ထောင့်ကျဉ်း ထောင့်ကျယ်

in #story6 years ago

မှတ်မှတ်ရရ သည်ရပ်ကွက်ထဲကို သည်လူကြီး ပြောင်းလာတဲ့ နေ့က ခွေးနီတို့ အိမ်မှာလဲ အပျော်လွန်ပြီး ဝုန်းဒိုင်းကြဲနေတဲ့ နေ့။ ခွေးနီ အိပ်ရာက လန့်နိုးလာတော့ အိမ်ပေါ်မှာ မမ သူငယ်ချင်းတွေ ဆယ်ယောက်ထက် မနည်း။ တစ်ယောက်နှင့် တစ်ယောက် အလုအယက် အပြိုင်အဆိုင် အော်ဟစ်ပြောဆို နေကြသော စကားသံတွေ ကလည်း တရစပ်။ နားထောင်သူ မရှိ။ ပြောသူချည်း ဖြစ်နေကြ၏။

အဲသည် ကြားထဲမှာ အမေက သကာရည် လောင်းထားသော မျက်နှာဖြင့် ခြေမကိုင်မိ၊ လက်မကိုင်မိ၊ နောက်ဖေး ဝင်လိုက် အိမ်ရှေ့ ထွက်လိုက်ဖြင့် ယောင်တောင် ပေါင်တောင် ဖြစ်နေလေ၏။

ပြီးတော့မှ ခွေးနီကို အိမ်ထဲ ဆွဲခေါ်ကာ အသံတုန်တုန်ဖြင့် ‘သား လမ်းထိပ်က အကျင်တို့ ဆိုင်ကို သွား၊ နို့မှုန့် တစ်ထုပ်နဲ့ သကြား အစိတ်သား သွားဝယ်၊ ဒီ ပိုက်ဆံငါးဆယ် ပေးခဲ့။ ကျန်တာ အရင်စာရင်းနဲ့ ပေါင်းမှတ်ထားလို့ ပြောနော်။ မမ သူငယ်ချင်းတွေ ကော်ဖီ ဖျော်တိုက်ရအောင်’ ဟု ဆို၏။ ခွေးနီ အိမ်ပေါ်က ဆင်းခဲ့ပြီး လမ်းထိပ်ကဆိုင် အသွားအပြန်မှာ မြင်မြင်သမျှ သူငယ်ချင်းတွေကို ရင်ကော့ပြီး …

"ငါ့အစ်မ ဆယ်တန်း အောင်တယ်ဟေ့"

ဟု အော်ပစ်ခဲ့၏။

ကာယကံရှင် အစ်မ မပြောနှင့် ဒီနေ့ တစ်နေ့လုံး ခွေးနီ ပျော်နေ၏။ ခါတိုင်း နေနေကျ အိမ်သည်ပင် အသစ်အဆန်း ဖြစ်တည်ထားသလို ကျက်သရေ မင်္ဂလာ ရှိနေသည်။ ဟိုလူက လာမေး၊ ဒီလူက လာမေးနှင့် အလွန် မျက်နှာပွင့် နေသော အစ်မဖြစ်သူကို သူရဲကောင်းကြီး တစ်ယောက်လို ခွေးနီ အားကျနေ၏။

အမြဲတမ်း တိတ်တိတ်ဆိတ်ဆိတ် နေတတ်သော အဖေသည် အိမ်ပေါ်မှာ လူရှင်းသွားတော့ အစ်မကို လူကြီး တစ်ယောက်လို ဆက်ဆံ ပြောဆိုတာကိုလည်း ခွေးနီ အံ့ဩရပြန်၏။

"ငါ့သမီးကြီး ဆယ်တန်းကို နှစ်ချင်းပေါက် အောင်တာ အဖေတို့ အတွက်တော့ ဘာနဲ့မှ လဲလို့ မရတဲ့ ပျော်ရွှင်မှုပဲ၊ ငါ့သမီးကို အဖေ သိပ်ပြီးတော့လဲ ကျေးဇူးတင်တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ အဖေရဲ့ အထက်တန်းစာရေး လစာနဲ့ ခြစ်ခြစ်ခြုတ်ခြုတ် ကျောင်းထားရတဲ့ မိဘတွေကို နှစ်နှစ် သုံးနှစ် အောင်းပြီး ဒုက္ခမပေးလို့ ပေါ့ကွယ်၊ ပြီးတော့ သမီးရဲ့ အောင်မြင်မှုကြောင့် အဖေတို့လဲ မျက်နှာပွင့် ရတယ်"

အဖေ့ကို ကြည့်ပြီး ခွေးနီ သနားသွားသည်။ အမေ့မျက်ဝန်း ထဲမှာလည်း မျက်ရည်တွေ လည်နေသည်။ ပြီးတော့ အဖေ ဆက်ပြောသည့် စကားများက ကလေးပေမဲ့ ခွေးနီ နားထဲဝင်သည်။

"မနေ့တုန်းကနဲ့ သည်ကနေ့တောင် သမီးရဲ့ တန်ဖိုးဟာ အများကြီး ကွာသွားပြီ ဆိုတာ သမီး ကိုယ်တိုင် သိရဲ့လား၊ ဥပမာ သတင်းစာ တစ်စောင် ဖတ်ရင်တောင် သိသာနေပြီ"

အမေနှင့် မမရော၊ ခွေးနီပါ အဖေ့မျက်နှာကို ငေးကြည့် နေမိကြ၏။

"မနေ့ကအထိ သတင်းစာထဲက ကြော်ငြာတွေဟာ သမီးအတွက် ရုပ်ရှင် ဗွီဒီယို၊ ကာတွန်း စာအုပ်လို ကြော်ငြာမျိုးတွေပဲ စိတ်ဝင်စားခွင့်၊ ဖတ်ခွင့်၊ လုပ်ပိုင်ခွင့် ရှိတယ်၊ ဟော ဒီကနေ့က စပြီး အလုပ်ခွင် သင်တန်းတွေ၊ တက္ကသိုလ် အသီးသီးရဲ့ ဝင်ခွင့်ကြော်ငြာတွေ၊ အခြေခံပညာ အထက်တန်းအောင် အဆင့် ဌာနဆိုင်ရာ အလုပ်ခေါ်စာတွေ သမီး ဖတ်ခွင့် ရှိလာပြီ၊ ရွေးချယ်ခွင့် ရှိလာပြီ၊ အကောင်အထည် ဖော်ခွင့် ရှိလာပြီ၊ သမီး ဘာလုပ်ချင်သလဲ၊ ဘယ်သင်တန်း တက်ချင်သလဲ၊ အလုပ် ဝင်ပြီးတော့လည်း အဝေးသင် တက္ကသိုလ်ကနေ ဘွဲ့ယူဦးမလား၊ သို့မဟုတ် ဝါသနာပါတဲ့ အသက်မွေးမှုသိပ္ပံ တစ်ခုခုကို ဝင်ဖြေမလား၊ သမီးရဲ့ အနာဂတ်ကို သမီး လှပအောင် စိတ်ကူးခွင့်၊ အကောင်အထည် ဖော်ခွင့် ရှိသွားပြီ ..."

အဖေ့ စကားကြောင့် ခွေးနီပင် ဆယ်တန်းကို အခုချက်ချင်း ထအောင်ချင် စိတ်တွေ တဖွားဖွား ပေါ်လာ၏။ အမေကလည်း မမ ပခုံးကို ဖက်၍ ...

"ပညာတွေ အများကြီး တတ်တော့ ဘဝကို မပင်ပန်းဘဲ လူတန်းစေ့ တည်ဆောက် နိုင်တာပေါ့ သမီးရယ်"

အဲဒီ အချိန်မှာပဲ ဟိုဘက်အိမ်က လူသံ ဆူသံတွေ ဆူညံ ဆူညံနှင့် ပစ္စည်းတင်သံ၊ ချသံ ရွှေ့သံ ပြောင်းသံတွေက ခွေးနီတို့ စကားဝိုင်းကို အာရုံပြောင်း သွားစေသည်။ အမေက ခေါင်းရင်း ပြတင်းပေါက်က မျှော်ကြည့်ပြီး …

"ဟိုဘက်အိမ်ကို လူသစ်တွေ ပြောင်းလာတယ်တော့်"


မနေ့ကမှ ပြောင်းလာသော လူကြီးကို ရပ်ကွက်ထဲက လူ တော်တော်များများက စိတ်ဝင်တစားနှင့် အထင်ကြီးကြသည်။

သည်ထဲမှာ ခွေးနီတို့ ကလေးအုပ်စုက အရှေ့ဆုံးက ပါသည်။

လူကြီး၏ ပုံသဏ္ဌာန်သည် ကိုယ်လုံးကိုယ်ထည် ပြည့်ဖြိုး၍ ဗိုက်အနည်းငယ် စူသည်။ အရပ် မြင့်မြင့်နှင့် တိုက်ပုံအကျႌ အမြဲဝတ်လေ့ ရှိသော လူကြီးမှာ မျက်မှန် ထူထူကြီးလည်း တပ်ထားရသေး၏။ နောက်စေ့ ပတ်လည်၌သာ ဆံပင်ပါးပါး ရှိပြီး ငယ်ထိပ် ပြောင်နေသော လူကြီး၏ အသွင်ကို ဦးနှောက်ကို အသုံးပြုဖန် များလွန်းသဖြင့် ပြောင်းလဲလာသော ပညာရှိ ဦးခေါင်းဟု ခွေးနီတို့ အချင်းချင်း ငြင်းနေကြ၏။

သည်လို ဦးခေါင်းမျိုး ခွေးနီတို့ လမ်းထိပ်မှ စာရေးဆရာကြီး ထံမှာလည်း ရှိလေသည်။ သို့သော် ထို စာရေးဆရာကြီးကား ဆင်းရဲ၏။

မျက်နှာထား တင်တင်းနှင့် လူကြီး ရင်ဘတ်ပေါ်တွင် ဌာနဆိုင်ရာ တံဆိပ်တစ်ခု အမြဲ တပ်ဆင်ထားသဖြင့် အိမ်နီးချင်းများက သည်လူကြီးကို ယင်းဌာနမှ ခေသူ မဟုတ်ကြောင်း အတပ် တွေးထားကြသည်။

သည်ဒေသသည် ရိုးရိုးသားသားနှင့် စည်းစည်းလုံးလုံး နေကြသော မိသားစု ဆန်သည့် ရပ်ကွက်ကလေး ဖြစ်သည်။ လူကြီး ဦးရေထက် ကလေးဦးရေက ပိုများပြီး လမ်းထဲက ကလေးဗိုလ်မှာ ခွေးနီ ဖြစ်သည်။

သူတို့ အုပ်စုသည် အဆော့သန်၏။ အတတ်ဆန်း၏။ စပ်လည်း စပ်စုသည်။ တစ်ရပ်ကွက်လုံးက စိတ်ဝင်စားနေသော သည်လူကြီး၏ သတင်း တစ်စွန်းတစ်စကို သယ်လာ တတ်သူမှာလည်း သူတို့ အုပ်စုပင် ဖြစ်သည်။

သူတို့ အုပ်စုသည် သာမန် ကလေးများ ကစားလေ့ ရှိသော ကုလားမစည်း၊ ညောင်ပင်တစ္ဆေ၊ ခွက်ခေါက်တမ်း၊ ဂျင်ပေါက်တမ်း၊ စိန်ပြေးတမ်းတို့ မှ ခွဲထွက်ကာ ပုံပြောတမ်း၊ ရုပ်ရှင်ရိုက်တမ်း၊ စကိတ်စီးတမ်း၊ ရုပ်မြင်ကြော်ငြာတမ်း၊ စတိတ်ရှိုးကတမ်း စသဖြင့် အဆန်းထွင် ကစားလေ့ ရှိကြ၏။

သည်လူကြီး အိမ်နှင့် ခွေးနီတို့ အိမ်သည် ရပ်ကွက် အတွင်းမှ အခြားအိမ်များ လိုပင် အလွန် နီးကပ်ပြီး ခြံစည်းရိုး ခတ်ထားခြင်း မရှိသောကြောင့် စကားကျယ်ကျယ် ပြောလျှင် အတိုင်းသား ကြားရ၏။

ခွေးနီတို့ အိမ်ခေါင်းရင်းတွင် ကလေးများ ညဘက် စုပြုံ၍ ကစားကြလျှင် ခြေတံရှည်သော လူကြီး၏ အိမ်ခြေရင်းဘက်သို့ ရောက်နေတတ် ကြသည်။

သူစိမ်း ရပ်ကွက်တွင် လာနေသော်လည်း ခပ်တည်တည်နှင့် အမြဲလို ရင်ကော့ကာ စိမ်းကား မောက်မာသယောင် ရှိသော သည်လူကြီးကို အရိုးခံ ရပ်ကွက်သူ ရပ်ကွက်သားများက ကြောက်ပဲ ကြောက်ရတော့ မလိုလို၊ မျက်နှာချိုပဲ သွေးရတော့ မလိုလိုနှင့် ဘာမှန်းမသိ စိတ်ဝင်စား နေကြသည်မှာ ဆန်းတော့ ဆန်း၏။

ပညာတတ် သားသမီးများ မွေးထားကြသော မိဘတွေမှာ သည်လူကြီးနှင့် ရင်းနှီးခင်မင်ခွင့် ရရန် အခွင့်ကောင်း စောင့်နေကြ၏။ သည်လူကြီး၏ စောင်မ ကြည့်ရှုမှုဖြင့် မိမိတို့ သားသမီးများ အလုပ်အကိုင် နေရာကျရေးကို စိတ်ကူးဖြင့် ပုံဖော်ကြည့်ကြ၏။ ထိုအထဲတွင် ခွေးနီ အမေလည်း ပါသည်။

ထို့ကြောင့် ရပ်ကွက်ထဲမှ အိမ်ရှင်မများသည် မနက် ဈေးသွားချိန်တွင် လူကြီးမိန်းမနှင့် ဆုံအောင် တမင် ဖန်တီးသည်။ ပြုံးပြ နှုတ်ဆက်၍ စကားစမြည် ပြောဖြစ်အောင် ကြိုးစားသည်။

ထိုအခါ လူကြီးမိန်းမ၏ သူ့ခင်ပွန်းအပေါ် ခေါ်ဝေါ် သုံးစွဲသည့် နာမ်စားကို သူတို့ အနည်းငယ် အံ့ဩရ၏။ ထိုမိန်းမသည် သူ့ယောက်ျားကို ‘လူကြီး’ ဟုပင် ခေါ်၏။

"လူကြီးက သိပ်အလုပ်များတာ၊ သူ့အတွက် ထမင်းချိုင့် မီအောင် ပြေးလိုက်ဦးမယ်နော်"

ဆိုပြီး စကားဖြတ်ကာ သုတ်ခြေတင်၏။ ဒီတော့ အနီးစပ်ဆုံး သတင်းပေး တစ်ယောက် ဖြစ်သည့် ခွေးနီထံက သတင်းသာ သူတို့ စောင့်နားထောင် ကြရ၏။

ခွေးနီသည် လူကြီးအိမ်မှ ပြောစကားများကို အတိုင်းသား ကြားရသဖြင့် …

"ဒီနေ့ အစည်းအဝေး ရှိတယ်၊ အစောကြီး သွားရမယ်"

ဆိုတာမျိုး ကြားလျှင် …

"ဒီနေ့ ဘဘလူကြီး အစည်းအဝေး ရှိလို့ တဲ့" ဟူ၍ လည်းကောင်း ...

"ဟူး … ဒီနေ့ ပင်ပန်း လိုက်တာကွာ၊ တစ်နေကုန် နားရတယ်ပဲ မရှိဘူး၊ တာဝန်ခံရော အထက်လူကြီးရော ခွင့်ယူထားတော့ အရာရာ ငါ့ခေါင်းပေါ်မှာ ချည်းပဲ၊ ပင်စင်ရင်လဲ မြန်မြန် ရပါမှ၊ နို့မဟုတ်ရင်တော့ မလွယ်ဘူး"

ဆိုသည့်အခါ ခွေးနီက ထုံးစံအတိုင်း …

"လူကြီးဘဘက အလုပ်တွေ ပင်ပန်းလွန်းလို့ ပင်စင် ယူချင်လှပြီတဲ့"

ဟု လူကြီးနှင့် ဘဘကို ရှေ့နောက် ထားချင်သလို ထားပြီး ပြောကာ သတင်း ဖြန့်ချိလျက် ရှိသည်။ ခွေးနီမှာ ထိုသို့ သတင်းဦး သတင်းထူးလေးများ ပြောပြရသည် ကိုပင် အရသာ ရှိနေပြီး ဂုဏ်ယူ နေတတ်သည်။

လူကြီး၏ အနေအထိုင်၊ အပြောအဆို၊ ဝတ်စား ဆင်ယင်မှုနှင့် ဥပဓိရုပ်သာ အဆင့်မြင့်ပြီး ခံ့ညားနေသည် မဟုတ်။ လူကြီး မိသားစု၏ စားဝတ်နေရေး သည်လည်း ခွေးနီတို့ လမ်းမိသားစုနှင့် အရာရာ သာသည်။

တိုက်ပုံဝတ် လူတန်းစားချင်း အတူတူ ရပ်ကွက်ထဲမှ ကျောင်းအုပ် ဆရာကြီး၏ တိုက်ပုံအကျႌသည် အမြဲတမ်း နွမ်းဖတ် နေတတ်ပြီး လူကြီးမိန်းမနှင့် ရွယ်တူဖြစ်သော ခွေးနီ သူငယ်ချင်း မိအေးတို့၏ အမေ ဌာနခွဲ စာရေးကြီး ကတော်မှာ လူကြီးမိန်းမလို လက်ကောက်တွေ၊ ဆွဲကြိုးတွေ မရှိ။

လူကြီး၏ သားသမီးတွေ တစ်ခါတစ်ရံ ကလေး စက်ဘီးကလေးကို ချစီး နေသောအခါ ခွေးနီတို့ အုပ်စု မယောင်မလည်နှင့် အနားကပ်ပြီး ရယ်ကျဲကျဲလေးတွေ လုပ်ကာ ငေးကြည့်မိကြ၏။ ထိုအခါ လူကြီး၏ သားသမီးများ ပီသစွာ မသိသလိုလိုနှင့် မျက်နှာလေးတွေ ချီ၍ နေကြသဖြင့် မချိ မခံသာ ဖြစ်ရပြန်သည်။

ဒီလူကြီး၏ အလုပ်အကိုင်နှင့် ရာထူးကို အမျိုးမျိုး ထင်ကြေး ပေးနေကြသော အမေများကို ခွေးနီတို့ အုပ်စုက သတင်းမှန်ကို စုံစမ်းပြီး အတိအကျ သတင်းပေးချင်ကြ၏။ ထို့ကြောင့် ညဘက် ကစားချိန်တိုင်း ခွေးနီတို့ ခေါင်းရင်းတွင် အားလုံးစုကာ ပုံပြောတမ်း ကစားရင်း လူကြီးအိမ်၏ လှုပ်ရှားမှုများကို တစေ့တစောင်း အကဲခတ်ကြ၏။ သို့နှင့် တစ်နေ့တွင် ထူးခြားသော သတင်းတစ်ရပ်ကို သူတို့ ဖြန့်ချိခွင့် ရလိုက်ကြသည်။

"လူကြီးက အရေးကြီးတဲ့ ကိစ္စတစ်ခုကို ဟောရ ပြောရမယ်တဲ့ ..."
"အဲဒီလို သူ ပြောတော့ မပြောချင်ဘူးတဲ့၊ ဒါပေမယ့် တာဝန်ဟာ တာဝန်ပဲတဲ့"

ခွေးနီက ခေါင်းဆောင်ပြီး တစ်ယောက်တစ်ပေါက် အလုအယက် သတင်းပေးကြသော အသံများကို နားထောင်ရင်း လူကြီးတွေ အကြောင်းအရာ တစ်ခုနှင့် တစ်ခု ဆက်စပ်ကြည့် နေကြသည်။

"နောက်ပြီး လူကြီးက စကားပြောတဲ့ အခါ လိုရင်းကို ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ပြောတတ်ဖို့ လိုတယ်တဲ့"
"အင်း … ဟုတ်တာပေါ့"

ခွေးနီ အမေက ထောက်ခံရင်း စကားပြောခုံ တစ်ခုမှာ ခန့်ခန့်ညားညားကြီး ရပ်ပြီး မိန့်ခွန်း ပြောနေသော လူကြီးကို မြင်ယောင်သည်။

"အဲဒီလို လိုရင်း တိုရှင်းကို အထစ်အငေါ့ မရှိဘဲ ပြောနိုင်ဖို့ အတွက် သေသေချာချာ လေ့ကျင့်ရမယ်တဲ့"
"ဪ … သိပ်အရေးကြီးလို့ နေမှာပေါ့"
"အဲဒါ ပထမ စာနဲ့ ရေးချရမယ်တဲ့၊ စာကိုဖတ်ပြီး ပြောနေတာထက် အသံနေ အသံထား မှန်မှန်နဲ့ လက်တန်း ပြောတာက လူစိတ်ဝင်စားစရာ ကောင်းတာမို့ အဲဒါကို အလွတ်ကျက် ရမယ်တဲ့"
"တီဗွီတွေ ဘာတွေ ရိုက်မှာမို့ နေမှာပေါ့၊ ဘာတွေ ပြောမလဲ သိချင်လိုက်တာ"
"အဲဒါ လူကြီးမိန်းမက ဒီအိမ်မှာ လေ့ကျင့်ပေါ့တဲ့၊ သူက စာရွက် ကြည့်ပေးမယ်။ အလွတ်ရအောင် ကျက်တဲ့"
"ဘယ် ဘယ်တော့ ပြောမှာမို့လဲ"
"မနက်ဖြန် ပြောမှာ၊ ဒီည လူကြီး စကားပြော ကျင့်မလို့တဲ့၊ သူ့မိန်းမနဲ့ ပြောနေတယ်"
"ဟုတ်လား၊ သွား နားထောင်ထားနော်၊ ပြီးတော့ ပြန်ပြောပြ၊ တို့က တီဗွီရှိတာ မဟုတ်ဘူး။ လူကြီး ဖြစ်ရတာ ဘယ်လောက် အားကျစရာ ကောင်းထားလဲ၊ မင်းတို့လည်း ပညာတတ်ကြီးတွေ ဖြစ်အောင် လုပ်ကြနော်"

အမေတွေ မချင့်မရဲနှင့် စိတ်ဝင်တစား အားကျနေစဉ် လမ်းထဲတွင်လည်း တစ်ယောက်နှင့် တစ်ယောက် လက်တို့ပြီး …

"မနက်ဖြန် လူကြီး အရေးကြီးတဲ့ စကား ပြောစရာ ရှိလို့တဲ့၊ အိမ်မှာ စကားပြောတောင် ကျင့်နေပြီတဲ့"

ဟူသော တီးတိုးသံတွေ ဟိုနား သည်နား ဆူညံ နေတော့၏။

ညဘက်တွင် ခွေးနီတို့အုပ်စု လူကြီး၏အိမ် အောက်နားတွင် ထိုင်ပြီး ပုံပြောကြရင်း ကလေးတွေ တစ်စတစ်စ များလာ၏။

ခဏအကြာ လူကြီး စကားပြော နေသော အချိန်တွင်တော့ သူတို့ ငြိမ်ပြီး နားထောင် နေကြ၏။ အောင်မြင် ပြတ်သားသော အသံနေ အသံထားဖြင့် သူ ပြောရမည့် စကားလုံးများကို အထစ်အငေါ့ မရှိအောင် အခေါက်ခေါက် အခါခါ ကျင့်နေသော လူကြီး၏ အသံကို နားထောင်ရင်း သူတို့ တစ်တွေပါ နှုတ်ခမ်းကလေးတွေ တလှုပ်လှုပ် တရွရွနှင့် လိုက်ရွတ်ကြရင်းက အလွတ်ရကုန်၏။ သို့သော် အသံထွက်၍ မရွတ်ရဲ။ ဘဘလူကြီး ဆင်းရိုက်မှာ ကြောက်ကြ၏။

တကယ်တော့ သည်စကားလုံးတွေကို သူတို့လည်း အသံနေ အသံထားဖြင့် မာန်ပါပါ ရွတ်ဆိုချင်ကြ၏။

ထို့ကြောင့် နောက်တစ်နေ့ မနက်တွင် သည်သတင်းကို ရပ်ကွက်အတွင်း ဖြန့်ချိပြီး ဖြစ်အောင် သူတို့ ဆန္ဒလည်း ပြည့်ဝအောင် ကစားနည်း တစ်မျိုး ဆန်းသစ်၍ ခွေးနီ ခေါင်းဆောင်ကာ ကလေးများ အားလုံး စုရုံးလိုက်ကြသည်။

ထို့နောက် လူကြီးလုပ်သလို သတင်းစာလိပ်ကြီးကို ပါးစပ်မှာ တေ့၍ လမ်းထဲ၌ လှည့်လည် လျှောက်အော်တော့၏။

"ဈေးသူ ဈေးသားများ ခင်ဗျား၊ ဈေးသူ ဈေးသားများ ခင်ဗျား၊ မိမိတို့ ဆိုင်အကျယ်အဝန်းထက် ပိုမို ကျော်လွန်၍ ပစ္စည်းကို စုပုံခြင်း၊ ဖြန့်ခင်းခြင်း၊ ချိတ်ဆွဲခြင်းများ မပြုလုပ်ကြရန် မေတ္တာ ရပ်ခံပါသည် ခင်ဗျား၊ အကယ်၍ လိုက်နာခြင်း မရှိခဲ့ပါက ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း သတိပေး နှိုးဆော်အပ်ပါသည် ခင်ဗျား …"

အရပ်ထဲမှ လူများ အားလုံးသည် မထင်မှတ်သော လူကြီး၏ ရာထူးကြောင့် လည်းကောင်း၊ ထိန်းမနိုင် သိမ်းမရတော့သော ကလေးများ၏ တစ်ယောက်တစ်ပေါက် လုယက် အော်ဟစ် နေသံများကြောင့် လည်းကောင်း အားနာပြီး အိမ်ထဲမှ မထွက်ရဲဘဲ ဖြစ်ကုန်ကြ၏။

"ဈေးသူ ဈေးသားများ ခင်ဗျား"

ကလေးတွေကတော့ လမ်းမပေါ်မှာ အော်ဟစ်နေ ပျော်နေဆဲ …

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60918.56
ETH 2919.11
USDT 1.00
SBD 3.56