ထွန်းတောက်သမီးသို့ပေးစာများ(၆ မှ ၁၀ အထိ)

in #steemit4 years ago (edited)

FB_IMG_1593566466316.jpg

" ထွန်းတောက်သမီးသို့ - ပေးစာ " ( ၆ )

    ရေပူကန် ကြာမလန်းသလို

မင်းပျိုးခဲ့တဲ့ ကိုယ့်မေတ္တာဥယျာဉ်မှာ
အချစ်ပန်းတွေ နွမ်းခြောက်မှာတော့စိုးမိတယ်။
အင်အားကြီးသူ ပိုင်ဆိုင်ရစတမ်းဆိုရင်
မပြည့်မစုံနဲ့ကိုယ်တစ်ယောက်
နောက်ကောက်ကျခဲ့မယ်ထင်ပါရဲ့
ရှေးဘဝကုသိုလ်အကြောင်းဖုံ မပြည့်စုံလေတော့
တစ်ခါတစ်လေများတော့ အားငယ်မိတယ်ကွာ -
ဒါပေမယ့် ဒါပေမယ့်ပေါ့လေ
" သစ္စာမှန်ရင်ပေါင်းရစမြဲ " ဆိုတဲ့
အားနွဲ့သူ အဖော်ပြုပေးတဲ့အတွေးလေးနဲ့
ကိုယ် မျှော်လင့်နေတုန်းပဲ မိကြယ်စင် -
ဖွင့်ပြောဖို့ဝန်လေးတတ်သူ
မာနတွေ တံခွန်ထူထားလို့ဟုတ်ပါဘူး
အပူအပင်တွေ မဝေမျှနိုင်လို့ပါ မိကြယ်စင်ရယ် ---

                                          ရိုစင်နောင်

FB_IMG_1593566466316.jpg

" ထွန်းတောက်သမီးသို့ - ပေးစာ " ( ၇ )

    မိကြယ်စင်ရေ -

ကိုယ့်ပစ္စုပ္ပန်ခံစားမှုတွေ , အနာဂတ်မျှော်လင့်ချက်တွေ
မင်းရဲ့သံယောဇဉ်မျက်ဝန်းအကြည့်နဲ့
ချည်နှောင်ထုပ်ပိုးခြင်းကို ခံရတဲ့နေ့ကစလို့
ကိုယ်တစ်ယောက် မင်းရဲ့သားကောင်ဖြစ်ပြီးသားပါ။
" ထားရာနေ စေရာသွား " မဟုတ်သည့်တိုင်
မင်းဘဝရဲ့တစ်စိတ်,တစ်ပိုင်း,တစ်ဒေသလေးတောင်မှ
ကိုယ့်ဘဝရဲ့အရာအားလုံးပါပဲကွာ -
ကိုယ်ပျော်ပါတယ် -
စိတ်အလိုကျ တောင့်တလာချိန်မှာ
ဖြစ်တည်ခွင့်ရတဲ့ အချစ်မျိုးနဲ့မဟုတ်ဘူး၊
နှလုံးသားမှာစုတည်ကာ ဒီနေ့မှသည်နောင်ဘဝထိ
ရည်စူးမိတဲ့ မေတ္တာမျိုးနဲ့ပါ။
လူသားတိုင်းရဲ့သဘာဝအတွေးခံယူချက်ဟာ
ပြဒါးမှန်ကိုကြည့်ရသလို
ကိုယ်ပြုံးလို့မှန်ထဲပြုံးတာကို သတိမထားဘဲ
သူမဲ့ရင် ကိုယ်ရွဲ့မယ်ဆိုတာမျိုးက ပိုများပါတယ်။
သူဘယ်လောက်ပဲမဲ့ရွဲ့ပြနေပါစေ
ကိုယ့်ဘက်က ပြုံးဖြစ်အောင်ပြုံးပြတဲ့သူလို
ကိုယ်ဟာလည်းပဲ မင်းဘက်ကမချစ်ခဲ့ရင်တောင်မှ
အစဉ်ထာဝရမြတ်နိုးနေမှာကိုတော့ဖြင့်
မင်းယုံကြည်ပေးပါ မိကြယ်စင် -----

                                         ရိုစင်နောင်

FB_IMG_1593566466316.jpg

" ထွန်းတောက်သမီးသို့ - ပေးစာ " ( ၈ )

   တကယ့်လက်တွေ့ဘဝဆိုတာ

ဝတ္ထုဇာတ်ညွှန်းတွေထဲကလောက်တော့
ဘယ်လွယ်ကူပါ့မလဲ -
ဒါပေမယ့် - မှတ်သားဖူးတာလေးတွေတော့
ပြန်ပြောပြချင်တယ် မိကြယ်စင် -
" ဒုံးပျံတွေ , လေယာဉ်ပျံကြီးတွေရဲ့အစဟာ
စိတ်ကူးယဉ်ခြင်းက စတင်ကြပါသတဲ့ "
စိတ်ကူးအိပ်မက်ကို တကယ်လက်တွေ့ဖြစ်အောင်
အကောင်အထည်ဖော်ချင်တဲ့ဆန္ဒ
ကြိုးစားလုပ်ကိုင်တဲ့ ဝီရိယ
အကြိမ်ကြိမ်ကျရှုံးမှားယွင်းမှုတွေကို
အခါခါပြန်စမ်းသပ်ကာ ပြုပြင်နိုင်တဲ့ပညာ
အောင်မြင်မှု မအောင်မြင်မှုတွေကို ပဓာနမထားဘဲ
အလုပ် လုပ်နေခြင်းသည်သာ ဆုလာဒ်တစ်ခုလို့
တွေးထင်မှတ်ယူခြင်း
မဖြစ်နိုင်တာကို သိပ်မစဉ်းစားကြပါဘဲ
ဖြစ်နိုင်အောင်လုပ်ကိုင်မယ်ဆိုတဲ့ စိတ်ဓာတ်တွေကြောင့်
ဒီလောကကြီးမှာ လက်တွေ့တီထွင်ဖန်တီးမှုတွေ
ဖြစ်လာကြလေရဲ့ -
ဒီလိုပါပဲကွာ
ကိုယ့်ရဲ့စိတ်ကူးယဉ် နှလုံးသားကို
အတွေးအိပ်မက်တွေနဲ့ အသက်သွင်းနိုင်ဖို့အတွက်
ကိုယ့်ကို မင်းအမြဲချစ်နေမှဖြစ်မယ် မိကြယ်စင် ----

                                        ရိုစင်နောင်

FB_IMG_1593566466316.jpg

" ထွန်းတောက်သမီးသို့ - ပေးစာ " ( ၉ )

   " နေမင်းကြီးပေါ်ထွက်လာတာကို ကြည့်ရင်းနဲ့

ပြီးပြည့်စုံတဲ့ဘဝအရသာကို ခံစားမယ်ပေါ့ "
ဒါ ငယ်ငယ်တုန်းကစိတ်ကူးပါ။
တကယ်လက်တွေ့ဘဝမှာ နေမင်းကြီးပေါ်ထွက်လာတာကို
ကြည့်နေဖို့ အချိန်မရှိခဲ့သလို
ပြီးပြည့်စုံတဲ့ဘဝအရသာကို ခံစားဖို့အတွက်လည်း
ကံ ပါမလာခဲ့ဘူးလေ -
ယုံကြည်ကိုးစားထားတဲ့ မျှော်လင့်ချက်တွေ
အသက်တစ်မျှတန်ဖိုးထားရတဲ့ ရည်ရွယ်ချက်တွေ
ဒါတွေအားလုံး ကိုယ့်အပေါ်မှာ
အကြောင်းအမျိုးမျိုးပြပြီး သစ္စာဖောက်သွားကြပြီ -
" တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ " ဆိုတဲ့
ပုံပြဆိုရိုးသာမရှိခဲ့ရင် ဒီလောကကြီးမှာ
ကိုယ်တစ်ယောက် ရှိချင်မှလည်းရှိတော့မှာပါ ။
အခုတော့ မိကြယ်စင်အတွက်နဲ့သာ
အသက်ဆက်နေဦးမယ် မိကြယ်စင် -----

                                              ရိုစင်နောင်

FB_IMG_1593566466316.jpg

" ထွန်းတောက်သမီးသို့ - ပေးစာ " ( ၁၀ )

     " လှသောအိပ်မက် ပြန်မမက်တတ်ဘူး " တဲ့

သန္တာရောင်ဖန်စီမီးအိမ်တွေနဲ့ ဆင်မြန်းထားတဲ့
ကိုယ်တို့နှစ်ယောက်ရဲ့အတိတ်ရောင်စုံညလေး
အရင်လို ပြန်ရနိုင်ပါဦးမလား ?
ရည်လဲ့လဲ့မျက်ဝန်းအိမ်မှာ ပျော်ရွှင်ကြည်နူးတဲ့
အရိပ်အယောင်လေးပေါ်လာတဲ့အထိ
မင်း ပြုံးခဲ့သေးတယ်နှော်မိကြယ်စင် -
သိပ်ခါးတယ် ဆိုတဲ့ကော်ဖီတစ်ခွက်ကို
မကုန်အောင်သောက်ရင်းနဲ့
ဟိုး တောင်တန်းကြီးတွေကို ကိုယ်ငေးမောနေမိရဲ့ -
ဒီအချိန်မှာ တစ်ယောက်ယောက်ကများ
" သင်ငိုနေသလား " လို့မေးလာခဲ့မယ်ဆိုရင်
" ဟင့်အင်း " ဟူ၍သာ ပြန်ဖြေမိပါလိမ့်မယ်။
မင်းကိုချစ်လွန်းလို့ ကျလာတဲ့မျက်ရည်တွေဟာ
ဖြိုးဖြိုးဖျောက်ဖျောက်
မိုးရေပေါက်များပမာပါပဲမိကြယ်စင်ရယ် ------

                                                ရိုစင်နောင်

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 65128.28
ETH 2950.17
USDT 1.00
SBD 3.64