အတိတ်က သျှစ်သောင်းဘုရားပွဲ (၆)
ရခိုင်ရိုးရာကျင်ပွဲ
ကျင်ပွဲလို့ လူသိများကြတဲ့ kyon နပန်းပွဲကတော့ ရခိုင်ပြည်နယ်မှာ ကျင်းပတဲ့ ရိုးရာအားကစားနည်းတစ်ရပ် ဖြစ်ပါတယ်။ Kyon ဆိုတာကတော့ kyar-yon ကနေ ဆင်းသက်လာဖြင်းဖြစ်ပါတယ်။ Kyar ဆိုတာ ကျား ဖြစ်ပြီး yon ဆိုတာကတော့ လျင်မြန်သောလို့ အဓိပ္ပါယ်ရပါတယ်။ လျင်မြန်သော ကျား ဟု ဆိုလိုပါတယ်။ ကျင်အားကစားနည်းကတော့ ပြိုင်ဘက်ကို မြေကြီးပေါ်အား နည်းစနစ်သုံးပြီး လှဲချရပါတယ်။ တစ်ဦးနဲ့တစ်ဦး ထိခိုက်စေခြင်း မရှိပါ။
ရခိုင်အများစုက ကျင်ကိုင်တတ်ပါတယ်၊ ငယ်ငယ်ထဲက ကိုယ့်သူငယ်ချင်းအချင်းချင်းသော်၎င်း အပျော်တမ်း လောင်း၍သော်၎င်း ရေချိုးခါနီးသွေးပူလေ့ကျင့်ခန်းအဖြစ်သော်၎င်း ကျင်အားကစားနည်းကို လေ့ကျင့်ကြလေ့ရှိပါတယ်။ ကျွန်တော်တို့လဲ ငယ်ငယ်က သူငယ်ချင်းတွေနဲ့ ကျင်ကိုင်ခဲ့ဖူးပါတယ်။
Images Credit - Original Source
ကျင်သမိုင်းကြောင်းကိုအနည်းငယ် ပြန်လှန်ကြည့်သော် တောင်ကျောင်းဆရာတော်၏ ရခိုင်ရာဇဝင်သစ်ကျမ်း အပါအဝင် ရခိုင်ရာဇဝင်ကျမ်းတချို့၌ လက်ပန်းသည်တို့ လက်ပန်းသတ်ကြသည်ကို ၀ါသုဒေဝ၊ ဗလဒေဝခေတ် (ဘီစီ ၆၀၀ ကျော်လောက်က) ရှေးဦးစွာ ဒွါရာတီခေတ်ကပင်ရှိကြောင်း ဖော်ပြထားပါတယ်။ ဝါသုဒေဝ၊ ဗလဒေဝတို့ မင်းညီနောင်တကျိပ်သည် ဦးရီးတော်ကံသမင်းကြီး ထောင်ချောက်ဆင်ကျင်းပသည့် လက်ပန်းသတ်ပွဲ၌ စာရုယလက်ပန်းသည် မုဠိအလက်ပန်းသည်တို့နှင့် လုံးသတ်အနိုင်ရပြီးနောက် ပြည်သိမ်းပုံများကို ရေးဖွဲ့ထားပါတယ်။
ဦးရာဇ်တောင်ဘုရားသမိုင်းလင်္ကာ “ကျင်လက်ပန်းနှင့်၊ မြီဝန်းရုပ်သီး၊ ရှုမငြီးအောင်” ဟူ၍ရေးဖွဲ့ထားသည့်အတွက် ကျင်ကို လက်ပန်းလုံးပွဲဟုလည်းခေါ်ပါတယ်။
ပါမောက္ခချုပ်ဦးကျော်ရင်၏ “ရခိုင်ရိုးရာအတတ် ကိုယ်ပိုင်ပညာကျင်ပွဲ” (ရခိုင်တန်ဆောင် ၁၉၅၈) ဆောင်ပါးတွင် -
“ရှေးရခိုင်မင်းဆက်များလက်ထက်တွင် ဘီလူးကို အသေသတ်ခဲ့သော ကျင်သမား" ဟုရှိသည်။ ထိုနည်းတူ မွန်မင်းများလက်ထက်တွင်လည်း အသားမင်းသားမှာ ခုနစ်တောင်မြင့်သော ကုလားလန်ဘားနှင့် နပန်းလုံးသတ်ခဲ့သည်။ မြန်မာရာဇဝင်တွင်လည်း ရန်မန်ထွေးသည် မိကျောင်း၊ ကျား၊ ဆင်တို့နှင့် နပန်းလုံးကာ သတ်ပုတ်အောင်မြင်၍ အနန္ဒသူရိယဘွဲ့ကိုပင် ရရှိခဲ့သည်။ အသားမင်းသား ကုလားလန်ဘားနှင့် နပန်းသတ်သည်မှာ ရာဇဝင်အရ နှစ်ပေါင်းထောင်ကျော်ရှိလေပြီ။ ကမ္ဘာပေါ်တွင်လည်း နပန်းလုံးအတတ်ပေါ်ပေါက် ခေတ်စားသည်မှာ နှစ်ပေါင်းထောင့်ငါးရာကျော်လေပြီ။ ဤအကြောင်းနှစ်ရပ်ကိုထောက်၍် ရခိုင်ပြည်တွင်လည်း ကျင်အတတ်ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်းတထောင်ထက်မလျော့နိုင်ဟု တွေးမိသည်။” ဟု သုံးသပ်ပြထားပါတယ်။
ဝေသာလီခေတ် စူဠစန္ဒြားမင်းလက်ထက်၌ အမတ်ကြီးဓမ္မဇေယျသည် “ဗျည်း-၃၃လုံး လှေလှော်သံ” ကိုစပ်ဆိုခဲ့ပါတယ်။ ယင်းလှေလှော်သံကို ကျင်သန်ကြီးများက ပြိုင်တူရွတ်ဆို၍ စည်ကြီးတီးကာ ပြိုင်လောင်းကြီးများကိုလှော်၍ ရခိုင်ရေတပ်မကြီးဖြင့် စစ်ချီထွက်ကြောင်း ဆိုထားပါတယ်။
ရခိုင်ပြည်နယ်ဖြစ်စဉ်သမိုင်း (ပဉ္စမတွဲ) (ယဉ်ကျေးမှုကဏ္ဍ) ၌-
“ရှေးခေတ်ရီတပ်မတော်များတွင် စစ်ချီထွက်သောခါ သန်မာထွားကျိုင်းသူ ကျင်သန်ကြီးများက လှေကိုလှော်ခတ်ရသည်။” ဟူ၍ ရေးထားပါသည်။ ၎င်းလှေလှော်သံကိုအကြောင်းပြုလျှက် ပြိုင်လောင်းသံကျပ်များ စပ်ဆိုခဲ့ပါတယ်။
“ကိုးစိတ်ကိုးလံ၊ ကိုးပင်းကန်၊ ကျင်သန်တိရာတက်ပျာစီးလို့၊ မဟာလောင်းကြီးထွက်လို့လာ” (ရခိုင်ညွန်ဖူး၊ ၁၉၆၈)
“ကိုးဆယ့်ကိုးလံ၊ ကိုးပင်းကန်၊ ကျင်သန်တပြီး၊ စည်တတီး” စသည်ဖြင့်ဖြစ်ပါတယ်။
မြောက်ဦးခေတ် “ထမရာဖွဲ့” ၌လည်း ကျင်ခြင်း၊ ကာခြင်း၊ သိုင်းခြင်း၊ ဒိုင်းခြင်းအတတ်ပညာများ သင်ယူပုံကိုဖွဲ့ဆိုထားရှိပြီး ဖြစ်ပါတယ်။ ရုပ်ဝတ္ထုသက်သေအဖြစ် သျှစ်သောင်းဘုရားလှိုဏ်ဂူပတ်တွင်း၌ ကျင်းအားကစားနည်းဆိုင်ရာ ရုပ်လုံးရုပ်ကြွများ ထွင်းထုထားသည်ကို ယနေ့တိုင် တွေ့မြင်နိုင်ပါတယ်။ ဤအကြောင်းအချက်များကိုဆက်စပ်၍ ကျင်အားကစားနည်းအတတ်ပညာသည် ရှေးခေတ်အဆက်ဆက် ရခိုင်မင်းများလက်ထက်ကပင် ဆင်းသက်လာသည့် နည်းပညာရပ်ဖြစ်ကြောင်း သိရပါတယ်။ ရှေးရခိုင်မင်းများလက်ထက်ကပင် ရခိုင်ရိုးရာကျင်ပွဲများကို မင်းညီလာခံနန်းတွင်းသဘင်များ၌ ကျင်းပလာမြဲဖြစ်ပါတယ်။ တိုင်းပြည်အဝှမ်း မြို့ပြကျွန်းရွာဒေသများ၌ စည်စည်ကားကား ထူးထူးခြားခြားကျင်းပတယ်။ ကျင်ပွဲ၊ ပြိုင်လောင်းပွဲများဟာ ရခိုင်တို့၏ တိုက်ရေး၊ ခိုက်ရေး၊ စစ်ရေးအတွက်လည်းကောင်း၊ စည်းလုံးညီညွတ်မှု၊ အားမာန်တက်ကြွမှု၊ ယုံကြည်မှု၊ ကျန်းမာကြံ့ခိုင်မှုများအတွက်လည်းကောင်း၊ နန်းတွင်းနန်းပြင်၊ မြို့ပြကျွန်းရွာမကျန် စည်ကားမြိုင်ဆိုင်စွာ ကျင်းပသည့် ပညာတရပ်ပင် ဖြစ်ပါတယ်။ ကျွန်းပွဲ၊ ရွာပွဲ၊ ဘုရားပွဲ၊ ထီးတင်ပွဲ၊ ဈာပနပွဲ၊ သင်္ကြန်ပွဲ၊ ပြိုင်လောင်းပွဲ၊ ရထားပွဲစသည့် ပွဲတော်တိုင်း၌ ကျင်ပွဲမပါလျှင်မပြီးဟုဆိုရလောက်ပါတယ်။
Images Credit - Original Source
ကျင်ပညာသည် ပြင်းပြင်းထန်ထန် ထိုးကြိတ်၊ သတ်ပုတ်၊ ကန်ကျောက်ပြီး ပြိုင်ဖက်အား အနာတရဖြစ်အောင် ဒေါမာန်ဖြင့်ကြံဆတိုက်ခိုက်သည့် နည်းပညာမဟုတ်ပါ။ (ဦးခေါင်း၊ ဒူး၊ တန်းတောင်၊ ခြေဖနာင့်၊ခြေစောင်း၊ ခြေဖဝါး၊ လက်စောင်း၊ လက်ဝါး၊ လက်ညှိုး၊ လက်သီးစသည်များကိုသုံးပြီး (ထိုး၊ ရိုက်၊ ကျောက်၊ ကန်) သတ်ပုတ်ခြင်းမျိုး လုံးဝမပါဝင်ပါ။
ကျင်ပညာ အဖမ်းသားအနေဖြင့် လက်နှင့်ခြေကို အသုံးချသည့်အခါ (ထိုး၊ ရိုက်၊ ကျောက်၊ ကန်၊ သတ်ပုတ်) တိုက်ခိုက်ရန်အတွက်မဟုတ်ပဲ (ဆွဲ၊ ဖမ်း၊ ငင်၊ ဖက်၊ တိုး၊ ကန်၊ ပေါက်၊ ချိတ်၊ ကော်၊ ပင့်၊ လိမ်၊ ကျစ်) ရန်အတွက်သာလျှင် အသုံးချရသည်။ အခံကျင်သန်သည်လည်း အဖမ်းကျင်သန်က (ဆွဲ၊ ငင်၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်) လာသည့်အခါ စည်းကမ်းနည်းလမ်းတကျ (ရှောင်၊ ထွက်၊ ချွတ်၊ ထုတ်၊ ခါ၊ ပစ်၊ ပြန်ပစ်) ရန်အတွက်သာ မိမိ၏လက်နှင့်ခြေကို အသုံးချရသည်။ နာကြင်ကျိုးပဲ့အောင် ကြံစည်တုံ့ပြန်ခွင့်လုံးဝမရှိပါ။
အဖမ်းသားအခွင့်အရေးအနေဖြင့် အခံသားလက်ကိုဆွဲနည်း၊ မောင်းသတ်၊ မောင်းလိမ်၊ မောင်းကျပ်၊ မောင်းဖွင့်၊ မောင်းပြန်၊ မောင်းလွှဲနည်း၊ ခြေပေါက်နည်း၊ ချိတ်နည်း၊ ကော်နည်း၊ လိမ်နည်း၊ ကျစ်နည်း၊ ပစ်နည်း စသည်ဖြင့် လက်၊ ခြေများကို ကိုင်ပုံ၊ ပေါက်ပုံ၊ ကျစ်ပုံ စနစ်တကျရှိတယ်။ အခံသားအခွင့်အရေးအနေဖြင့် ထိမ်းကိုင်၊ ဆီးကိုင်နည်း၊ ရုန်းရှောင်ထွက်နည်း၊ ခြေချွတ်လက်ချွတ်နည်း၊ ခါနည်း၊ ပစ်နည်း၊ ပြန်ပစ်နည်း၊ အပြန်ပစ်နည်းများသီးခြားစီ အပြန်အလှန်စနစ်တကျရှိပါတယ်။
အဖမ်းသားကျင်သန်ကို အခွင့်အရေးပိုပေးထားပြီး ယင်းအခွင့်အရေးကို အခြင်း၊ အကွက်ဖြင့် စနစ်တကျ ကျင်ပညာအသုံးချကိုင်ကာ အခံကျင်သန်အား အနိုင်ရအောင် ပစ်ချရန်ဖြစ်ပါတယ်။ အခံသားကျင်သန်ကလည်း အဖမ်းသားကျင်သန် ထိုကဲ့သို့ လုံးဖမ်းကိုင်တွယ်သမျှ ငုံ့ခံနေရုံမဟုတ်ပဲ အခံကျင်သန်၏ခုခံခွင့်အတတ်ပညာကိုပါ တီထွင်ဖန်တီးထားပါတယ်။ အဖမ်းသား၏လုံးဖမ်းကိုင်တွယ်ခွင့်နှင့် အခံသား၏ခုခံကာကွယ်ခွင့် ပညာနှစ်ရပ်ကို သူတလှည့်ကိုယ်တလှည့်၊ သူတပြန်ကိုယ်တပြန် ကိုင်ခွင့်ပြုလျှက် ပညာစွမ်းပြရသည့် အားကစားနည်းပညာရပ်ဖြစ်ပါတယ်။ ကျင်ခြင်း၊ ကျင်ကွက်၊ ကျင်ဖမ်းနည်း၊ ကျင်ခံနည်းများ စနစ်တကျ ကျယ်ကျယ်ဝန်းဝန်း ရှိပါတယ်။
Images Credit - Original Source
အကျိုးသက်ရောက်မှုအနေနဲ့ ကျင်ပညာသည် လူငယ်တို့၏ တကိုယ်ရည်စွမ်းရည်ပြည့်ဝမှု၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုအတွက် အရေးပါသည့် နည်းပညာရပ်ဖြစ်ပါတယ်။ ဇွဲ၊ သက္တိကိုခိုင်မာစေတယ်။ အခက်အခဲကို တဦးတည်း ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ဖြတ်ကျော်ရဲသည့်ုစိတ်ကို ရရှိစေတယ်။ တက်ကြွမှုအားမာန်ကို ရရှိစေတယ်။ ယုံကြည်ချက်ပြည့်ဝစေပြီး ပြတ်သားခိုင်မာစေတယ်။ ယုတ်ညံ့သိမ်ဖျင်းစိတ်၊ အားငယ်ကြောက်ရွံ့စိတ်များကို ကင်းပျောက်စေတယ်။ မိမိကိုယ်မိမိ အားကိုးယုံကြည်စိတ် မြင့်မားစေတယ်။ ဆုံးဖြတ်ချက်တရပ်ကို မှန်မှန်ကန်ကန်၊ ခိုင်ခိုင်မာမာချမှတ်လုပ်ကိုင်ဆောင်ရွက်လိုစိတ်ခိုင်မြဲစေတယ်။ ကျန်းမာကြံ့ခိုင်သန်စွမ်းမှု၊ လျှင်မြန်ဖျတ်လတ်မှုဖြစ်စေတယ်။ လူ့ဘောင်ဝန်းကျင်နှင့် ပေါင်သင်းဆက်ဆံရေးကိုတိုးတက်စေတယ်။ အများအကျိုး၊ ဦးဆောင်ဦးရွက်ပြု ပါဝင်ဆောင်ရွက်နိုင်ရန် ကာယ၊ ဉာဏ်စွမ်းရည်များကိုပြည့်ဝစေပါတယ်။
သို့ဖြစ်၍ ဒီအမျိုးသားရေးလက္ခဏာ၊ အမျိုးဂုဏ်ပေါ်လွင်စေတဲ့ အမျိုးသားယဉ်ကျေးမှု အစစ်အမှန်ဖြစ်သည့် ကျင်အားကစားနည်းပညာရပ်ကို ရခိုင်လူငယ်တိုင်း နားလည်ကျွမ်းကျင်တတ်မြောက်အောင်ကြိုးစားပြီး လက်ဆင့်ကမ်းထိန်းသိမ်းသွားဖို့ လိုပါတယ်။ သို့မှသာ ကျင်ပညာ၏ဂုဏ်ရည်၊ အမျိုးသားဂုဏ်ရည် ပိုမိုတိုးတက်တောက်ပြောင်လာမှာဖြစ်ပါတယ်။
Images Credit - Original Source
ကျင်ကိုင်ပုံ အခြေခံသဘောကိုပြောရလျှင် ကျင်ကိုင်သည်ကို ကျင်လုံးသည်ဟုလည်းခေါ်ပါတယ်။ ကျင်ကိုင်၊ ကျင်လုံးရန်အတွက် ကျင်သန်နှစ်ဦး ရှိရပါမယ်။ ကျင်သန်နှစ်ဦး ကျင်ကိုင်သည်ကို ကျင်တပူး (သို့) ကျင်တည်းတတည်း (သို့) ကျင်တွဲတတွဲအဖြစ် သတ်မှတ်ပါတယ်။ ကျင်တည်း ကျင်ကိုင်ရန်အတွက် (အဖမ်း) နှင့် (အခံ) ကို ရွေးချယ်ပေးရတယ်။ ကျင်သန်တဦးကဖမ်းပြီး ကျန်တဦးက အဖမ်းခံရတယ်။ ကျင်ဖမ်းသူကို အဖမ်းသား (သို့) အဖမ်းကျင်သန်(သို့) အဖမ်းလူဟုခေါ်ပြီး အဖမ်းခံသူကို အခံသား(သို့) အခံကျင်သန် (သို့) အခံလူဟုခေါ်ပါတယ်။ ဖမ်းလှည့်ကိုရသော ကျင်သန်က လက်မောင်းနှစ်ဖက်ကိုမြှောက်ကားကာ စဖမ်းရပြီး၊ အခံလှည့်ကျသည့်ကျင်သန်က လက်မောင်းနှစ်ဖက်ကို နံဘေးမှာကပ်၍ လက်ဖျားပိုင်းကို ရှိသို့တောင့်တောင့်ပီးထားကာ ကိုယ်ကိုကိုင်းညွတ်ဦးတည့်ပြီး သတိဖြင့်အဖမ်းခံပေးရပါတယ်။ အခံသားဟာ ခြေနှစ်ဖက်ကိုပြိုင်မရပ်ဘဲ ရှိနောက်ဟန်ချက်ညီညီ ထားပြီးအဖမ်းခံရတယ်။ အဖမ်းသားကစပြီး လှန်၊ ဖက်၊ ဆွဲ၊ ဖမ်း၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်နိုင်တယ်။ ကျင်ခြင်း၊ ကျင်ကွက်ဖြင့်ပစ်ချနိုင်တယ်။ ထိုသို့ အဖမ်းသားက ဆွဲ၊ ဖမ်း၊ လှန်၊ ဖမ်း၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်ရန် ကြိုးစားလာသည့်အခါ ပစ်ချလာသည့်အခါ တချိန်တည်းတပြိုင်တည်းမှာ အခံကျင်သန်ကလည်း ဖြုတ်၊ ဆီး၊ ကာ၊ ချွတ်၊ တိုး၊ ကန်၊ ရုန်း၊ ထွက်၊ ကာခွင့်ရှိတယ်။ ပြန်လည်ပစ်ချခွင့်ရှိပါတယ်။
ကျင်သန်နှစ်ဦး ကျင်တတည်းစီးတွဲပြီးနောက် “ကျင်တလင်း” (သို့) “ကျင်ကွင်း” ထဲ၌ ကျင်တိုက်ရသည်။ “ကျင်တည်း” များကို “ကျင်တည်းအဖွဲ့” (ကျင်စာရင်းထိန်းကော်မတီ) ကတည်းပေးပြီး၊ ၎င်းကျင်တည်းများကို ကျင်ကွင်းထဲသို့ ကျင်ကိုင်ဖို့လာရောက်ပါရန် “ပြန်ကြားရေးကော်မတီ” ကဖိတ်ခေါ်ပေးရတယ်။ ကျင်သန်နှစ်ဦးစလုံးရောက်ရှိက ၎င်းကျင်တည်းကို “ကျင်ဒိုင်အဖွဲ့” ထဲမှ ကျင်ဒိုင်နှစ်ဦးကတာဝန်ယူကြီးကြပ်ပြီး ကျင်တိုက်ရပါတယ်။ တာဝန်ယူကြီးကြပ်မည့် ကျင်ဒိုင်နှစ်ဦးစီကို ကျင်တွဲနှင့်တွဲဖက်၍ “ကျင်တည်းအဖွဲ့က” နာမည်ကြော်ငြာပေးရတယ်။ ကျင်တလင်းအကျယ်အဝန်း၊ ကြီးကြပ်ကျင်ဒိုင် အရေအတွက်အပေါ်မူတည်၍ ကျင်တည်းများကို တတည်းကနေ၊ လေး၊ ငါးတည်းထိ တပြိုင်တည်းတိုက်နိုင်တယ်။ ကျင်တလင်း၌ ကျင်ဒိုင်အဖွဲ့က ကြီးကြပ်တယ်။ သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ကျင်တည်းကို အဖမ်းအခံသတ်မှတ်ပေးရပါတယ်။ ကျင်တတည်း၏ အနိုင်အရှုံးကို ကြီးကြပ်ကွင်းကျင်ဒိုင်များ၏ အဆုံးအဖြတ်ဖြင့် မကြေနပ်ပါက “ကျင်ခုံသမာဓိအဖွဲ့” (ကျင်အကဲဖြတ်လူကြီးအဖွဲ့)ထံ စောဒကဝင်တင်ပြနိုင်ပါတယ်။ ကျင်ခုံသမာဓိအဖွဲ့၏ဆုံးဖြတ်ချက်သည် နောက်ဆုံးအပြီးအပြတ်အတည်ဖြစ်ပါတယ်။
Images Credit - Original Source
Images Credit - Original Source
ကျင်ခေတ်ဦးက တပွဲလုံး၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ဘုရင်၊ မိဖုရားတို့ကိုယ်တိုင် “ပန်းစည်းဆု” ချီးမြှင့်ကြောင်းသိရပါတယ်။ ထိုသို့ ဆုချီးမြှင့်ပုံစနစ်သည် ရှေးဂရိပြည် အိုလံပစ်ပွဲ၌ “လောရယ်” (ခေါ်) သစ်ခွပန်းစည်းဆု ချီးမြှင့်ပုံနှင့်တူကြောင်း သဇင်နွယ်၏စာတမ်းငယ်၌ ရေးသားထားပါတယ်။ ယခုထိ အနိုင်ရကျင်သန်များအား “ပန်းဆု”ဟူ၍ူ ချီးမြှင့်သည်ကို တချို့နေရာများ၌ တွေ့နေရပါသေးတယ်။
ရှေးက ကျင်ပွဲကို ရွှေမောင်းတန်း၊ ငွေမောင်းတန်းဟူ၍ ခွဲခြားကျင်းပသည်။ ပထမတန်း၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ရွှေမောင်ဆု၊ ဒုတိယတန်း၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ငွေမောင်းဆုများချီးမြှင့်သည်။ ရွှေမောင်း၊ ငွေမောင်းများမှာ တစ်ကျပ်၊ တစ်ကျပ်ခွဲထိရှိပြီး တံဆိပ်ခပ်နှိပ်ကာ ပိုးကြိုး၊ သိုးမွှေးကြိုးကျစ်၍ လည်ပင်း၌စွပ်၍ ချီးမြှင့်သည်။ အင်္ဂလိပ်လက်ထက်က အင်္ဂလိပ် “မယ်လ်ဒေးလ်” တံဆိပ်မျိုးခပ်နှိပ်ကာ ရွှေတံဆိပ်၊ ငွေတံဆိပ်များကို ချီးမြှင့်ခဲ့ကြတယ်ဟု ဆိုသည်။ ယနေ့ခေတ်ထိ ရွှေမောင်း၊ ငွေမောင်းဆုများကို ရှေးမူမပျက် ချီးမြှင့်လျက် ကျင်းပမြဲဖြစ်ပါတယ်။
Images Credit - Original Source
Images Credit - Original Source
Images Credit - Original Source
steemit ချစ်သူမြန်မာများ အောင်မြင်ကြပါစေ
ဖတ်ရှုပေးတာကျေးဇူးတင်ပါတယ်
@kyawhlaing
MSC0015
ကျင်ပွဲများမှ အောင်လဆန်းလို MMA fighter များများပေါ်ထွန်းပါစေ
ကျေးဇူးတင်ပါတယ်ဗျာ
စိတ်ဝင်စားဖို့ကောင်းပါတယ်ရှင်။
ကျေးဇူးပါ
ဗဟုသုတရပါတယ်ဗျာ
ကျေးဇူးတင်ပါတယ်ဗျာ
စိတ်ဝင်စားစရာ အားကစား တစ်ရပ်ပါပဲ ဗျာ
ဟုတ် ကျေးဇူးပါ
ကွီးအောင်လနဲ့စိန်ခေါ်လို့ရပြီ
ဟားး မလုပ်လိုက်ပါနဲ့
အ၇မ်းမိုက်တယ်
တကယ်ကြီးလား
တစ်ပွဲတစ်လမ်းလောက်သွားစမ်းမှပဲ
သွားစမ်းလိုက်
ဥဥ ဘုတ် ဘုတ်
https://steemit.com/myanmar/@ng-chitsonelay/tausanetaylundefinedssyaa-yun-tht-wa-el-kundefinedaaep-kpaauan-hi
https://steemit.com/myanmar/@chitsone/undefinedkmi-undefinedkyaa-mundefined-eltanethanyen-amwttyapundefined
တော်တော်လေ့လာထားပါလား
ကျေးဇူးပါ
https://steemit.com/myanmar/@chitsone/ekh-ne-ekhpututuey-npnluanmi-k-yakhng
ဥဥ ဘုတ် ဘုတ်