Should Care! No No Must Care!
နေမကောင်း ဖြစ်လိုက်တာ စာမရေး ဖြစ်လိုက်ပေ။ ကျန်းမာရေးက ယခင်တုန်းကလိုမျိုး မဟုတ်တော့ပေ။ ကျနော် သတိထားမိသလောက် ယခင် နေမကောင်းဖြစ်လျှင်တောင် ဆေးသောက်ရုံ၊ ထိုမှ မရလျှင် ဆေး တချောင်းထိုးရုံနှင့် သက်သာ၏။ ယခုတော့ ထိုသို့ မဟုတ်ပေ။ ဆေး (၂) ခါ ထိုးမှ သက်သာ၏။ ပျောက်၏။ ရှေ့ တခါဖျားတုန်းကနှင့် ယခု တခါ ဖျားနာခြင်းက သက်သေပင် ဖြစ်၏။ (၂) ကြိမ် တိတိ ဆေး (၂) ခေါက် ထိုးနေရ၏။ ကျနော်၏ ကိုယ်ခံအားကြောင့်လော၊ အသက် အရွယ်ကြောင့်လော မေးစရာ ရှိလာ၏။
ကျနော်လည်း ကိုယ့်ကို ပြန်တွေးမိ၊ စဉ်းစားမိ၏။ ယခင်က တနှစ်ကို တကြိမ်လောက်သာ ဖျားလေ့ ရှိသည့် ကျနော်သည် ယခုအခါမှာ တော့ ထိုသို့ မဟုတ်တော့ပေ။ နည်းနည်းလေး အခန့်မသင့်လိုက်သည်နှင့် ဖျားတော့၏။ သူငယ်ချင်းများကတော့ သိသည့်အတိုင်း ခမဲလိုနေပြီ ဆိုပြီး စလေ့ ရှိ၏။ ပြောလို့လည်း ပြောသည် မဟုတ်၊ ဒီနှစ်ထဲမှာကို ကျနော့် ကျန်းမာရေးက မေးခွန်းထုတ်စရာ၊ စဉ်းစား စရာပင်။ အသက်အားဖြင့် (၃၀) ကျော် အရွယ်၊ ထိုအရွယ်လောက်လေးနှင့် ယခုလိုမျိုး မကြာခဏ ဖျားနေခြင်းသည် သဘာဝ မကျလှပေ။
တလောက အချိန်ပိုင်း အလုပ်တခု၏ လိုအပ်ချက်အရ၊ ကျနော် ဆေးသွားစစ်လိုက်သေး၏။ ကျနော့်တွင် ဘာမှ ကြီးကြီးမားမား ရောဂါ မရှိပေ။ အားလုံး အိုကေ၏။ သေချာတာ တခုကတော့ ကျနော်၏ ကိုယ်ခံအား ဖြစ်မည် ထင်၏။ နေထိုင်မှု ပုံစံက ကျနော့် ခံနိုင်ရည်အားကို ပြောင်းလဲ သွားစေ၊ လျော့နည်း သွားစေခြင်း ဖြစ်မည် ထင်၏။ (၃၀) ကျော်လာသည့် နောက်ပိုင်း ကျနော်၏ နေထိုင်မှု ပုံစံကို ပြန်စမ်းစစ်ကြည့်ဖို့ လို၏။
photo from Google
အအိပ် မှန်လားဆိုလျှင် မမှန်၊ အစား မှန်လား ဆိုလျှင် မမှန်ပေ။ အမေပြောလည်း ပြောချင်စရာ တကယ့်ကို အနေ အထိုင် မမှန်နေခဲ့ခြင်း ဖြစ်၏။ ကျနော်ကလည်း ယခင်တုန်းကလိုပဲ ပေကပ်ကပ် ခေါင်းမာမာနှင့်ပဲ မလား။ သို့ပေမယ့် ခံနိုင်ရည်အားကတော့ ယခင်လို ပေကပ်ကပ် မဖြစ်တော့ပေ။ လျော့ရဲလာပြီ မလား။ ပြန်လည် ပြန်ဆင်ရမည့် အချက်ထဲမှာ အဓိက ပြင်ဆင်ရမည့် အချက်က ကျနော်၏ နေထိုင်မှု ပုံစံပင် ဖြစ်၏။ အနေ အထိုင်မှန်မှ ခံနိုင်ရည်အား တက်လာ၊ ကောင်းလာမည် မလား။ သို့မှ ရောဂါဘယများကိုလည်း အထိုက်အလျောက် ခံနိုင်ရည် ရှိလာမည် မလား။
Futsal ကန်နေပေမယ့် အစားအသောက် အနေအထိုင်ကို ဂရုမစိုက်တော့ အားကစားကပါ လူကို ရောပြီး ဒုက္ခပေးလိုက်သလို ဖြစ်သွား၏။ နေမကောင်း ဖြစ်နေသည့် အချိန်မှာ ထိုဘောလုံးကန်ခဲ့သည့် ဒဏ်များကပါ ကောင်းကောင်းကြီး ပြတော့၏။ ကိုက်ပြ၊ ခဲပြတော့၏။ သာမန် ဖျားနာခြင်း ထက်ကို ပိုပြီး ကိုက်၏၊ ခဲ၏။ ထားပါလေ ဖျားနာခြင်း အကြောင်းကို ပြောနေလျှင် ပြီးတော့မည် မဟုတ်ပေ။ နောက်ထပ် မဖျားအောင် ဘယ်လိုနေထိုင်ရမည်က ပိုပြီး အရေးကြီးသည် မဟုတ်လား။ ထိုသို့မဟုတ်လျှင် အလုပ်ပျက်၊ အကိုင်ပျက်၊ စာရေးပျက် လှ၏။
Don Jaun
MSC 31
အဲ့လောက်ကိုက်တဲ့ဟာ ပြန်ကိုက်ပစ်လိုက်ဗျာ ဒါနဲ့ အလံတွေ နဲ့ ပြေလည်သွားပြီလားဟင် ။
ပြေလည်သွားပြီ။
ကျန်းမာရေး ဂရုစိုက်ပါဗျာ