ဘုရားပွဲက အိုးပုတ်ငယ်...

in #myanmar6 years ago

"အိုးပုတ် ဂျိုးရုပ် ပလုတ်တုတ်" ဆိုတာနဲ့ ချစ်စရာ မြန်မာ့ရိုးရာ ကလေးကစားစရာ အရုပ်ကလေးများကို ပြေးမြင်ကြမှာပဲလို့ ကျွန်မတို့လို လူလတ်ပိုင်း အရွယ်တွေ အားလုံးတွေးမိကြမယ်ထင်ပါတယ်။ တကယ်တော့ ဒီစကားဟာ အပြည့်အ၀ မမှန်တော့ပါဘူး … ဘာဖြစ်လို့လဲဆိုတော့ … မြန်မာ့ရိုးရာ လက်မှုပညာ နဲ့လုပ်ထားတဲ့ ကစားစရာ အရုပ်ကလေးတွေနဲ့ ဒီခေတ်ကလေးတွေဟာ …တော်တော်လေး စိမ်းလာလို့ပဲဖြစ်ပါတယ်။
FB_IMG_1533571485729.jpg
Crd-img-src
မယ်ဂျစ်တို့ငယ်ငယ်တုန်းကတော့ဘုရားပွဲအချိန်ကိုစိတ်လှုပ်ရှားစွာမျှော်လင့်ကြရတာကလေးတိုင်းပါပဲ။ဘာဖြစ်လို့လဲဆိုတော့ မြေနဲ့လုပ်ထားတဲ့ အိုးပုတ်ရောင်စုံလေးတွေ ပူဆာဖို့ နဲ့ တကူ ကူး ကူး နဲ့ အသံထွက်အောင် မှုတ်ရတဲ့ ဂျိုးရုပ် အသစ်လေးတွေ ၀ယ်ခိုင်းဖို့ အတွက်ပဲဖြစ်ပါတယ်။ ကလေးပေါက်စလေးတွေ အတွက်တော့ ပလုတ်တုတ်ကလေးတွေ ပေါ့လေ..။ မယ်ဂျစ်ငယ်ငယ်တုန်းကတော့ ဘုရားပွဲရောက်တိုင်း အိုးပုတ်တွေ အမုန်းပူဆာ တာပါပဲ။ အရင် ဘုရားပွဲတုန်းက ၀ယ်ပေးထားတဲ့ အိုးပုတ်လေးတွေလည်း တချို့တ၀က် ကျန်တတ်ပေမယ့် ဘုရားပွဲက အိုးပုတ်အသစ်လေးတွေကို ထပ် လိုချင်စမြဲ ၊ ထပ်ပူဆာ စမြဲပါပဲ။ အိုးပုတ်ဆိုတာ မယ်ဂျစ်ရဲ့ ကစားဖော် သူငယ်ချင်းတွေလိုပါပဲ။ ပုံစံကလည်း များများစားစားမရှိလှ။ မှတ်မှတ်ရရ နှုတ်ခမ်းသား အတွန့်တွန့်လေးတွေနဲ့ ဒယ်အိုး လေး ရယ်၊ ထမင်းအိုးတည်ရတဲ့ စောက်ခပ်နက်နက် အိုးလေးရယ်၊ ရေနွေးကရားလေးရယ်၊ ငှက်ပျောသီး လေးတွေပါတဲ့ လင်ဗန်းလေးရယ်၊ ပန်းကန်လုံးလေးတွေရယ် ပါပဲ ။ ဒါကိုပဲ အရောင်စုံ ခြယ်သ ထားတဲ့ အိုးပုတ်လေးတွေ မြင်ရင် ခုန်ပေါက်ပျော်ရွှင်ခဲ့ရတဲ့ ကလေးဘ၀ လေးကို ပြန်တွေးတိုင်း ကျေနပ်မိပါတယ်။
FB_IMG_1533571373723.jpg
Crd-img-src

ခုနောက်ပိုင်းတော့ ဘုရားပွဲတွေလည်း သိပ်မသွားဖြစ်တော့။ အသက်ကြီးလာလို့လည်းပါသလို လူရှုပ် ရှုပ်ထဲ သွားရလာရတာ လုံခြုံစိတ်ချရမှု မရှိတော့တာလည်း ပါပါတယ်။ ဒီလိုနဲ့ ဟိုတလောကမှ သားလေးကို ဘုရားပွဲလည်ပေးရင်းမှ ပြန်ရောက်ဖြစ်ခဲ့တော့ အိုးပုတ်တန်းလေးတွေ ဘက်သတိတရ သွားကြည့်လာခဲ့ပါသေးတယ်။ မယ်ဂျစ်တို့ ငယ်ငယ်တုန်းက ပွဲဈေးနဲ့ ခုခေတ် ပွဲဈေး အရမ်းတော့ ကွာခြားတာမျိုးမရှိပေမယ့် ၊ အိုးပုတ်သည်လေးတွေကတော့ သိသိသာသာ နည်းပါးသွားပါတယ်။ ငယ်ငယ်တုန်းက စုပြုံတိုးဝှေ့ပြီး ၀ယ်ကြရတဲ့ အိုးပုတ်လေးတွေဟာ ခုဆိုရင် ပွဲခင်းရဲ့ အဖြည့်ခံ ဆိုင်လေးတွေ မျှသာ ခြောက်တိ ခြောက်ချက် နဲ့။ အိုးပုတ်သည်လေးတွေရဲ့ မျက်နှာလေးတွေဟာလည်း ညှိုးလို့ ၊ ငယ်လို့ ။ ဒီလိုမြင်ကွင်းကို မြင်လိုက်ရတဲ့ ကျွန်မလေ.. တကယ်ကို စိတ်ထဲ နင့်ကနဲ ဖြစ်ရပါတယ်။ အိုးပုတ်သည်လေးတွေရဲ့ ရှေ့မျက်နှာချင်းဆိုင်မှာတော့ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ တရုတ်ကလာတဲ့ ကလေးကစားစရာ လေးများက ၀ံ့ဝံ့စားစား နေရာယူနေကြတာပေါ့ရှင်။ ၀ယ်သူတွေလည်း အလုအယက်နဲ့ ၊ ဈေးကလည်း သိပ်မသေးလှ ၊ အနိမ့်ဆုံး ၁၂၀၀ကျပ်တန်မှ သောင်းနဲ့ချီတန်တဲ့ အရုပ်လေးတွေကို အလုအယက် ၀ယ်ယူနေကြတာကို တွေ့ခဲ့ရတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းကတော့ ခေတ်ကြပ်ကြီးမို့လို့လားမသိ အစစအရာရာ ရှားပါးတာမို့ ၊ ဒီလို နိုင်ငံခြားဖြစ် ကစားစရာတွေ သိပ်မကစားခဲ့ရသလို ၊ မြင်ရင်လည်း ပူဆာရကောင်းမှန်းမသိခဲ့။ ကိုယ်ဆော့တတ်တဲ့ အိုးပုတ်လေးတွေကိုသာ မက်မက်မောမော လိုချင်ခဲ့တာပါပဲ။ ခေတ်ကာလက ပြောင်းသွားတာလား ကျွန်မကိုက ခေတ်နောက်ကျပြီး ကျန်ခဲ့တာလားတော့ မသိ။
FB_IMG_1533571383479.jpg
Crd-src-img

ကျွန်မကတော့ ဘယ်အချိန်မေးမေး အိုးပုတ်လေးတွေကို ချစ်နေတုန်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အိုးပုတ်လေးတွေ ဆိုတာ အိုးပုတ်လုပ်တဲ့ သူတွေရဲ့ လက်နဲ့ တစ်ဆင့်ချင်း ရွံ့နယ်၊ ပုံဖော် ၊ မီးဖုတ် ၊ ဆေးခြယ် လုပ်ရတာမို့လို့ အိုးပုတ်လေးတွေက တစ်ဆင့် လုပ်တဲ့သူရဲ့ စေတနာ ကို ခံစားလို့ ရတယ်။ လက်နဲ့လုပ်ရတာမို့ စက်လိုတော့ အတိအကျမထွက်နိုင် ၊ အရွဲ့အစောင်းလေးတွေလည်း ပါနိုင်သလို ရေနွေးကရားလေးတွေဆိုရင်လည်း ကရားရဲ့ နှုတ်သီးနေရာကနေ ရေထွက်ချင်မှသာထွက်နိုင်မည်။ သို့သော်လည်း ကိစ္စမရှိ၊ အိမ်ရောက်လို့ ကစားရင်းနဲ့ အိုးပုတ် ရေနွေးအိုးလေးက ရေငှဲ့လို့ အဆင်ပြေတယ်ဆိုရင်၊ ဒယ်အိုးလေးတွေ နဲ့ ထမင်းအိုးလေးတွေက ရေမစိမ့်ဘူးဆိုရင်ကို အိုးပုတ်ရွေးခဲ့တဲ့ ကိုယ့်ကိုကိုယ် စိတ်ကြီးတွေဝင်လို့ ကျေနပ်လို့ ။ အဲ့ဒီ့ခံစားချက်က ဘာနဲ့မှ မတူ ။ အိုးပုတ် ဋီကာ ချဲ့ရရင်တော့ တစ်ထောင့်တစ်ညပါပဲ။

ခုခေတ် ကလေးလေးတွေကလည်း အိုးပုတ်ကို သိပ်ပြီး စိတ်မ၀င်စားတော့တာ မထူးဆန်းလှပါဘူး။ ဒီခေတ်လောက် ရွေးချယ်စရာ ပေါများတာ ဒီခေတ်ပဲရှိတာမို့ သူတို့အတွက် အိုးပုတ်လေးတွေထက် သီချင်းဆိုတတ်တဲ့ သံပတ်အရုပ်မလေးတွေ ၊ ရီမုဒ်နဲ့ သွားတဲ့ ကားလေးတွေက ပိုပြီး ဆွဲဆောင်နေမှာပါပဲ။ သို့သော်လည်းပဲ တစ်ဖက်ကကြည့်ပြန်တော့ အိုးပုတ်လုပ်ရောင်းကြတဲ့ မိရိုးဖလာ အိုးပုတ်လုပ်သူတွေအတွက်တော့ အခက်ကြုံကြရရှာပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါပေါများများ မရှိသေးတဲ့ ကျွန်မတို့ နိုင်ငံအတွက် သူတို့ မိရိုးဖလာ လုပ်ကိုင်လာတဲ့ အိုးပုတ်လုပ်ငန်းက မှေးမှိန်လာတော့ သူတို့တွေ ဘာတွေများ လုပ်ကိုင်စားသောက်နေကြရလဲလို့ တွေးမိတယ်။ အိုးပုတ်ဆိုတာ လက်မှုပညာ ကော ၊ အိုးပညာပါ ပါတာမို့ ရိုးရာအနေနဲ့ မတိမ်ကော စေချင်ပါဘူး။

FB_IMG_1533571261623.jpg
Crd-img-src

ဒီတော့ ကျန်တဲ့သူတွေတော့ မပြောတတ်ပေမယ့် ကျွန်မအနေနဲ့ တတ်နိုင်တာလုပ်ပါဆိုရင်တော့ ကျွန်မနဲ့ပတ်သတ် ဆက်နွယ်တဲ့ ၊ ကျွန်မလက်လှမ်းမီတဲ့ ကလေးငယ်လေးတွေကို အိုးပုတ်လေးတွေကို ချစ်တတ်လာအောင် ပြောပြမယ်။ အခါအခွင့်သင့်တိုင်း အိုးပုတ်လေးတွေ လက်ဆောင်ပေးမယ်။ အိုးပုတ်လေးတွေရဲ့ ဖြစ်ပေါ်လာပုံလေးတွေကို နားလည်အောင် ရှင်းပြပေးမယ်။ ဒါမှ သူတို့လေးတွေ အိုးပုတ်လေးတွေကို တန်ဖိုးထားတတ်လာမှာ ဖြစ်သလို ၊ အမြတ်တနိုးနဲ့ လိုချင်လာကြမယ်လို့ ထင်ပါတယ်။
FB_IMG_1533571249921.jpg
Crd-img-src
ပြီးတော့လေ… ဒီ သြဂုတ်လမှာ ကျင်းပမြဲဖြစ်တဲ့ တစ်နိုင်ငံလုံးမှာ မန္တလေး အိုးဘိုရပ်မှာပဲ ကျင်းပတဲ့ မြန်မာ့အိုးပုတ်ပွဲတော်လေးကိုလည်း ရောက်ဖူးအောင် သွားဦးမယ်၊ အိုးပုတ်လေးတွေလည်း ၀ယ်ဦးမယ်လို့ စိတ်ကူးထားတယ် ၊ အိုးပုတ်ပွဲလေးက ဒီလရဲ့ (၁၉)ရက်နေ့မှာ လုပ်မှာဆိုတော့ သိပ်တောင် မလိုတော့ဘူး။ အဲ့ဒီ့အခါကျရင် အိုးပုတ်အစုံအပြင် ဖရုံသီးပုံ မြေစုဘူးလေးလည်း ၀ယ်လာဦးမယ် ။ သားလေးကို ပိုက်ဆံစုတယ်ဆိုတာ အခြေခံလေး သင်ထားလို့ရအောင်လို့လေ..။
22-49-35-3.jpg
Crd-img-src

ဒီအိုးပုတ်ပွဲတော်လေးဟာလည်း တောင်ပြုံးပွဲနဲ့ ဆက်စပ်တယ်လို့ ဆိုတယ်။ တောင်ပြုံးပွဲ မစခင် တစ်ရက်အလိုမှာ ကျင်းပသလို အဲ့ဒီ့တစ်ရက်တည်းပဲ ရောင်းချကြတာဆိုတော့လေ.. တစ်နှစ်မှာမှ တစ်ကြိမ်၊ တစ်ကြိမ်မှာမှ တစ်ရက်တည်း ကြုံရမယ့် ပွဲလေးဆိုလည်း မမှားပါဘူး။ အကယ်၍များ အိုးပုတ်ပွဲလေးရောက်ခဲ့ရင် ကျောက်ခတ်ပန်း ခေါင်းဆောင်းလေးလည်း ဆောင်းပြီး ဓါတ်ပုံရိုက်ခဲ့ဦးမှာ..။

အိုးပုတ်လေးများ အဓွန့်ရှည်တည်တံ့နိုင်ပါစေလို့ ဆန္ဒပြုရင်း ……
ငယ်ငယ်တုန်းက ကလေးဘ၀ကို လွမ်းမောရင်း ……။

@suhtetaung
MSC-264

Sort:  

ငယ်ငယ်က စုဗူးကို ပစ်တိုင်းထောင် အိုးပုတ်အကြီးနဲ့ စုဖူးတယ်
အခုခေတ်ကလေးတွေ သိပ်မဆော့ကြတော့ဘူး ဖုန်းဘက် အာရုံရောက်နေပြီ

ဟုတ်တယ် တို့တုန်းကတော့ အိုးပုတ်ပဲ ကစားစရာရှိတာကိုးလေ

အိုးပုတ်လေးတွေကိုအမြဲမြတ်နိုးမိပါတယ်သမီးရေ

ဟုတ် အန်တီ... မျိုးဆက်သစ်လေးတွေကိုလည်း ချစ်တတ်စေချင်မိတယ်...။

ကျွန်‌‌တော်‌တို့ရဲ့ ယဉ်‌‌ကျေးမှုအ‌မွေအနှစ်‌‌လေး‌တွေပါ။

ဟုတ်တယ်နော်..။ ရိုးရာလက်မှုပညာလေးတွေမို့ တန်ဖိုးထား ထိမ်းသိမ်းရမယ်...။

ချစ်​စရာအိုးပုတ်​​လေး​တွေ​ရောင်​စုံဘဲ😍
မြန်​မာ့အိုးပုတ်​ပွဲ​တော်​​ရောက်​ရင်​လည်းလှပတဲ့အိုးပုတ်​​တွေနဲ့ပိုစ့်​တင်​​ပေးပါလို့....👍

သွားဖြစ်ရင် တင်ဦးမှာ.... 💓🖼💓🖼

ငယ်ငယ်ကဆော့တဲ့တာတွေ အမှတ်ရမိသေးတယ်ဗျာ

အယ် မောင်လေးတို့လည်း ဆော့တယ်လား ...

ဒီမြန်​မာ့်ယဉ်​​ကျေး မှူ​လေး​တွေ ​ပြောက်​ သွားမှာ စိုးရိမ်​မိတယ်​ဗျာ

ဟုတ် တယ် အစ်ကိုရေ.. ဟိုတစ်ခါ အစ်ကိုယု တင်တဲ့ပို့စ်ထဲကလို ယောင်ပေဆူးဆံပင်လေးတွေ ၊ အုပ်လုံးသိမ်း ဆံပင်လေးတွေလိုပဲ ထိမ်းသိမ်းကြရမယ့် ရိုးရာလေးတွေပေါ့...

အခုခေတ်မှာတော့ သိပ်မတွေ့ရတော့ပဲ ကလေးများအတွက် ရွေးချယ်စရာ အများကြီးဖြစ်သွားတာကြောင့်ပေါ့။ဒါပေမဲ့ ရိုးရာလက်မှုပညာလေးတော့ အမြတ်တနိုးရှိစေချင်မိပါတယ်။တန်ဖိုးသိအောင်ပြောပြကြရမှာပေါ့။ကောင်းသော post လေးပါ။

Congratulations @suhtetaung! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do you like SteemitBoard's project? Then Vote for its witness and get one more award!

အိုးပုတ်လေးတွေက လိုချင်စရာပါဟယ်
ခုခေတ်ကလေးလေးတွေက ကစားစရာတွေပေါတော့ မမက်မောတော့တာပါ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62579.42
ETH 3010.71
USDT 1.00
SBD 3.42