လယ်​သမား

in #srl-zone6 years ago

{တောင်သူလယ်သမားများ၏ ဇာတ်သိမ်းခန်း (သို့မဟုတ်) ပညာခေတ်}

စာရေးသူတို့ငယ်စဉ်၊ လွန်ခဲ့တဲ့ အနှစ်လေးဆယ်လောက်က တောသူတောင်သား တစ်ယောက်အနေနှင့် စတုတ္ထတန်းဟာ ပညာရေး ဆုံးခန်းတိုင်တဲ့ အတန်းဖြစ်ပါတယ်။ ဒါဟာ ယောက်ျားလေးတစ်ယောက်ဆိုရင် ပြောတာပါ။ မိန်းခလေးဖြစ်ခဲ့ရင်တော့ စတုတ္ထတန်းအထိ မရောက်သူတွေတောင် အများအပြား ရှိခဲ့ပါတယ်။

တောင်သူလယ်သမား တစ်ယောက်အနေနဲ့ မိမိတို့ သားသမီးရဲ့ ပညာရေးကို ဦးစားမပေးနိုင်တဲ့ အကြောင်းတွေ များစွာရှိခဲ့ပါတယ်။ အဲဒီအကြောင်းတွေထဲက ထင်ရှားတဲ့ အကြောင်းတွေကို ထုတ်ပြရရင်; မိမိကိုယ်တိုင်က ပညာမတတ်ခြင်း၊ မိမိကိုယ်တိုင် ပညာမတတ်သည့်အတွက် ပညာရေးရဲ့ အရေးကြီးပုံကို မသိခြင်း၊ သားသမီးများကို ပညာရေးထောက်ပံ့ရန်အတွက် ငွေကြေးပြည့်စုံမှု မရှိခြင်း၊ တောကျောင်းများဟာ စတုတ္ထတန်းအထိပဲ ရှိတဲ့အတွက် နီးစပ်ရာ မြို့ကျောင်းပို့ရခြင်း၊ မြို့ကျောင်းမှာ စရိတ်စက ကုန်ကျခြင်း၊ အရွယ်ရောက်ပြီးဖြစ်တဲ့ သားသမီးရဲ့ လုပ်အားကို မျှော်ကိုးခြင်း စသည်တို့ ဖြစ်ပါတယ်။

သားသမီးဘက်က ကြည့်မယ်ဆိုလျှင်လည်း လေးတန်းလောက်နဲ့ ကျောင်းထွက်ရခြင်းဟာ ဘဝတစ်ခုအတွက် အခွင့်အရေးတွေ ဆုံးရှုံးနစ်နာသွားပြီ၊ အောင်မြင်မှု လမ်းကြောင်းတွေ ပိတ်သွားပြီလို့ မထင်ခဲ့ကြပါဘူး။ မထင်ရတဲ့ အကြောင်းကတော့ ခေတ်စနစ်အရ အားလုံးရဲ့ အမြင်ဟာ တူနေကြလို့ပါပဲ။ အဲဒီထဲကမှ အတွေးအခေါ် အမြော်အမြင်ရှိသူရဲ့ သားသမီးက ပညာဆက်သင်ဖို့ မြို့ကျောင်းသွားသည်ဟု ကြားလျှင်တောင် ဝေဖန်ရှုံ့ချစရာ အဖြစ်ပင် မြင်ကြပါတယ်။

ထိုကဲ့သို့ ဝေဖန်လျှင်လည်း အပြစ်တော့ မဆိုသာပါ။ “မိဘလက်ငုတ်လက်ရင်း ဖြစ်တဲ့ လယ်ယာလုပ်ငန်းနှင့် သာယာအေးချမ်းတဲ့ ဘဝတစ်ခုကို ထူထောင်နိုင်ချိန်မှာ ပညာတတ်ကြီး ဖြစ်တော့ကော ဘာထူးမှာလဲ၊ ဘယ်လိုအလုပ်မျိုး ရမှာလဲ” ဟု မေးစရာ ဖြစ်နေသော ခေတ် ဖြစ်သောကြောင့် ဖြစ်ပါတယ်။


အခုတော့…. အချိန်အခါတွေ ပြောင်းခဲ့ပါပြီ။ ခေတ်စနစ်တွေ ပြောင်းလဲခဲ့ပါပြီ။ ခေတ်စနစ်နဲ့ လိုက်လျောညီထွေ မရှိသူတွေ လမ်းစပျောက်ပြီး နောက်ကောက်ကျကျန်ခဲ့မှာ စာရေးသူအနေနဲ့ မြင်ယောင်မိပါတယ်။

ခေတ်အခါအရ တနိုင်တပိုင် လုပ်ကိုင်စားသောက်လာကြတဲ့ ဘိုးဘွားလက်ငုတ် လယ်ယာလုပ်ငန်းဟာ တခန်းရပ်နားရန် ဇာတ်သိမ်းခန်းဘက်ကို ဦးတည်လို့သွားနေပါပြီ။

တောင်သူလယ်မားများရဲ့ “သီးနှီးထွက်နှုန်းနဲ့ လုပ်အားခ မမျှဘူး” ဆိုတဲ့ ငြီးငြူသံကို နိုင်ငံအဝန်း ပဲ့တင်ထပ်မျှ ကြားနေရပါပြီ။ စက်မှုလုပ်ငန်းနှင့် ပတ်သက်ပြီး ဆယ်စုနှစ်ပေါင်းများစွာ နောက်ကျ ကျန်ခဲ့တဲ့ မြန်မာလယ်သမားတွေဟာ တိုးတက်မှုရဲ့ အစဖြစ်တဲ့ သူတို့ရဲ့လယ်ယာလုပ်ငန်းမှာ စက်ပစ္စည်းတွေ ဝင်ရောက် နေရာယူလာတာနဲ့ ပတ်သက်ပြီး မျှော်လင့်မထားတဲ့ လှိုင်းလုံးများ ပုတ်ခတ်ခံနေရပါပြီ။

နွားနဲ့အတူရုန်းပြီး လုပ်ခဲ့တဲ့ လယ်သမားဘဝဟာ ဇာတ်သိမ်းခန်းကို ရောက်တော့မယ် လို့ ဝမ်းနည်းကြေကွဲစွာ ပြောရမယ့် အနေအထားပါ။ “အဲဒီလို ဖြစ်သင့်လို့လည်း ဖြစ်လာတာပါ” လို့ အကောင်းဘက်ကလည်း မြင်လို့ရပါတယ်။ တကယ်တော့ လယ်သမားဟာ သူ့ရဲ့ လုပ်အားကို မတန်တဆ၊ နိမ့်ကျတဲ့ ဈေးနှုန်းနဲ့ ရောင်းချ နေခဲ့ကြရတာပါ။ အဲဒါနဲ့ပတ်သက်ပြီး ဘယ်သူမှ ထူးထူးထွေထွေ စဉ်းစားမှု မပြုခဲ့ကြသလို၊ စဉ်းစားမိလျှင်လည်း တခြား ရွေးစရာ အနေအထား မရှိခဲ့ကြပါဘူး။

အခုနောက်ပိုင်းမှာ နိုင်ငံရပ်ခြားကိုသွားပြီး အလုပ်လုပ်လို့ရတဲ့ အခွင့်အရေးတွေ ပေါ်လာပါတယ်။ နောက်လူငယ်တွေဟာ လယ်ယာလုပ်ငန်းကို စိတ်ဝင်စားမှု နည်းလာပြီး လယ်သမားအလုပ်နှင့် စာလျှင် လုပ်အားနဲ့တန်တဲ့ ဝင်ငွေရရာ နိုင်ငံရပ်ခြားကို အလုပ်လုပ်ဖို့ ထွက်ခွါသွားကြပါတယ်။

လယ်သမားအတွက်တော့ စက်မှုတိုးတက်လာတာနဲ့ လူငယ်တွေ နိုင်ငံရပ်ခြား ထွက်သွားတာဟာ တနိုင်တပိုင် မိရိုးဖလာ လယ်ယာလုပ်ငန်း တစ်စခန်းရပ်နားရန် ‘perfect storm’ ဖန်တီးပေးလိုက်သလို ဖြစ်နေပါတယ်။


စက်တွေ ဝင်လာတဲ့ အခါမှာ တစ်နေကုန် နွားတစ်ယှဉ်းနဲ့လူတစ်ယောက် ရုန်းရမယ့် လုပ်ငန်းကို စက်က မိနစ်ပိုင်းအတွင်း၊ နာရီပိုင်းအတွင်း ပြီးမြောက်စေတယ်ဆိုတာကို မျက်မြင်ကိုယ်တွေ့ ကြုံကြရပါတယ်။ အချိန်အခါနဲ့ လုပ်ရတဲ့ လယ်ယာလုပ်ငန်းဟာ လုပ်ငန်း မြန်ဆန်တွင်ကျယ်တဲ့ စက်ကို အားကိုးစရာ ဖြစ်လာပါတယ်။

စက်ကိုအားကိုးရတဲ့ နောက်ထပ်အကြောင်းတစ်ခုကတော့ လယ်ယာလုပ်ငန်းမှာ ရှေးအစဉ်အလာရ အားကိုးခဲ့ရတဲ့ မျိုးဆက်သစ် သားမြေးတွေဟာ အထက်မှာ ဆိုခဲ့သလို နိုင်ငံရပ်ခြားကို ရောက်ကုန်ကြတာပါပဲ။

စက်ကို သုံးရာမှာ ပထမတော့ ထွန်ယက်ချိန်၊ နောက်တဖြည်းဖြည်းနဲ့ ရိပ်သိမ်းမှု တွေမှာပါ အသုံးပြုလာရပါတယ်။ စက်နဲ့လုပ်လို့ မရသေးတဲ့ ကိစ္စတွေမှာ အပြင်လူ ငှားပြီးလုပ်ရပါတယ်။ လူငယ်တွေ ထွက်သွားတာနဲ့အမျှ အလုပ်သမားရှားလာပါတယ်။ လုပ်အားခ ဈေးနှုန်းတွေ တက်လာသလို၊ အလုပ်သမားကိုပင် ခယ ရတဲ့ အခြေအနေကို ရောက်လာပါတယ်။

ဘိုးစဉ်ဘောင်ဆက်က မိသားစု ဝိုင်းလုပ်ပြီး၊ ကုန်ကျငွေဆိုလို့ မျိုးစေ့လောက်သာ ပူပန်ခဲ့ရတဲ့ လယ်ယာလုပ်ငန်းဟာ စီးပွါးရေးလုပ်ငန်းကြီးကဲ့သို့ ဝင်ငွေ ထွက်ငွေတွေကို အသေးစိတ် စီစစ်ရမယ့် အချိန်ကို ရောက်လို့ လာခဲ့ပါတယ်။ နှစ်ကုန်လို့ စာရင်းချုပ်လိုက်ချိန်မှာတော့ မိုးလေဝသ မှန်ကန်တဲ့နှစ်ဆိုလျှင် စရိတ်စက ရှင်းပြီး၊ မိသားစုစားရန် သီးနှံလေး အနည်းငယ် ကျန်ခဲ့ပေမယ့်၊ မိုးလေဝသ မမှန်တဲ့နှစ်မှာတော့ အရှုံးများပင် ပေါ်လာပါတော့တယ်။

လယ်ယာလုပ်ငန်းမှာ မိုးမမှန်လို့ မျိုးစေ့ဆုံးတယ်လို့ ကြားရတဲ့ ခေတ်ကနေ မိုးမမှန်လို့ ကုန်ကျစရိတ်အတွက် လယ်ယာကိုပင် ရောင်းချပေးရတယ် ဆိုတဲ့ ခေတ်ကို ရောက်နေပါပြီ။


မဝေးတော့သော အနာဂတ်ကို လှမ်းမျှော်၍ ကြည့်လိုက်မည်ဆိုလျှင် မိရိုးဖလာ လယ်ယာလုပ်ငန်းကနေ စက်မှုလယ်ယာ လုပ်ငန်းဘက်ကို ကူးပြောင်းသွားပါလိမ့်မယ်။ လယ်သမား အများစုဟာ လယ်ယာလုပ်ငန်းကို ရပ်နားပြီး အဝေးရောက် သားသမီးများရဲ့ ထောက်ပံ့မှုသာ အဓိကဝင်ငွေ ဖြစ်လာပါလိမ့်မယ်။

လယ်ယာတွေဟာ လက်ချိုးရေလို့ ရလောက်တဲ့ လူတစ်စုရဲ့ လက်ထဲကို ရောက်သွားပြီး၊ နောက်ဆုံးမှာ လယ်သမားဆိုတဲ့ လူတန်းစားဟာ သီးနှံပင်တောင် ကောင်းကောင်း မမြင်ဖူးပဲ စားပွဲကုလားထိုင်နောက်က မိန့်မိန့်ကြီးထိုင်နေတဲ့ ပုဂ္ဂိုလ်ကြီးများသာ ဖြစ်လာပါတော့မယ်။

အဲဒီအချိန် မရောက်ခင်မှာ ကြိုတင်ပြင်ဆင်လို့ ရတာကတော့၊ အဓိက အနေနဲ့ ပညာရေးပါ။ လေးတန်းလောက်နဲ့ ကျောင်းထွက်ပြီး မိယိုးဖလာ လယ်ယာလုပ်ကိုင်ရင်း မိသားစုဘဝကို တည်ထောင်နိုင်ခဲ့တဲ့ ခေတ်မှာ လယ်ယာလုပ်ငန်းနဲ့ ပတ်သက်တာကလွဲပြီး ပညာရေးဟာ အရေးမကြီးဘူးလို့ ထင်ခဲ့ရပေမယ့် အခုအချိန်မှာတော့ ပညာသည်သာ ဘဝရဲ့ လမ်းကြောင်းမှန်ကို ပို့ပြီး၊ ပညာသည်သာ မိသားစု စားဝတ်နေရေးကို ထောက်ပံ့နိုင်မှာ ဖြစ်ပါတော့တယ်။

ပညာရေးဟာ ခေတ်အခါတိုင်းမှာ အရေးကြီးပေမယ့်၊ အခုအချိန်ကစပြီး ခေတ်အဆက်ဆက် ကထက် ပိုပြီး လိုအပ်လို့ လာပါပြီ။ လယ်သမား သားသမီးဟာ မြို့ကြီးပြကြီးက ပညာတတ်တွေနဲ့ ယှဉ်ရပါတော့မယ်၊ နိုင်ငံရပ်ခြားက ပညာရော အထွေထွေ ဗဟုသုတမှာပါ သာတဲ့ သူတွေနဲ့ လက်တွဲရပါတော့မယ်။

အတန်းပညာ အနေနဲ့ အနည်းဆုံး၊ အထက်တန်းလောက်အထိ တက်နိုင်အောင် ကြိုးစားရပါလိမ့်မယ်။ အထက်တန်းအောင်တဲ့ အချိန်မှာတော့ ပညာရေးဘက်မှာ အားသာသူဟာ တက္ကသိုလ် ဆက်တက်ရပါမယ်။

ပညာရေးမှာ အားမသာပဲ လုပ်ငန်းခွင် ဝင်ချင်သူများအတွက်တော့ ၆လမှ ၂ နှစ်လောက်ရှိတဲ့ vocational training တွေ ဆက်ပြီး တက်ရပါမယ်။ နိုင်ငံတော် အနေနဲ့လည်း vocational schools တွေ အမြောက်အများ ဖွင့်ပေးဖို့လိုအပ်ပါလိမ့်မယ်။

လေးတန်းအောင်လျှင် ကျောင်းထွက်ပြီး မိဘလက်ငုက်၊ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ခဲ့တဲ့ သားသမီးတွေဟာ စတုတ္ထတန်း- ပညာရေး လောက်နဲ့ အဆင်မပြေတော့ပါဘူး။ အတန်းပညာတတ်သလို၊ အထွေထွေဗဟုသုတ ပိုင်းမှာလည်း ခေတ်နဲ့အမှီလိုက်နိုင်အောင် စာဖတ်ရပါမယ်။

စာဖတ်ရာမှာ နိုင်ငံရေး၊ စီးပွါးရေး ခွဲခြားမှုမရှိပဲ ရနိုင်သမျှ စာစောင်တွေကို ဖတ်သလို၊ တစိမ့်စိမ့်နဲ့ စိမ့်ဝင်ရမယ့် အထင်ကရပုဂ္ဂိုလ်ကြီးများရဲ့ အတ္ထုပ္ပတ္တိများ၊ လောကနီတိ လမ်းညွှန်များနဲ့ ဘာသာရေးစာအုပ်များလည်း ပါဝင်ရပါလိမ့်မယ်။

မိဘလယ်သမားများ အနေနဲ့လည်း ပြောင်းလဲလာတဲ့ ခေတ်စနစ်ကို သိမြင်လက်ခံပြီး သားသမီးများရဲ့ ပညာရေးကို ရှေ့တန်းတင်ဖို့ လိုအပ်လာပြီလို့ သဘောပေါက်သင့်ကြောင်း၊….. လျှင်မြန်စွာပြောင်းလဲနေသော မြန်မာလယ်သမားများရဲ့ အခြေအနေကို လေ့လာသုံးသပ်၍ တင်ပြလိုက်ရပါတယ် ခင်ဗျာ။

မေတ္တာဖြင့်
image

@claye

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 62349.28
ETH 3026.88
USDT 1.00
SBD 3.67