"မမေ့ ပါနဲ့ "

in #poem8 years ago

"မမေ့ ပါနဲ့ "

ကမ်းပါးအိုရဲ့ ပြိုပျက်အပိုင်းအစတွေက
သမုဒ္ဒရာနက်နက်ထဲကို တဖွဲဖွဲကြွေကျတယ်

တေလေငှက်တချို့ကလည်း
ကမ္ဘာမြေကြီးရဲ့ဆွဲငင်အားနှင့် ဆန့်ကျင်စွာ
လေထုထဲမှာ ဖွာလန်တွေကျဲလို့

လွင့်မျောတိမ်တိုက်တွေကို ငေးမောရတာနဲ့
ပင်လယ်ကြီးတောင် ဆက်လက်စီးဆင်းဖို့မေ့လျော့နေတဲ့ထိ

သက်တမ်းကုန်ကြယ်တစ်သင်း
အပြိုင်းအရိုင်း ကြွေဆင်းနေလိုက်ပုံများ
နက္ခတ်သဘင်ပွဲတောင် ပျက်သုန်းသွားခဲ့ပေါ့

မိုးသောက်ကြယ်လေးက တိုးတိုးလေးငြီးတယ်
ဒီတညလေးပါပဲ သူမိုးမလင်းချင်သေးဘူးတဲ့

အင်္ဂါဂြိုလ်မှာ စံပါယ်ရိုင်းတွေပွင့်ဝေတဲ့နေ့
နှလုံးသားတောလဲသံတစ်ခု
ချစ်သူရှိရာရပ်ဝန်းမှာ အထပ်ထပ်မြည်းဟီးသွားတယ်

စွယ်တော်တွေဖူးပြီး လေရူးတွေမြူးတဲ့
နွေဦးရဲ့အဲဒီနေ့မှာ
သစ္စာပန်းလေးရဲ့အချစ်ဦးဟာ ကျတော်ဖြစ်တယ်

ဗီးနပ်ရေ ခင်များရဲ့အတောင်ပံတစ်ဖက်
ကျတော့်ချစ်သူအတွက် ခဏငှားပါ
မနက်ဖြန်ကျရင် ဆက်ဆက်ပြန်ပေးမှာပေါ့

သူနဲ့ကျတော့်ရဲ့ ချစ်သက်သေတည်ပွဲလေးကို
ဘုံခုနှစ်ဆင့်မှာကျင်းပမလို့
ကောင်းကင်ဘုံရယ်ငြိမ်သက်ပေးပါ
ကြယ်တာရာတွေရယ် ကောင်းချီးပေးပါ
ချစ်သူရယ် ရင်ခုန်သံတွေပေးပါ
အရာအားလုံးဟာ ခုတော့
ငြိမ်သက်စွာ တိုးတိတ်စွာ ရင်ခုန်လှိုက်မောစွာ ။

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.104
BTC 65011.48
ETH 1955.53
USDT 1.00
SBD 0.37