပြောင်းရေး ဥပဒေဖြစ်ပြီး ထိုဥပဒေအရ အကျဉ်းသား လွဲပြောင်းနိုင်သော နိုင်ငံများ မှာ တိုင်ဝမ် နှင့်သာ မက ပြည်မကြီးတရုတ်နှင့် မကာအို တို့ကိုပါ ထည့်သွင်း ရေးဆွဲထား သော ဥပဒေဖြစ်ပါသည်။ ဤ ဥပဒေ အတည် ပြုလိုက်လျင် ဟောင်ကောင်တို့၏ စာနယ်ဇင်း လွတ်လပ်ခွင့် နှင့် ဒီမိုကရေစီ အခွင့်အရေး တို့မှာ လုံးဝဆုံးရှုံး သွားတော့မည် ဖြစ်ပါသည်။

HK3.jpg

Original Source

အကြောင်း မှာ ဥပဒေမရှိခင်က ပင် တရုတ်ပြည်မကြီးမှ Causeway Bay book ကဲ့သို့ သော လွပ်လပ်စွာ ရေးသားဖေါ်ပြသည့် စာအုပ်များ ထုတ်ဝေသူများ အားတရားမဝင် ဖမ်းဆီး ခြင်းများ ကို ဟောင်ကောင်သားတို့ တွေ့ကြုံခဲ့ဘူးရာ ယခု ထိုဥပဒေ အတည် ပြုလိုက်လျင် တရုတ်ပြည်မကြီးက တရားခံဟု သတ်မှတ်သော ဟောင်ကောင်နိုင်ငံသားတိုင်းအား ဥပဒေအရ တရုတ်ပြည်မကြီးသို့ လွဲပြောင်းပေးရတော့မည် ဖြစ်ပါသည်။

ထို့ကြောင့် ဟောင်ကောင်သားတို့က မိမိတို့ အချုပ်အချာ အာဏာနှင့် ဒီမိုကရေစီ အခွင့်အရေးအား ထိခိုက်သော ထိုဥပဒေ အတည်မပြုနိုင်ရန် ဆန္ဒပြကြခြင်း ဖြစ်ပါသည်။အစပိုင်းတွင် ထိုဥပဒေမူကြမ်းအားအတည်မပြုနိုင်ရန် ဆန္ဒပြကြသော်လည်း ဟောင်ကောင်အုပ်ချုပ်ရေးပိုင်းမှ အရေးတယူမရှိသောကြောင့် ဆန္ဒပြပွဲများ တဖြည်းဖြည်း ကြီးကျယ်လာခဲ့ရခြင်း ဖြစ်ပါသည်။

၂၀၁၉ April လမှ စတင်ခဲ့သော ဤ လူထု အုံကြွမှုသည် August လရောက်သော အခါ ထိန်းမနိုင်သိမ်းမရသော အနေအထားသို့ ရောက်ရှိလာခဲ့ပါတော့သည်။ August လတွင် ဟောင်ကောင်ရဲတို့၏ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူတယောက်၏ မျက်လုံး ထိခိုက်သွားသောအခါ ဆန္ဒပြခြင်းမှ အကြမ်းဖက်ဆူပူခြင်းသို့ ပြောင်းလည်းသွားခဲ့ကြပါသည်။

HK4.jpg

Original Source

September လသို့ ရောက်သောအခါ ဟောင်ကောင် ဆန္ဒပြသူတို့က လေဆိပ်များ ရထားဘူတာရုံ များအား သိမ်းပိုက်ပိတ်ဆို့ ၍ ဟောင်ကောင် စီးပွားရေး ထိခိုက်စေရန် နှင့် ဟောင်ကောင်အုပ်ချုပ်သူတို့အား အခက်ခဲတွေ့စေခဲ့ပါသည်။ ဤသို့ အခြေအနေ ထိန်းသိမ်းမရ ဖြစ်လာသော အခါ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလမ် မှ ထိုဥပဒေမူကြမ်းအား တရားဝင် ပယ်ဖျက်ကြောင်း ကြေညာခဲ့ပါသည်။

သို့ သော် အလွန်နောက်ကျသွားခဲ့ပြီ ဖြစ်ပါသည်။ ဟောင်ကောင် နိုင်ငံသားတို့ အုပ်ချုပ်ရေးမှူး ကယ်ရီလမ် အား တရုတ်ပြည်မကြီး၏ လက်ကိုင်တုတ် ဟူ၍ အယုံအကြည် မရှိကြတော့ပါ။ October တစ်ရက်နေ့သို့ ရောက်သောအခါ တရုတ်ပြည်မကြီးတွင် ကွန်မြူနစ်ပါတီ နှစ် ၇၀ ပြည့်အခမ်းအနား ကျင်းပနေချိန်တွင် ဟောင်ကောင်တွင် တရုတ်ပြည်မကြီးအားဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါသည်။

ဟောင်ကောင် သမိုင်းတွင် အကြီးကျယ်ဆုံးသော October 1 , 2019 ဆန္ဒပြပွဲတွင် ဟောင်ကောင်ပြည်သူ ၁ သန်းကျော် လမ်းမပေါ်သို့ ထွက်လာခဲ့ကြပါသည်။ ထို့အတူ ဟောင်ကောင် အစိုးရအပေါ်သို့ တောင်းဆိုချက် ၅ ရပ် ဆောင်ရွက်ပေးရန် တောင်ဆိုခဲ့ကြပါသည်။ ( ထိုတောင်ဆိုချက် ၅ ရပ်အား နောက်ဆောင်းပါးတွင် ဖေါ်ပြပေးပါမည် ) ဟောင်ကောင် အစိုးရအတွက် ဤ ဆန္ဒပြပွဲသည် နာမည်အပျက်ဆုံး ဖြစ်ပါသည်။

HK5.jpg

Original Source

ထို့အတူ ထူးဆန်းသည်မှာ လက်ရှိဖြစ်ပေါ်နေသော ဆန္ဒပြပွဲတွင် ခေါင်းဆောင်မရှိခြင်း ဖြစ်ပါသည်။ လှုံ့ဆော်သူ မရှိ ၊ ခေါင်းဆောင်သူ မရှိ ဟောင်ကောင်သား တို့ မိမိတို့ အသိစိတ် မိမိတို့ဆန္ဒ ဖြင့် လမ်းမပေါ်ထွက်လာကြခြင်း ဖြစ်ပါသည်။ ခေါင်းဆောင်သူ လှုံ့ဆော်သူ မရှိသောကြောင့် အစိုးရအနေဖြင့် မည်သူ့ကို ဖမ်းရမည် မှန်းမသိ ဟိုလူ့ဖမ်း ဒီလူ့ဖမ်း ဖြင့် လူပေါင်း ၅၀၀၀ ကျော် အဖမ်းခံနေရခြင်း ဖြစ်ပါသည်။

ထို့အတူ ဆန္ဒပြသူများအား ထိန်းသိမ်းသော ရဲတပ်ဖွဲ့၏ လုပ်ဆောင်မှုများကလည်း မေးခွန်းထုတ်စရာ အများ အပြား ရှိနေပါသည်။ ထူခြားမှုတခုအား ဖေါ်ပြပေးရလျင် ဤ ဆန္ဒပြပွဲတွင် ရဲတို့က ရဲအလုပ်လုပ်နေကြသလို ဆန္ဒပြသူများကလည်း သူတို့လိုချင်သည်ကို တောင်းဆိုနေကြပါသည်။

နံနက်မိုးလင်းလာလျင် ဖခင် ဖြစ်သော ရဲက သူ့တာဝန် ထမ်းဆောင်ရန် အလုပ်သွားသလို သားသမီးနှင့် ဇနီးမယားကလည်း ဆန္ဒပြပွဲတွင် အင်အားပြရန် ထွက်သွားကြပါသည်။ အချိန်တန်၍ အိမ်ပြန်လာကြလျင် မိသားစု ပြန်ဖြစ်သွားကြပါသည်။ ညအချိန်တွင် တံခါးခေါက်၍ ခဏလိုက်ခဲ့ပါဟူ၍ မည်သူမျှ လာဖမ်းခြင်း မရှိပါ။ ဤသည်ကပင် ဒီမိုကရေစီ စနစ်၏ ကောင်းခြင်းတခုဟု ထင်ပါသည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

ဟောင်ကောင်ကိုယ်ပိုင်အုပ်ချူပ်ခွင့် ထားတာဟာ တရုတ်ပြည်မကြီးနဲ့ပြိတိလျှတို့ကြားက အထုံးရှိခဲ့လို့များလား..ခုဆို ဆနဒတွေပြနေတာတွေဖြစ်နေတော့

အပိုင်း ၁, ၂ , ၃ အစအဆုံး ဖတ်ကြည့်ရင် သဘောပေါက်လာလိမ့်မယ် ကိုရှိန်းသူ။

လှုံ့ဆော်သူခေါင်းဆောင်များအတိအလင်း ရှိမထားသော်မှ
ဆန္ဒပြသူအင်အားမှာ ကြီးမားလှခြင်းနှင့် ယုံကြည်ရာ လျှောက်လှမ်းနေကြသော ဟောင်ကောင်သားတို့ အရေးတော်ပုံ အောင်ပါစေ။

Posted using Partiko Android

အခုတော့ ရွေးကောက်ပွဲလုပ်ဖို့ ပြင်နေကြပြီ။

သူတို့ဆန္ဒပြတာ စည်းကမ်းတကျ
ကိုယ်တွေထံမှာ ရောင်တော်ပြန်တွေ ပေါချက်

ဟုတ်တယ်ကိုထွေး... ဆိုင်တွေ ဖေါက်ထွင်းလုယက်မှု မရှိသလောပဲ။ ဖျက်ဆီး ကြပေမယ့် ပစ္စည်းတွေ လုယူတာမျိုး မရှိဘူး။

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.033
BTC 61136.19
ETH 2969.45
USDT 1.00
SBD 3.64